www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 13, 2016

ပုဂံရှေးဟောင်းစေတီများ အနက် အရေးပေါ်ပြုပြင်ရန် လိုအပ်သည့် စေတီ ၃၈၉ ဆူကို ဦးစားပေးအဆင့်သုံးဆင့် ခွဲ၍ ပြုပြင်လျက်ရှိ



ညောင်ဦး ၊ ၁၃-၁၀-၂၀၁၆

ညောင်ဦးမြို့နယ် ၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံရှေးဟောင်း စေတီ ၊ ပုထိုးများနှင့် သာသနိက အဆောက်အအုံ များကို ထိန်းသိမ်းပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက် လျက် ရှိရာ အရေးပေါ် ပြုပြင်ရန် လိုအပ်သော စေတီ ၃၈၉ ဆူကို ဦးစားပေး အဆင့်သုံးဆင့် ခွဲ၍ ပြုပြင် ထိန်းသိမ်းလျက် ရှိကြောင်း ရှေးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက်ဦးစီး ဌာန (ပုဂံရုံးခွဲ) မှ သိရသည်။

ပျက်စီးမှုများကို ပြန်လည် ပြုပြင်ရာတွင် နိုင်ငံတကာ ပညာရှင်များ၏ အကြံပြုချက် များကို အလေးထား ဆောင်ရွက် သွားမည်ဖြစ်ပြီး ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် နိုင်ရေးအတွက် အခက်အခဲများဖြင့် မကြုံတွေ့ရ စေရန် သက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များနှင့် ညှိနှိုင်းဆွေးနွေး လုပ်ဆောင် သွားမည် ဖြစ်သည်။

အထူးသဖြင့် လက်ရှိတွင် ထိခိုက်မှုများ ဆိုးဆိုးရွားရွား ဆက်လက် မဖြစ်စေရန် အမိုးအကာများ ပြုလုပ်ထားခြင်း ၊ အန္တရာယ် ဖြစ်စေနိုင်သည့် စေတီ အတွင်း၌ ခရီးသွား ဧည့်သည်များ ၀င်ရောက် လေ့လာမှုကို ယာယီ ပိတ်ထားခြင်းများ ပြုလုပ်လျက် ရှိပြီး အမှန်တကယ် ပြုပြင်ထိန်းသိမ်း ရန် လိုအပ်သည့် စေတီ ၃၈၉ ဆူကို ပထမ ၊ ဒုတိယ ၊ တတိယ အဆင့်သုံးဆင့် ခွဲခြားကာ ထိန်းသိမ်းလျက် ရှိသည်။

" အရေးပေါ် ပြုပြင်ရန် လိုအပ်တဲ့ စေတီ ၃၈၉ ဆူကို အဆင့်သုံးဆင့် ခွဲခြားပြီး ပြုပြင်သွား မှာပါ။ ပထမဦးစားပေး အဆင့်အနေနဲ့ ၃၆ ဆူ ၊ ဒုတိယ ဦးစားပေး အဆင့်အနေနဲ့ ၅၃ ဆူ ၊ တတိယ ဦးစားပေး အဆင့် အနေနဲ့ အဆူ ၃၀၀ ကို ရှေးမူမပျက် သက်ဆိုင်ရာ ပညာရှင်တွေနဲ့ ညှိနှိုင်း ဆောင်ရွက် နေပါတယ် " ဟု ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံရုံးခွဲ) မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော် က ပြောပြသည်။

ယခုနှစ် သြဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ ပျက်စီးခဲ့သည့် စေတီပေါင်းမှာ ၄၂၅ ဆူဖြစ်ပြီး ၄င်းစေတီများ အနက် ရှေးမူလက်ရာများ ပျောက်ပျက်ပြီး ပုံသဏ္ဍာန် ပျက်စီးသည့် အမှန်တကယ် ပြုပြင် ထိန်းသိမ်းရန် လိုအပ်သည့် စေတီ ၃၈၉ ဆူကိုသာ အရေးပေါ် ပြုပြင်ထိန်းသိမ်း သွားမည် ဖြစ်ကြောင်း သိရသည်။ (၁၈၇)

မြ၀တီနေ့စဉ် 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger