www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 12, 2016

ရွှေ့ပြောင်း ၀င်ရောက်လာသူများအား ထိန်းချုပ်နိုင်ရန် မဟာဗျူဟာသစ်တစ်ရပ်ကို အသုံးပြုလာသည့် ဂျာမနီ




( ဇေယျဘုန်း )

နိုင်ငံအတွင်းသို့ ပြည်ပမှ ရွှေ့ပြောင်း ဝင်ရောက်လာသူ များအား ထိန်းချုပ်နိုင်ရန် မဟာဗျူဟာသစ် တစ်ရပ်ကို အသုံးပြုမည်ဟု ဂျာမနီနိုင်ငံက အောက်တိုဘာ ၁ဝ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။

ဂျာမနီအစိုးရ ကျင့်သုံးသွားမည့် မဟာဗျူဟာ သစ်မှာ တခြားမဟုတ်။ ဥရောပသို့ ဝင်ရောက်နိုင်ရန် ရွှေ့ပြောင်း ဝင်ရောက်လာသူ အများအပြား အသုံးပြု နေသည့် နိုင်ဂျာနိုင်ငံ သို့ အထောက်အပံ့ နှင့် ငွေကြေး အကူအညီများ ပေး၍ ဒုက္ခသည် အမည်ခံ ရွှေ့ပြောင်း သူများကို ယင်းနိုင်ငံမှ တစ်ဆင့် တားဆီး ထိန်းချုပ်ရန်ပင် ဖြစ်သည်။ ဂျာမနီ ၀န်ကြီးချုပ် အန်ဂျလာမာကဲလ် အစိုးရ၏ အစီအစဉ် အရ ဂျာမနီနိုင်ငံ သည် နိုင်ဂျာနိုင်ငံ အား အကူအညီ အဖြစ် ယူရို ၂၇ သန်း ထောက်ပံ့ပေးမည် ဖြစ်သည်။

ထို့ပြင် အနောက် အာဖရိက၌ အဆင်းရဲဆုံး နိုင်ငံဖြစ်သည့် နိုင်ဂျာနိုင်ငံ အနေဖြင့် နိုင်ငံအတွင်း ဖြစ်ပွားလျက် ရှိသည့် အကြမ်းဖက် တိုက်ခိုက်မှု များကို တိုက်ဖျက်နှိမ်နင်း နိုင်ရေးအတွက် လာမည့်နှစ် တွင် ယူရို ၁ဝ သန်း တန်ဖိုးရှိ စစ်လက်နက် ပစ္စည်းများကို လက်ခံရရှိမည် ဖြစ်သည်။ ဂျာမနီနိုင်ငံက ပေးအပ်မည့် အကူအညီ များကို အသုံးပြု၍ နိုင်ဂျာ အစိုးရသည် ယင်းနိုင်ငံမှ တစ်ဆင့် ဥရောပသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းသူ များနှင့် လူမှောင်ခိုဂိုဏ်း များကို တားဆီးနှိမ်နင်း သွားမည် ဖြစ်သည်။

ဥရောပ၏ စီးပွားရေး  အင်အားကြီး နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် ဂျာမနီနိုင်ငံ သည် နိုင်ငံ အတွင်းသို့ ရွှေ့ပြောင်းသူ အမြောက်အမြား ဝင်ရောက် လာခြင်းနှင့် ရင်ဆိုင် နေရပြီး နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် ဒေသခံများ နှင့် ရွှေ့ပြောင်း ဝင်ရောက်လာသူ များအကြား ယဉ်ကျေးမှု ကွဲပြားသဖြင့် လူမှုရေး ဆိုင်ရာ ပဋိပက္ခများ ကိုပါ တွေ့ကြုံ နေရပြီ ဖြစ်သည်။

ဂျာမနီအစိုးရ၏ ရက်ရောမှု ရှိသည့် လူဝင်မှုဆိုင်ရာ မူဝါဒကြောင့် နိုင်ငံအတွင်း သို့ ဝင်ရောက်လာသူ ဦးရေမှာ ယခုနှစ် ထုတ်ပြန်ချက် များအရ သိန်းပေါင်း များစွာအထိ မြင့်တက် လာခဲ့ပြီဖြစ်သည်။ ပြီးခဲ့ သည့်နှစ် တစ်နှစ်တည်း မှာပင် ဂျာမနီနိုင်ငံ အတွင်းသို့ ဝင်ရောက်လာသူ ဦးရေမှာ နှစ်သန်း အထိ မြင့်တက်ခဲ့သည်။ ထိုသို့ ဝင်ရောက်လာသူ များအနက် အများစုမှာ ဆီးရီးယား၊ လစ်ဗျားနှင့် တခြားနိုင်ငံ များမှဖြစ်ပြီး ၄င်းတို့သည် ဂျာမနီနိုင်ငံသို့ ရောက်ရှိ လာပြီးနောက် အေးချမ်းစွာ မနေဘဲ ဒေသခံ အမျိုးသမီးများ အပေါ် လိင်ပိုင်း ဆိုင်ရာ ရာဇဝတ်မှု များနှင့် တခြား ခိုးဆိုးလုယက်မှု များကိုပါ ကျူးလွန် လာခဲ့သောကြောင့် ၄င်းတို့အပေါ် ဒေသခံဂျာမနီ ပြည်သူများ၏ ကနဦး ထားရှိသည့် ကရုဏာ သက်မှုများမှာ ပျက်ပြယ်ခဲ့ ရသည်။ ထို့ပြင် ရွှေ့ပြောင်း ဝင်ရောက်လာ သူများကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များ နှင့်စပ်လျဉ်း၍ နိုင်ငံတစ်ဝန်း၌ ဆန္ဒပြမှုများ ကိုပါ လုပ်ဆောင် လာသည်ကို တွေ့ရသည်။

ရွှေ့ပြောင်း ဒုက္ခသည် အမြောက်အမြား ကို နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြု ခဲ့သည့် အစိုးရ၏ မူဝါဒများကြောင့် ဝန်ကြီးချုပ် မာကဲလ် မှာလည်း နိုင်ငံရေးအရ ဖိအားပေးမှု များနှင့် ရင်ဆိုင်ခဲ့ ရသည့်အပြင် ၄င်း၏ ညွန့်ပေါင်း အစိုးရအဖွဲ့ အတွင်းမှ ကန့်ကွက် ဝေဖန်မှု များဖြင့်ပါ တွေ့ကြုံခဲ့ ရသည်။ အဆိုးရွားဆုံးမှာ ၄င်းကို တစိုက်မတ်မတ် ထောက်ခံခဲ့ ကြသည့် ပြည်သူ အများစု၏ ထောက်ခံမှုကို ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ ဂျာမနီပြည်သူ များသည် မအောင်မြင်သည့် အစိုးရ၏ ရွှေ့ပြောင်း ဝင်ရောက်သူများ အရေးဆိုင်ရာ မူဝါဒကြောင့် အစိုးရအပေါ် အားမလို အားမရ ဖြစ်ခဲ့ကြသည်။

ထို့ပြင် အေးချမ်းစွာ တည်ရှိ နေခဲ့သည့် ဂျာမနီနိုင်ငံ၌ ရွှေ့ပြောင်း ဝင်ရောက်လာသူ များကြောင့် ယခုအခါ အကြမ်းဖက် တိုက်ခိုက်မှု များနှင့် အကြမ်းဖက်ရန် ကြံစည်မှုများ ပါဖြစ်ပွား လာသဖြင့် အစိုးရ၏ ဒုက္ခသည်များ ဆိုင်ရာ မူဝါဒအပေါ် ဂျာမနီပြည်သူ အမြောက်အမြားက စိတ်ကုန်စပြု လာခဲ့ကြသည်။ ISIS အကြမ်းဖက် အဖွဲ့နှင့် ဆက်နွှယ်နေပြီး နိုင်ငံအတွင်း ဗုံးခွဲ တိုက်ခိုက်သည့် ဆီးရီးယား ဒုက္ခသည် တစ်ဦးကို ရဲတပ်ဖွဲ့က Chemnitz မြို့၌ အောက်တိုဘာ ၉ ရက်တွင် ဖမ်းဆီး ရမိခဲ့သည်။ နိုင်ငံအတွင်းသို့ ဝင်ရောက်လာ ခဲ့သည့် ဒုက္ခသည် အားလုံးကို ပြန်လည် သုံးသပ်ကြည့်ပါက ၄င်းတို့အနက်တွင် ပြည်တွင်းစစ်နှင့် စစ်မက်ဖြစ်ပွားရာ ဒေသများမှ ထွက်ပြေး လာသော ဒုက္ခသည် အစစ်အမှန်များ ပါဝင်သော်လည်း တချို့မှာ ဒုက္ခသည်များ မဟုတ်ဘဲ ဒုက္ခသည် အယောင်ဆောင် ကာ ဂျာမနီနိုင်ငံ၏ ရက်ရောမှု ရှိသည့် လူဝင်မှုဆိုင်ရာ မူဝါဒအပေါ် အခွင့်ကောင်းယူ ဝင်ရောက် လာကြခြင်း ဖြစ်သည်။

ထို့ပြင် ရွှေ့ပြောင်း ဒုက္ခသည်များနှင့် ဂျာမနီဒေသခံ များအကြား ကိုးကွယ်သည့် အယူဝါဒ ကွဲပြားနေခြင်း ကလည်း ဒုက္ခသည် များအနေဖြင့် ဒေသခံပြည်သူ များနှင့်လူမှု ရေးအရ ပေါင်းစည်း နိုင်ရေးတွင် အဟန့်အတား တစ်ခုအဖြစ် ဆက်လက် တည်ရှိနေဆဲ ပင်ဖြစ်သည်။

ယင်း အကျိုးဆက် များသည် ဝန်ကြီးချုပ် မာကဲလ် အပေါ် ဆိုးရွားစွာ ကျရောက် လာခဲ့ပြီ ဖြစ်သည်ဟု ယူဆနိုင်သည်။ ထိုအကြောင်း ရင်းများကြောင့် နိုင်ငံအတွင်းသို့ အဆမတန် ဝင်ရောက် လာသည့် ဒုက္ခသည် များနှင့် ရွှေ့ပြောင်း ဝင်ရောက်လာသူ များကို နည်းလမ်း အမျိုးမျိုးသုံး၍ ထိန်းချုပ်နိုင်ရန် အစိုးရက စဉ်းစားလာခဲ့ ရသည်။ အစိုးရက အရေး တကြီး ဖြေရှင်းရန် လိုအပ်နေသည့် ရွှေ့ပြောင်း ဝင်ရောက်သူ အရေးကို အချိန်မီ မဖြေရှင်း နိုင်ပါက မာကဲလ် အစိုးရအနေဖြင့် အကျိုးဆက် များကို ထပ်မံတွေ့ကြုံ နိုင်ဖွယ်ရှိသည်။ အကြောင်းမှာ အစိုးရအနေဖြင့် ယင်းကိစ္စရပ် နှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင် နိုင်ခြင်းမရှိ ပါက ယခုနှစ်အတွင်း ရွှေ့ပြောင်း ဝင်ရောက်သူ ၃ဝဝဝဝဝ ခန့် ထပ်မံ ရောက်ရှိ လာနိုင်ဖွယ် ရှိသည်ဟု ဂျာမနီ ပြည်ထောင်စု လူဝင်မှုနှင့် ဒုက္ခသည်များ ဆိုင်ရာရုံး အဖွဲ့မှ အကြီးအကဲ က မကြာသေးမီက သတိပေး ပြောကြားခဲ့သည်။

ဂျာမနီနိုင်ငံ၌ စက်တင်ဘာလ အတွင်း က ကျင်းပခဲ့သည့် ဒေသန္တရ ရွေးကောက်ပွဲ၌ မာကဲလ် ၏ ခရစ်ယာန် ဒီမိုကရက်တစ်ပါတီ (CDC) သည် လူဝင်မှုကို ဆန့်ကျင် ကန့်ကွက်သည့် လက်ယာယိမ်းပါတီ (AfD) ကို အကြီးအကျယ် ရှုံးနိမ့်ခဲ့သည်။ အဆိုပါ ရှုံးနိမ့်မှုသည် မာကဲလ် အတွက် ကြီးမားသည့် ထိုးနှက်ချက်ဟု ဆိုနိုင်သည်။ ယင်းကား အစိုးရ၏ မူဝါဒကျ ရှုံးမှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်ပင် ဖြစ်သည် ဟု ယူဆနိုင်သည်။ အလားတူ ဂျာမနီနိုင်ငံ ၌ ၂ဝ၁၇ ခုနှစ် အောက်တိုဘာ၂၂ ရက်တွင် လွှတ်တော် ရွေးကောက်ပွဲ များကို ကျင်းပရန် စီစဉ်ထားသည်။

ထို့ကြောင့် မာကဲလ် အစိုးရ အနေဖြင့် နိုင်ငံတွင်း အရေးတကြီး ဖြေရှင်းရန် လိုအပ်နေသည့် ရွှေ့ပြောင်း ဝင်ရောက်သူများ အရေးကို ထိရောက်စွာ ဖြေရှင်းနိုင်မှ သာလျှင် နိုင်ငံရေးအရ အဖတ်ဆယ် နိုင်မည်ဖြစ်သည်။ ယင်း ကိစ္စရပ်ကို အောင်မြင်စွာ ဖြေရှင်းနိုင်ခြင်း မရှိပါက လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကြီး တွင်လည်း ဝန်ကြီးချုပ် မာကဲလ် ၏ ပါတီသည် အရှုံးနှင့်သာ ထပ်မံ ရင်ဆိုင်ရဖွယ် ရှိနေသည်ဟု သုံးသပ်တင်ပြ လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger