www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 12, 2016

ကင်ဆာရောဂါအပေါ် ဘာကြောင့် အနိုင်မယူနိုင်သလဲ


ကင်ဆာရောဂါအပေါ် ဘာကြောင့် အနိုင်မယူနိုင်သလဲ

ဒေါက်တာ လွှမ်းမိုးဟန်

ကင်ဆာရောဂါ တစ်ခုချင်း အတွက် မဟုတ်ဘဲ ကင်ဆာရောဂါ အားလုံးအတွက် သည်ကနေ့ ကင်ဆာရောဂါ ကို ကုသနိုင်တဲ့ ဆေးတွေ၊ သုတေသနတွေ အများကြီး ထွက်ပေါ် နေရက်နဲ့ ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်းတွေ တရိပ်ရိပ် တက်နေတယ်လို့ သိရပါတယ်။ ကင်ဆာရောဂါ ကို တိုက်ဖျက်နိုင်ဖို့ အမျိုးမျိုး အဖုံဖုံ ကြိုးစားနေရင်းက ဘာကြောင့် သည်လို ဖြစ်နေရပါ သလဲ။ နိုင်ငံတကာ မှာလည်း ကင်ဆာ ဆရာဝန်တွေကို သူတို့လူနာ တွေက သည်လို မေးကြ  လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် တို့ တိုင်းပြည် တစ်ပြည်တည်း မဟုတ်ဘဲ ကမ္ဘာအရပ်ရပ် ဘာကြောင့် သည်လို ဖြစ်နေရတာလဲ ဆိုတာ မြဝတီ သတင်းစာ စာဖတ် ပရိသတ်ကို ပြောပြချင် ပါတယ်။

ဒီအချက်ဟာ စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက်ပါပဲ။ လူနာတွေမှ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကင်ဆာ ဆရာဝန်တွေ ကိုယ်တိုင်လည်း ဒီပြဿနာ အကြောင်းရင်း ကို အမြဲလေ့လာ နေကြတာပါ။ GLOBOCAN 2012 အမည်ရ အပြည်ပြည်ဆိုင်ရာ အွန်လိုင်း သုတေသန အဖွဲ့တစ်ခုက ထုတ်ပြန်တဲ့ စာရင်းဇယား များအရ ၂ဝ၁၂ ခုနှစ်အတွင်း ကင်ဆာလူနာသစ် ၁၄ သန်းရှိပြီး ရှစ်သန်း ကျော်ဟာ ကင်ဆာကြောင့် သေဆုံးခဲ့ ရပါတယ်။ ၂ဝဝ၈ ခုနှစ်မှာ တုန်းက ကင်ဆာ လူနာသစ် ၁၂ ဒသမ ၇ သန်းရှိခဲ့ပြီး ကင်ဆာလူနာ ၇ ဒသမ ၆သန်း ကွယ်လွန်ခဲ့ကြ ရပါတယ်။ ၂ဝ၂၅ ခုနှစ် ရောက်တဲ့အခါ ကင်ဆာလူနာသစ် ၁၉ ဒသမ ၃ သန်းထိ ရှိလာလိမ့် မယ်လို့ အဲဒီအဖွဲ့က ခန့်မှန်းထား ပါတယ်။

၁၉၇၁ ခုနှစ်မှာ အမေရိကန် သမ္မတ နစ်ဆင် က ကင်ဆာရောဂါ အပေါ် စစ်ကြေညာ ခဲ့ပါတယ်။ ခုဆိုရင် နှစ် ၄ဝ ကျော် တောင်ကြာခဲ့ပြီ။ အမေရိကန် ပြည်ထောင်စု ဟာ ကင်ဆာနဲ့ ဖြစ်ရတဲ့ စစ်ပွဲမှာ မနိုင်သေးပါ။ ကျွန်တော် တို့လူသား မျိုးနွယ် တစ်ရပ်လုံးလည်း ကင်ဆာနဲ့ ပတ်သက် လာရင် အောင်မြင်တဲ့ အနေအထား မရှိသေးပါ။ ကင်ဆာ ရောဂါကို မနိုင်ရတဲ့ အကြောင်း အချက်တွေ အများကြီး ထဲက အဓိက အကြောင်းရင်းကြီး သုံးချက်ကိုဖောက်သည် ချပါရစေ။ 

နံပတ်(၁) အချက်ကတော့ ကင်ဆာရောဂါ ကာကွယ်ရေးမှာ မအောင်မြင် သေးတာပါ။ ကင်ဆာကို အောင်မြင်စွာ ကာကွယ်နိုင်မယ် ဆိုရင် ကင်ဆာ ရောဂါကြီး တစ်ခုလုံး ကိုလည်း အောင်နိုင် တာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ကင်ဆာရောဂါ အားလုံးရဲ့ သုံးပုံတစ်ပုံ ကနေ ထက်ဝက် ခန့် အထိဟာ မဖြစ်အောင် ကြိုတင် ကာကွယ်လို့ ရတဲ့ ကင်ဆာတွေ ဖြစ်နေလို့ပါ။ သည်လို သိနေသော် လည်းပဲ ကင်ဆာရောဂါ ကို ကျွန်တော်တို့ ထိရောက်စွာ မကာကွယ် နိုင်သေးပါဘူး။

ဥပမာပြရရင် Second-hand smoke ခေါ်တဲ့ ဆေးလိပ် မသောက်တတ် သော်လည်း ဆေးလိပ်ငွေ့ ရှူနေကြရသူ များမှာ အဆုတ်ကင်ဆာ ဖြစ်ကြရတဲ့ ဒုက္ခ။ လူမြင်ကွင်းမှာ ဆေးလိပ် မသောက်ဖို့၊ အိမ်ထဲမှာ ဖခင်တွေ ဆေးလိပ်မသောက်ဖို့၊ ဆေးလိပ်ကို လုံးဝ မသောက်ဖို့ ကျွန်တော် တို့ ဘယ်လောက် အောင်မြင်စွာ စည်းရုံးနိုင် လို့လဲ။ အမှန်တော့ ဆေးလိပ်ကို ရှောင်ကြဉ်ခြင်း ရဲ့ အကျိုးကျေးဇူး ဟာ ကင်ဆာ တိုက်ဖျက်ရေး တစ်ခုတည်း တင်မကဘူး။ နှလုံးသွေးကြော ရောဂါနဲ့ တခြားရောဂါ အများကြီး အပေါ်မှာ ရှိနေတာပါ။ 

ဟုတ်ပြီ။ ကင်ဆာ ကာကွယ်တာ ကတော့ ဟုတ်ပါပြီ။ ကင်ဆာ ဖြစ်လာပြီ ဆိုရင်ရော စောစော သိကြရဲ့လား။ ကောင်းကောင်း ရော ကုနိုင်ကြပါရဲ့လား။ ဒါက နံပါတ် (၂) အချက်ပေါ့။ ဥပမာ တစ်ခုပြရရင် ရင်သားကင်ဆာ ဟာ ဖွံ့ဖြိုးပြီး ချမ်းသာတဲ့နိုင်ငံတွေမှာ ပိုပြီးတော့ အဖြစ်များ လာတယ်။ သို့ပေမယ့် ရင်သားကင်ဆာ ကြောင့် သေဆုံးရမှု နှုန်းဟာ ဆင်းရဲတဲ့ တိုင်းပြည်တွေမှာ ပိုများ နေတုန်းပဲ။ အဓိကအကြောင်းရင်း ကတော့ ရောဂါကို နောက်ကျမှ သိရတာရယ်။ ထိထိ ရောက်ရောက် မကုသ နိုင်တာရယ် ကြောင့်ပါ။ သည်လို ကုသနိုင်ဖို့ ဆိုတာ မှတ်တမ်း မှတ်ရာ စာရင်းဇယား သတ်သတ်မှတ်မှတ် ရှိရမယ်။ ဖွံ့ဖြိုးမှု နည်းပါး တဲ့ တိုင်းပြည် တွေမှာ တစ်တိုင်းပြည်လုံး လွှမ်းခြုံတဲ့ ကင်ဆာလူနာ မှတ်ပုံတင် စာရင်းဆိုတာ မရှိဘူး။ ဘယ် ကင်ဆာဖြစ်ရင် ဘယ်ဆေးနဲ့ အရင်ဆုံး ကုသရမယ်။ လူနာတိုင်းဟာ သည်ဆေးကို  တော့ဖြင့် အနည်းဆုံး ရသင့်တယ်။ သည်လို စည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက် တွေ ဆင်းရဲတဲ့ တိုင်းပြည်တွေမှာ မရှိပါဘူး။ ဒီတော့ ကင်ဆာကို တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း ကုနေကြ တာပါပဲ။ သည်ကြားထဲ ကောက်ရိုးစ တစ်မျှင်လို အားကိုးတကြီး ဆွဲယူပါတယ် ဆိုမှ အလိမ် အညာ ဖြစ်နေတဲ့ ဆေးဝါးအတု တွေကလည်း ရှိနေပါ သေးတယ်။ မရှိလို့ မသိတာဘဲ ခေါ်မလား။ မသိလို့ မရှိ တာဘဲ ခေါ်ရမလား။ ဝင်ငွေနိမ့်ပါးရင် ပညာရည် နိမ့်ကျတယ်။ ပညာရည် နိမ့်ပါးရင် ဝင်ငွေနည်းတယ်။ သည်လိုနဲ့ မုန့်လုံးစက္ကူကပ် ဆိုသလို မသေသင့်ဘဲ သေဆုံး နေကြရတဲ့ ဖြစ်စဉ်တွေ ဟာလည်း ကင်ဆာလူနာ များမှာ ဖြစ်နေ ကြဆဲပါ။

နောက်ဆုံး နံပါတ်(၃) အချက်ကတော့ အရေးကြီါ် ပါတယ်။ ကင်ဆာကို ကြိုတင်ကာကွယ် နိုင်လောက် အောင် လူတွေရဲ့အသိဉာဏ် ပညာလည်း မြင့်မားတယ်။ ကင်ဆာကို ကြိုတင်ဖော်ထုတ် နိုင်မယ့် နည်းလမ်းတွေ ကိုလည်း သုံးနိုင်တယ်။ သိသိချင်းလည်း ကုသနိုင် ပါတယ်ဆိုတဲ့ နိုင်ငံကြီးတွေ မှာရော ကင်ဆာဖြစ်နှုန်း၊ သေနှုန်းက လျော့ကျသွား လို့လား။ သည်လို မေးစရာ ရှိလာပါတယ်။ အဖြေကတော့ ကင်ဆာဟာ အဆင့်လွန် သွားရင် အလွန်ဆိုး ဝါးတဲ့ ကင်ဆာ အမျိုးအစားတွေ ဖြစ်နေရင်တော့ ပျောက်ကင်းအောင် မကုသနိုင် ဆိုတာပါပဲ။

သို့ပေမယ့် Magic Bullets လို့ တင်စားကြတဲ့ Targeted ကုထုံးတွေ ပေါ်ပေါက်လာပြီး နောက်ပိုင်း မှာတော့ လုံးဝ ပျောက်ကင်းအောင် ကုနိုင်တဲ့ ကင်ဆာ အမျိုးအစားတွေ ထပ်မံပေါ်ပေါက် လာပါတယ်။ သို့တိုင်အောင် အဆိုပါ Targeted ကင်ဆာဆေး တွေမှာလည်း ရောဂါရဲ့ တုံ့ပြန်မှုက အတိုင်းအတာ တစ်ခုထိပဲ ရှိပါမယ်။ နောက်ပိုင်းမှာ ဆေးမတိုးတော့ တာတွေလည်း ဖြစ်နိုင်ပါကြောင်း တင်ပြ လိုက်ပါတယ်။

မြ၀တီနေ့စဉ် ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger