www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 14, 2016

ထိုင်းဘုရင် ဘူမိဘော နတ်ရွာစံခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အလားအလာများ



( ဇေယျဘုန်း )

ကမ္ဘာပေါ်တွင် နန်းစံသက် အရှည်ကြာဆုံး ဖြစ်သည့် ထိုင်းဘုရင် ဘူမိဘော အဒူယာဒက်ခ်ျ သည် နာမကျန်း ဖြစ်မှုကို ကာလအတန်ကြာ ခံစားခဲ့ရကာ အောက်တို ဘာ ၁၃ ရက်က နတ်ရွာစံခဲ့ ပြီးနောက် ထိုင်းနိုင်ငံ၏ အနာဂတ်သည် မည်သို့ဆက်လက် ဖြစ်လာမည်ကို အများအပြားက စိတ်ဝင်တစား စောင့်ကြည့်လျက် ရှိနေသည်။

ဘုရင်ကြီး ကံကုန်ပြီးနောက်တွင် နန်းလျာဖြစ်သည့် သားတော် မဟာဝါဂျီရာ လောင်ကွန်း သည် ဖခင်၏ အရိုက်အရာကို ဆက်ခံရန် အသင့်ရှိနေပြီ ဖြစ်သော်လည်း လာမည့် ရက်သတ္တပတ် များအတွက် မသေချာ မရေရာမှုများ ထွက်ပေါ်လာလျက် ရှိသည်ကို တွေ့ရသည်။ သက်တော် ၈၈ နှစ်အရွယ်ရှိ ဘုရင်ကြီး နတ်ရွာစံခြင်းသည် နိုင်ငံအတွက် ဆုံးရှုံးမှုတစ်ရပ် အဖြစ် ထိုင်းနိုင်ငံပြည်သူ များက ခံယူထားသည်။ ထို့ပြင် နိုင်ငံအတွင်းရှိ အစိုးရ အဆောက်အအုံ များတွင် လွှင့်ထူထားသည့် နိုင်ငံတော် အလံများကို အလံတိုင်ထိပ်မှအလယ်အထိသို့ လျှောချရန် အမိန့်ထုတ်ပြန် ထားသည့်အပြင် ဘုရင် နတ်ရွာစံခြင်း အတွက် ဝမ်းနည်းမှုကို ပြသသည့် အနေဖြင့် ဝမ်းနည်း ကြေကွဲသည့် ကာလကို တစ်နှစ် သတ်မှတ်ခဲ့သည်။

ထိုင်းနိုင်ငံတွင် ဘုရင်အား အသရေဖျက်မှု ဥပဒေကြောင့် ၄င်း၏ ကျန်းမာရေး အခြေအနေနှင့် စပ်လျဉ်း၍ ထုတ်ပြန်လေ့ မရှိသော်လည်း ဘုရင်နန်းတော်မှ တာဝန်ရှိသူ များသည် ယခုတစ်ကြိမ်တွင် ဘုရင်၏ နောက်ဆုံး အခြေအနေနှင့် စပ်လျဉ်း၍ ၄င်းအား ရိုသေလေးစားသည့် ပြည်သူများ သိရှိနိုင်ရန် အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေး ခဲ့သည်။ ထို့ပြင် ဘုရင်နတ်ရွာစံ ခဲ့ခြင်းကြောင့် ဝန်ကြီးချုပ် ပရာယုသ် ချန်အိုချာ သည် ချွန်ဘူရီပြည်နယ် သို့သွားရောက် မည့် ၄င်း၏ခရီးစဉ်ကို ဖျက်သိမ်းပစ် ခဲ့သည်။ထိုင်းနိုင်ငံ တွင် ပြည်သူများနှင့် အစိုးရက အလေးအမြတ် ထားသည့် ဘုရင် နတ်ရွာစံခြင်းနှင့် ၄င်းဖြစ်ရပ်ကြောင့် ထွက်ပေါ်လာနိုင်သည့် ဂယက်များကို ကျွမ်းကျင်သူ များက အောက်ပါအတိုင်း သုံးသပ်ထားသည်။

ထီးနန်းတက်လာခြင်း

ဘုရင်ဘူမိဘောသည် နိုင်ငံ၏ နှစ်ပေါင်း ၂၃၄ နှစ် သက်တမ်းရှိ ချက်ကရီ မင်းဆက်၏ ကိုးဆက်မြောက် ဘုရင်တစ်ပါး ဖြစ်ပြီး ၄င်း၏ထီးနန်းစံစဉ် သက်တမ်း တစ်လျှောက် ထိုင်းပြည်သူများ၏ အရိုအသေ၊ အလေးအမြတ် ပြုခြင်းကို ခံရသူဖြစ်သည်။ ဘုရင် ဘူမိဘော သည် ၁၉၄၆ ခုနှစ် ဇွန် ၉ ရက်တွင် ထီးနန်းတက်ရောက် လာခြင်းဖြစ်ပြီး ၄င်းသည် နောင်တော်ဘုရင် အာနန်ဒါမာဟီဒို လုပ်ကြံခံရမှု ကြောင့် ကံကုန်ပြီး နောက်ပိုင်း ထီးနန်းဆက်ခံ ခဲ့ခြင်း ဖြစ်သည်။

တစ်နည်းအားဖြင့် ဆိုရပါမူ ဘုရင်ဘူမိဘော ထီးနန်း တက်လာပြီး နောက်တွင် နိုင်ငံအတွင်း ဖြစ်ပွားနေသည့် မြို့နေပြည်သူ များနှင့် ကျေးလက်ဒေသရှိ ပြည်သူများ အကြား နိုင်ငံရေးအရ ကွဲပြားနေမှုကို ပြန်လည်စည်းရုံး ပေးနိုင်ခဲ့သည်။ ၄င်းသက်ရှိထင်ရှား ရှိနေစဉ်ကာလ အတွင်း ပြည်သူများ၏ အကျိုးအတွက် များစွာဆောင် ရွက်ပေး နိုင်ခဲ့သည့်အပြင် ထိုင်းနိုင်ငံအား ဒီမိုကရေစီ စနစ်သို့ အသွင်ကူးပြောင်း ခဲ့ရာတွင်လည်း ၄င်းသည် အဓိကကျသည့် ကဏ္ဍမှ ပါဝင်ခဲ့သည်။

ဖြစ်ပေါ်လာနိုင်သည့် ထိုင်းနိုင်ငံရေးအခြေအနေ

ဘုရင်ဘူမိဘော နတ်ရွာစံပြီးနောက် အသက် ၆၄ နှစ် အရွယ် သားတော် မဟာဝါဂျီရာ လောင်ကွန်း သည် စစ်ဘက်၏ ထောက်ခံမှုဖြင့် ဖခင်၏ အရိုက်အရာကို ဆက်ခံ လာမည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသည်။ သို့သော် ဝါဂျီရာ လောင်ကွန်း သည် ၄င်း၏ ဖခင်ရရှိခဲ့သည့် ပြည်သူ အားလုံး၏ ထောက်ခံမှုကို ရရှိနိုင်မည် မဟုတ်ပေ။

ထို့ပြင် ဘုရင် နတ်ရွာစံခြင်းကြောင့် လက်ရှိ ထိုင်းအစိုးရက လာမည့်နှစ် နှောင်းပိုင်းတွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကို အချိန်ရွှေ့ဆိုင်း နိုင်ဖွယ်ရှိသည် ဟု လေ့လာ အကဲခတ်သူ များကဆိုသည်။ ထိုင်းနိုင်ငံသည် ၂ဝဝ၆ ခုနှစ်အတွင်း က ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် အား စစ်ဘက်က ဖယ်ရှား၍ အာဏာသိမ်း ခဲ့ပြီး နောက်ပိုင်း ၂ဝ၁၁ ခုနှစ်မှစ၍ ရွေးကောက်ပွဲ ပြန်လည် ကျင်းပနိုင်ခြင်း မရှိသေးပေ။ ထို့နောက် နိုင်ငံတွင် ဒီမိုကရေစီ စနစ်ကို ပြန်လည် အသက်သွင်း ခဲ့ပြီးချိန် တွင်လည်း စစ်ဘက်သည် သက်ဆင် ၏ ညီမဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ရင်လပ် ရှင်နာဝပ် အား၂ဝ၁၄ ခုနှစ် တွင် ထပ်မံဖြုတ်ချ၍ အာဏာသိမ်း ခဲ့သည်။ ရင်လပ်နှင့် ၄င်း၏အစ်ကို ဖြစ်သူတို့အား နိုင်ငံမြောက်ပိုင်း နှင့် အရှေ့မြောက်ပိုင်းရှိ ကျေးလက်နေ ပြည်သူများက အကြီးအကျယ် ထောက်ခံခဲ့ကြ သော်လည်း ဘုရင်ကို ထောက်ခံသူ များကမူ ဆန့်ကျင်ခဲ့ ကြသည်။ စစ်ဘက်သည် လက်ရှိ အချိန်တွင် အစိုးရတာဝန် ရယူထားပြီး စစ်ဘက် ခေါင်းဆောင်ဟောင်း ချန်အိုချာ က အမျိုးသား ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားရေး ကောင်စီ အကြီးအကဲအဖြစ် တာဝန်ယူလျက် ရှိသည်။ ဘုရင် ဘူမိဘော နတ်ရွာစံခြင်း သည် ထိုင်းနိုင်ငံရေး အပေါ် သက်ရောက်မှု ဖြစ်ပေါ်လာ နိုင်ပြီး စစ်ဘက်သည် ဝမ်းနည်းခြင်း ကာလအတွင်း နှင့် ထီးနန်း အလွှဲအပြောင်း မတိုင်မီ နိုင်ငံ၏ တာဝန်ကို ဆက်လက်ရယူ ထားနိုင်သော်လည်း ဘုရင်သစ် ထီးနန်းတက်ပြီး နောက်ပိုင်း ကာလ၌ နိုင်ငံရေး လှုပ်ရှားမှု များအပေါ် ချမှတ်ထားသည့် ပိတ်ပင်မှု များအား ဖယ်ရှားပြီး နိုင်ငံ၏ အာဏာသည် အရပ်သား အစိုးရထံ ပြန်လည် ရောက်ရှိလာမည် ဟုတ်၊မဟုတ် ဟူသော အချက်မှာ စမ်းသပ်ခံရဖွယ် ရှိသည်ဟု ကျွမ်းကျင်သူများ က ထောက်ပြ သုံးသပ် ထားသည်။

ထိုင်းနိုင်ငံ၏ စီးပွားရေးအခြေအနေ

ဘုရင် ဘူမိဘော နတ်ရွာစံခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်များ အနေဖြင့် ထိုင်းရှယ်ယာ ဈေးကွက်နှင့် ဘတ်ငွေ တန်ဖိုးများ ကျဆင်းလာခဲ့သည်။ ထိုင်းဘတ်ငွေ တန်ဖိုးကျဆင်း လာခြင်းသည် ဘုရင်၏ ကျန်းမာရေး အခြေအနေ တည်ငြိမ်မှု မရှိဘဲ ယိုယွင်းလာလျက် ရှိသည်ဟု ဘုရင့်နန်းတော် ကထုတ်ပြန်သည့် အချိန်မှ စတင်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ထိုင်းရှယ်ယာ ဈေးကွက်နှင့် ဘတ်ငွေတန်ဖိုး သည် ဆက်လက် ကျဆင်းမည့် အလားအလာ ရှိနေပြီး ထိုင်းရှယ်ယာ ဈေးကွက်မှာ ဒေသတွင်းရှိ အခြားနိုင်ငံများမှ ရှယ်ယာ ဈေးကွက်များနှင့် နှိုင်းယှဉ်ပါက တိုးတက်မှု နှေးကွေးနေမည် ဟု စင်ကာပူ အခြေစိုက် ရှယ်ယာဈေးကွက် လေ့လာသူ ဂျက်ဖရီ ဟယ်လေ က ပြောကြား ထားသည်။

ထိုင်း-မြန်မာ ဆက်ဆံရေးအတွက် ဆုံးရှုံးမှု

ထိုင်းဘုရင် ဘူမိဘော လက်ထက်တွင် ထိုင်းနှင့် မြန်မာအစိုးရ အကြား တစ်ခါတစ်ရံ၌ ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သော်လည်း ယင်းပဋိပက္ခ များကို သံတမန်ရေး အရ ဖြေရှင်းနိုင်ခဲ့ပြီး နှစ်နိုင်ငံအကြား အိမ်နီးချင်းကောင်းဆက်ဆံရေးကို ထိန်းသိမ်း နိုင်ခဲ့ခြင်းကြောင့် ဘုရင် ဘူမိဘော နတ်ရွာစံခြင်း သည် ထိုင်း-မြန်မာ အိမ်နီးချင်း ကောင်း ဆက်ဆံရေး အတွက် ဆုံးရှုံးမှုကြီး တစ်ရပ်ဟူ၍ လည်း ဆိုနိုင်ပေသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger