www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 14, 2016

မမှားသောရှေ့နေ မသောသောဆေးသမား


မမှားသောရှေ့နေ မသောသောဆေးသမား

ကြည်လွင်မြင့် (မုဒြာ)

ကျွန်တော် ကိုယ်တိုင် ဆေးသမား (ဆေးဆရာ) ဖြစ်နေပြီး ငယ်စဉ် ကတည်းက စွဲနေသော ဤစကား၊ စကားပုံဟု ခေါ်ရမည်လား။ စကားချပ်ဟု ခေါ်ရမည်လား။ အများသုံး နေကြသော စကားဖြစ်သည်။

သို့သော် ဤစကားပုံ၊ စကားချပ်သည် မမှန်၊ မပြည့်စုံမှန်း တစ်လောက မဂ္ဂဇင်း တစ်စောင်တွင် ဆရာဝန်ကြီး ဒေါက်တာ ဦးငွေစိုး ၏ ဆေးဆောင်းပါး တစ်ပုဒ်ကို ဖတ်ရှုရမှ သိတော့သည်။

''မမှားသောရှေ့နေ မသေသော ဆေးသမား မရှိ'' ဟု ပြောမှ ပြည့်စုံမည် ဖြစ်သည်။ ကျွန်တော်တို့ နှုတ်စွဲနေသော စကားရပ်တွင် မရှိဟူသော နောက်ဆုံးစကား တစ်လုံး ပျောက်နေသဖြင့် အဓိပ္ပာယ် မှာလည်း မပြည့်မစုံ ဖြစ်နေသည်။ ဤကဲ့သို့ပင် မပြည့်မစုံ မှားနေသော စကားပုံ၊ စကားချပ် များစွာ မြန်မာတို့ နှုတ်ဖျားတွင် ပြောနေသူများ ရှိနေသည်။ အမှုတစ်ခု ဖြစ်၍ ရှေ့နေငှား၍ အမှုနိုင်အောင် ဆောင်ရွက်ခိုင်း ရာမှာ တရားရုံးမှာ ရှေ့နေ လျှောက်လဲချက် မှားသဖြင့် ထောင်ကျသွား ရသော အမှုသည်တို့ ရှိကောင်း ရှိပါလိမ့်မည်။ ဤသည်ကို ရှေ့နေတို့ဘက်မှ လိုက်၍ မမှားသော ရှေ့နေမရှိ ဟု ရှေ့နေလည်း တစ်ခါတစ်ရံ မှားနိုင်သည်ဟု ကာကွယ်ပေး ထားပုံရသည်။

မသေသော ဆေးသမားမရှိ ဟူသော စကားမှာ ဖြစ်နိုင်ခြေ နှစ်မျိုးရှိသည်။ ရောဂါဝေဒနာ ကျရောက်၍ ဆေးဆရာ ပင့်ကုသသော အခါ ကုရင်းကုရင်း လူနာအသက် ဆုံးပါးသွား သဖြင့် တရားနှင့် ဖြေရန် သဘောဖြင့် မသေသော ဆေးသမား မရှိဟု နှစ်သိမ့်သော စကားဖြစ်နိုင် သည်။ ဆေးဆရာ (ဆေးသမား) များဘက်မှ ကာကွယ်သော စကားဟု ဆိုပါစို့။ နောက်တစ်နည်း ဖြစ်နိုင်သေး သည်မှာ လူနာများစွာ ကို ကုသပေးနေသည့် ဆရာ ကိုယ်တိုင် ရောဂါဝေဒနာ ဖြစ်သောအခါ သူ့ဆေးနှင့်သူ ကု၍ မပျောက်နိုင်ဘဲ သေဆုံးသွားခြင်း ကြောင့် ဆရာလည်း ဘာသားနဲ့ ထုထား တာမို့လို့လဲ။ ဖျားမယ်၊ နာမယ်၊ တစ်နေ့ သေရမယ်ဟု ရည်ညွှန်း၍ မသေသော ဆေးသမား မရှိဟု စကားပုံရှိခဲ့ ခြင်းလည်း ဖြစ်နိုင်သည်။

သင်ခန်းစာယူစရာ ဖတ်ရ ပါသေးသည်။ ဆရာကြီး ဦးငွေစိုး၏ ထိုဆောင်းပါး မှာပင် မိတ်ဆွေ ဆရာဝန်ကြီး တစ်ဦးသည် မိမိကိုယ်ပိုင် ဆေးခန်းတွင် လူနာများ ကြည့်ရန် ပြင်ဆင်နေစဉ် မှာပင် ရုတ်တရက် လဲကျသွားပြီး ဆေးမမီ အသက်ပါ ပါသွားရရှာ လေသည်။ ထိုဆရာဝန် ကြီးသည် လူနာတွေ အလှည့်ကျ ထိုင်စောင့် နေကြချိန် တွင် ရေချိုးခန်းဝင် မျက်နှာသစ် လက်ဆေးပြီး ပြန်အထွက် ယိုင်ထိုးကာ ဝုန်းခနဲ လဲကျသွားပြီး ပြန်မထ နိုင်တော့ပေ။

လူနာရှင်များ၊ အိမ်သားများက ပြေးထူကြ သော်လည်း အသက်မရှိ တော့ပေ။ တခြားဆရာဝန် တစ်ဦးမှာလည်း လူနာကြည့်ရင်း ခေါင်းကိုက် လာသဖြင့် သူ့အခန်းထဲက ဆေးတစ်ပြား ယူပြီး ရေတစ်ခွက်နှင့် မော့ချလိုက်ရင်း ရေသီးသလို ဖြစ်ရာက နားကြပ်တန်းလန်း၊ အပ်တန်းလန်း နှင့် သေဆုံးသွားပုံ များကို ရေးသားထား သည်မှာ သင်္ခါရတရား ရစရာပင်။ ဆရာဝန်လည်း မထား၊ သေခြင်းတရား သည် တံခါး မခေါက်ဘဲ ချက်ချင်း ရောက်လာနိုင် လေသည်။ ခန္ဓာကိုယ် အတွင်း ''ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော'' ဓာတ်ကြီးလေးပါး တို့ မညီညွတ် ဖောက်ပြန်လာလျှင် သေရမည်သာ။ ထိုဓာတ်ကြီးေ လးပါးတို့ကို ''ငါဆေးဆရာ မင်းတို့ မဖောက်ပြန်ကြနဲ့ ညီညွတ်ကြ'' ဟု မဟန့်တား နိုင်ပါ။

ဓာတ်ကြီးလေးပါး တို့တွင် လေ (ဝါယော) ဓာတ်သည် လူကို ရုတ်တရက် သေစေနိုင်သည်။ ရှေးဆေးကျမ်း များတွင် လေမျိုး ၈ဝ ရှိသည်ဟု ဆိုသည်။ ထိုအထဲမှ လေသင်တုန်း ဖြတ်လျှင် နှလုံးရပ်၍ ရုတ်တရက် လဲကျ
သေဆုံးတတ် လေသည်။ ထို့ပြင် အထက်သို့ ဆန်သောလေ (ဥဓင်္ဂမဝါယော)၊ အောက်သို့ စုန်သောလေ (အဓေါဂမဝါယော)၊ အူတွင်းလှည့်လေ (ဣစ္ဆိသယဝါယော)၊ ကိုယ်အင်္ဂါအနှံ့ သို့သွား သောလေ (အင်္ဂမင်္ဂနုသာရီ ဝါယော) တို့လည်း အရေးကြီးသော လေများဖြစ်သည်။

အထက်သို့ ဆန်သောလေ (ဥဓင်္ဂမဝါယော) ရုတ်တရက် လွန်ကဲလျှင် ဦးနှောက်အတွင်း သွေးကြော ပေါက်ပြီး သေဆုံးနိုင်သည်။ သွေးတိုးရောဂါ အခံရှိသူများ၊ အဆီအအိမ့်နှင့် အခါး အလွန်ကြိုက် သူများ၊ ခွေးတောက်၊ တမာ၊ ကြောင်လျှာ၊ ကြက်ဟင်းခါး၊ ဝက်သား၊ မျှစ်ချဉ် စသော လေစာများကို တစ်နေ့တည်း တစ်မျိုးမက စားမိသူများမှာ ဤလေပင့် သဖြင့် ဦးနှောက် သွေးကြောပြတ် သေဆုံး တတ်သည်။

ကိုယ်အင်္ဂါအနှံ့သို့ သွားသောလေ (အင်္ဂမင်္ဂနုသာရီ ဝါယော) ဖောက်ပြန်သူ များမှာ အအေးကြိုက် သူများ၊ ပန်ကာလေ၊ အဲယားကွန်း လေဖြင့် တစ်ကိုယ်လုံး အအေးခံ နေထိုင်အိပ်စက် သူများ ဖြစ်လေ့ရှိသည်။ လေဖြတ် နိုင်သည်။ ဆေးဆရာ၊ ဆရာဝန်ကြီးများ ရုတ်တရက် သေဆုံးရသည်မှာ အကြောင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်သည်။ တချို့ အောင်မြင်သော ဆရာကြီး များမှာလည်း လောဘကြောင့် နေ့ရောညပါ ဆေးခန်းတစ်ခုပြီး တစ်ခု ပြောင်းထိုင်ရင်း မိမိ ကျန်းမာရေးကို ဂရုမစိုက်၊ မိုးရွာ တုန်းရေခံဟု ဆိုကာ အလုပ်ဝန်ပိ၍ အသက်နှင့်ငွေ လဲလိုက်ရ သူများလည်း ရှိနိုင်သည်။

ဆရာဝန်မှန်လျှင် မိမိလူနာ များကို စစ်မေးသော အခါ အရက်သောက် သလား၊ ဆေးလိပ် သောက်သလား အမြဲမေးလေ့ ရှိသည်။ ထူးဆန်းသည်မှာ လွန်ခဲ့သော နှစ် ၂ဝ ခန့်က ဖြစ်သည်။ နာမည်ကြီးသော ဆရာဝန်ကြီး တစ်ဦး တွေ့ဖူးသည်။ သူကိုယ်တိုင်က စီးကရက်များကို မနားတမ်း တစ်လိပ်ပြီး တစ်လိပ် သောက်နေသည်ကို တွေ့ရသည်။ ယခု ထိုဆရာကြီး မရှိတော့ပါ။ အသက် ၆ဝ ကျော်နှင့် သူသေဆုံး သွားခဲ့ပါပြီ။ ထို့အတူ အရက် စွဲနေသော ဆရာဝန်ကြီး တစ်ဦးမှာလည်း လေဖြတ်ပြီး ဒုက္ခိတ ဖြစ်နေသည် ကို တွေ့ရသည်။

စာရေးသူတို့ ဆေးဆရာ လောကတွင် ပြောလေ့ရှိသော စကားတစ်ရပ် ရှိသည်။ အနောက်တိုင်း ဆရာဝန်ကြီး များသည် လေကြောင့် သေရသည်။ တိုင်းရင်း ဆေးဆရာကြီး များသည် ပိုးကြောင့် သေရသည်ဟု ဆိုသည်။ ရှင်းလင်းရလျှင် အနောက်တိုင်း ဆေးဆရာ များသည် ရောဂါရှာဖွေ ရာတွင် ဗက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး စသည့် ပိုးတို့ကိုသာ အဓိကထား ရှာဖွေလေ့ ရှိသည်။ လေကြောင့်ဖြစ်သော ရောဂါများကို သတိမမူမိကြ။ ထို့အတူ  တိုင်းရင်းဆေး၊ ရိုးရာ ဆေးပညာရှင် သမားတော်တို့ သည်လည်း ''ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော'' နှင့် ''အာကာသ'' စသော ပဉ္စဘုတ် တို့ကိုသာ အလေးထား သောရှုထောင့်မှ ရောဂါကုနေပြီး ပိုးကြောင့် ဖြစ်သော ရောဂါတို့ကို လျစ်လျူရှုမိ သဖြင့် ၄င်းပိုးကြောင့် သေရသည်ဟု ဆိုလိုခြင်းဖြစ်သည်။ အရှေ့တိုင်းရော အနောက်တိုင်းပါ သူ့နေရာနှင့်သူ အားသာချက်၊ အားနည်းချက် များရှိနေသည်မှာ အမှန်တရားပင် ဖြစ်သည်။ 

စာရေးသူ၏ မိတ်ဆွေ ဖားကန့်မှ ဆရာဝန်တစ်ဦး နှင့် တွေ့ဖူးကာ စကားစပ်မိ ဖူးသည်။ သူဖားကန့်မှာ ဆရာဝန် လုပ်နေစဉ်က ရသည့် အတွေ့အကြုံ ဖြစ်သည်။ ဖားကန့်၊ ဆိုင်းတောင်၊ ပူတာအို အထိ သူလှည့်လည် ဆေးကုခဲ့ သည်။ သူတို့အရပ်မှာ ဖျားလျှင် ရှားခြစ်သည်။ စာခြစ်သည် ဟုလည်း ခေါ်သည်။ ပရုတ်ဆီဘူး အဖုံး၊ ပုလင်းဖုံး၊ ပိုက်ဆံကြေးပြား စသည်တို့နှင့် လည်ပင်း၊ ကုပ်၊ နောက်ကျောများ ပါမကျန် အစင်းကြောင်းများ ဖြစ်အောင်၊ သွေးခြည်များ ဥအောင် ဆွဲခြစ်သည်။ ဤသည်မှာ သူတို့ ဓလေ့ဖြစ်သည်။

''ဖားကန့်ဆိုတာ အေးတဲ့ ဒေသပဲ။ ဖျားရင် ရှားမခြစ် ရင် ဆရာဝန်တောင် သေတယ်လို့ သူတို့က ပြောတယ်'' ဟု သူငယ်ချင်း ဆရာဝန်က သူ့အတွေ့အကြုံကို ပြောပြ သည်။ လူဖြစ်လာလျှင် တစ်နေ့ သေရမည် ဖြစ်သည်။ အရပ်သားဖြစ်စေ၊ ကုန်သည်ဖြစ်စေ၊ ဆရာဝန်ဖြစ်စေ၊ ဝန်ကြီးဖြစ်စေ၊ မိန်းမ၊ ယောက်ျား မခွဲခြား သေရမည် ဖြစ်သည်။ ''ဘုရားသော်မှ မနေရ၊ တို့က ဘာမို့လဲ'' ဟူသော စကား နှင့်အညီ မလွတ်ကင်းနိုင်သော တရားဖြစ်သည်။ သို့သော် မသေမီမှာ မိမိ ဘာတာဝန် ကျေခဲ့သလဲ။ မိသားစုအကျိုး၊ အများအကျိုး၊ တိုင်းပြည်အကျိုး၊ လူ့လောကအကျိုး ဘာများသယ်ပိုး ခဲ့သနည်း ဟူသည်မှာ မိမိကိုယ်မိမိ ပြန်မေးရမည့် အချက်ဖြစ်သည်။ ကျေးဇူးကြွေးတွေ ဆပ်ခဲ့ဖို့လိုသည်။ (ရှိသေးလျှင်) မိဘကျေးဇူး ဆပ်ခဲ့ပြီလား။ အရေးကြီးသည်။ 

မိမိမွေးဖွား ကြီးပြင်းခဲ့သည့် မြေကြီး၊ ရပ်ရွာဒေသ ကျေးဇူးကိုလည်း ဘာအကျိုး ပြုပြီးခဲ့ပြီနည်း။ ဆပ်စရာကြွေး မကျန်ခဲ့ပါစေနှင့်။ အထူးသဖြင့် လူသားတိုင်းက အားထားကြ၊ အားကိုးကြသော သမားတော်များ၊ ဆရာဝန် များကို ဂါရဝတရား ရှေ့ထား၍ တိုက်တွန်း လိုသည်။ စေတနာ၊ ဝါသနာ၊ အနစ်နာ နာသုံးနာနှင့် ပြည့်စုံစေ ချင်သည်။ မကုသခင် မေတ္တာဝင်၊ ကုစဉ် ကရုဏာ၊ ကုသပြီး နောက် မုဒိရောက်၊ ပြီးမြောက် ဥပေက္ခာဟူသော သမားကျင့်စဉ် လည်း ရှိသည်။ လူနာတွေရော ကုသသော ဆရာတွေပါ အမြဲမနေကြရပါ။ မသေခင် ကုသိုလ်ယူ သွားကြဖို့ လိုသည်။ မမှားသော ရှေ့နေ မသေသော ဆေးသမား မရှိပါ။

မြ၀တီနေ့စဉ် ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger