www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 27, 2016

မျက်နှာပေါ်က ၀က်ခြံများအကြောင်း



ဒေါက်တာ အေးမင်းထူး

ဝက်ခြံဆိုတာ လူပျို၊ အပျိုမရွေး၊ အသက် အရွယ်မရွေး ပေါက်ကြပါတယ်။ ယေဘုယျ အားဖြင့် မျက်နှာ၊ လည်ပင်း၊ ကျောပြင်၊ ရင်ဘတ်၊ ပခုံးစတဲ့ နေရာတွေမှာ အပေါက်များတယ်။ ဝက်ခြံပေါက် သူရဲ့ ၈ဝ ရာခိုင်နှုန်းဟာ အသက် ၁၁ နှစ်နဲ့ အသက် ၃ဝ ကြား ဖြစ်ကြတယ်။ အမျိုးသား တွေဟာ မျက်နှာ တစ်ပြင်လုံး ဖြစ်ကြပေမယ့် အမျိုးသမီးတွေ ကတော့ မျက်နှာ အောက်ပိုင်း (ပါးပြင်၊ မေးရိုး၊ မေးစေ့) စတဲ့နေရာ တွေမှာ အဖြစ်များတယ်။ Journal of American Academy of Dermatology ရဲ့ အဆိုအရ အသက်၂၅ နှစ်အထက်  အမျိုးသမီး တွေရဲ့ ၅၄ ရာခိုင်နှုန်းဟာ မျက်နှာမှာ ဝက်ခြံအနည်းနဲ့ အများ ဆိုသလို ရှိတတ်ကြတယ်။ ဆိုလိုချင်တာက အမျိုးသား တွေဟာ  လူပျိုဝင်စ အသက်အရွယ်မှာ ဝက်ခြံ ပိုပေါက်ကြပြီး အမျိုးသမီးတွေ ကတော့ အဲဒီထက် နောက်ကျနိုင်တယ်။  အသက် ၃ဝ ကျော်အရွယ်ထိ အမျိုးသမီး လေးယောက်မှာ တစ်ယောက်ဟာ ဝက်ခြံ ပေါက်နေနိုင်တယ်။ ဒါက အမျိုးသားနဲ့ အမျိုးသမီးရဲ့ ကွာခြားချက် ဖြစ်တယ်။ဝက်ခြံထွက်တာ ပုံမှန်ဆိုပေမယ့် လက်တွေ့မှာ တော့ ပေါက်တဲ့နေရာ ပေါ်မူတည်ပြီး  အခြေခံ အကြောင်းရာတွေ မတူညီကြပါ။ ထွက်တဲ့နေရာက မျက်နှာမှာကို အမျိုးမျိုး ဖြစ်နိုင်တယ်။ ဝက်ခြံထွက်တဲ့ နေရာအလိုက် မျက်နှာမှာ အဓိကဇုန် ၁၄ ခု ခွဲခြား ထားတယ်။ တစ်ခုချင်းစီကို ဖော်ပြထားတဲ့ပုံနဲ့ တိုက်ကြည့်ပြီး လေ့လာ ကြည့်ရအောင်။

Zone 1 & 3
နဖူးမှာ ဝက်ခြံပေါက်တာ ဆီးအိမ်နဲ့ အစာခြေ စနစ် မကောင်းတာကို ညွှန်ပြနေတယ်။ ဆီးသွား နည်းသူ၊ ဝမ်းချုပ်လွယ်သူ တွေမှာ အဖြစ်များတယ်။ ဒီလို လူနာတွေမှာ ရေများများ သောက်ဖို့ လိုသလို အရည်ရွှမ်းတဲ့ အသီးအရွက် နေ့စဉ် စားသင့်တယ်။ မနက်တိုင်း ဝမ်းမှန်အောင် ကြိုးစားရမယ်။ အနည်းဆုံး ဆီးတစ်နေ့ သုံးကြိမ် သွားပါစေ။  ဝမ်းမှန်မှန် သွားပါစေ။ အစားအသောက် ထဲမှာ အဆီများတဲ့ ဝက်သား၊ အမဲသား လျှော့စားပါ။ ကော်ဖီ၊ အသားကင် မစားသင့်ပါ။ ဒီလိုနေရာမှာ ဝက်ခြံ ထွက်သူတိုင်း အစားအသောက်၊ အနေအထိုင် ပြုပြင်ရုံနဲ့ သူ့ဘာသာ ပျောက်ကင်း နိုင်တယ်။

Zone 2
မျက်ခုံး အတွင်းပိုင်းမှာ  ဝက်ခြံပေါက်တာ အသည်းကြောင့် ဖြစ်နိုင်တယ်။  အသည်းဆိုတာ လူ့ခန္ဓာကိုယ်မှာ အကြီးဆုံး အစိတ်အပိုင်း ဖြစ်တယ်။ အသည်းရဲ့အဓိက တာဝန်က  ခန္ဓာကိုယ် အတွက် မလိုအပ်တဲ့ အဆိပ် အတောက် တွေကို စွန့်ပစ်တာ ဖြစ်တယ်။ ဥပမာ- အရက်၊ ဘီယာ သောက်တဲ့အခါ အသည်းမှာ အလုပ်ပိုရတယ်။ အသည်း လုပ်ဆောင်မှု နည်းတဲ့အခါ မျက်ခုံး အတွင်းပိုင်းမှာ ဝက်ခြံထွက်မယ်။ အသင့်စား အာလူးကြော်၊ ဆိုးဆေးပါတဲ့ အချိုရည်၊ ကော်ဖီ၊ လက်ဖက်ရည် စတာတွေ ရှောင်ရမယ်။ Lactose Intolerance လက်တို့စ်ဓာတ် မတဲ့သူတွေ မှာလဲ  ဝက်ခြံပေါက် နိုင်တယ်။ လိုအပ်ရင် အသည်း အားဆေး သောက်ရမယ်။

Zone 4 & 10
နားမှာ ဝက်ခြံပေါက်တာ ကျောက်ကပ်ရောဂါ ကြောင့် ဖြစ်နိုင်တယ်။ အပူ၊ အအေး မမျှတဲ့အခါ၊ ခန္ဓာကိုယ်တွင်း အပူလွန်ကဲတဲ့ အခါ ဖြစ်တတ်တယ်။ ရေဓာတ်၊ ဆားဓာတ် အားနည်းရင်လဲ ဖြစ်တတ်တယ်။ ဒါကြောင့် ဓာတ်ဆားရည် များများ သောက်ပါ။ ကော်ဖီ၊ အရက်၊ အချိုရည် လုံးဝ ဖြတ်ပစ်ပါ။ အပူ၊ အအေး မျှတအောင် နေပါ။ နေပူထဲက ပြန် ရောက်ရောက် ချင်း အဲကွန်းခန်းထဲ မဝင်ပါနဲ့။ တချို့လဲ ဆေးသောက်ဖို့ မလိုဘဲ ပြန်ကောင်း လာကြတယ်။

Zone 5 & 9
ပါးပြင်မှာ ဝက်ခြံပေါက်တာ အဆုတ် အားနည်းလို့ ဖြစ်နိုင်တယ်။ ဆေးလိပ် သောက်တာ၊ လေထု ညစ်ညမ်းမှု စတာတွေက ပါးပြင်မှာ ဝက်ခြံကို ဖြစ်စေ တယ်။ လိုအပ်ရင် အသက်ရှူ လမ်းကြောင်းနဲ့ ပတ်သက် တဲ့ ရောဂါပါ တစ်ခါတည်း စစ်ရမယ်။ ပန်းနာရင်ကျပ် သမားတွေမှာ ပိုတွေ့ရတယ်။ ဆေးလိပ် သောက်ရင် ဖြတ်ပစ်ရမယ်။ လေ့ကျင့်ခန်း တစ်ခုခု (ရေကူးတာ၊ အေရိုးဗစ် လုပ်တာ) မျိုး လိုတယ်။  လေကောင်း လေသန့်ရရင် အဲဒီနေရာမှာ ထွက်တဲ့ ဝက်ခြံတွေက သူ့ဘာသာ ပျောက်ကင်း နိုင်တယ်။

Zone 6 & 8
မျက်လုံး တစ်ဝိုက်မှာ ဝက်ခြံပေါက်တာ ကျောက်ကပ်ကြောင့် ဖြစ်နိုင်တယ်။ ကျောက်ကပ် လုပ်ဆောင်မှု အားနည်းတဲ့ အခါ ဖြစ်မယ်။ ရေများများ (အချိုရည် မပါ၊ အရက်၊ ဘီယာမပါ) သောက်ဖို့ လို တယ်။ ဆီးများများ သွားပါစေ။ မျက်ကွင်းညို တာရှိရင် မျိုးရိုးကြောင့်လဲ  ဖြစ်တတ်သလို အာဟာရ ချို့တဲ့ တာလဲ ထည့်စဉ်းစား ရအုံးမယ်။ စိမ်းတဲ့အရွက် များများစားပါ။ ပဲပုပ်၊  အသည်း ထည့်စား သင့်တယ်။    ဗီတာမင်နဲ့ အာဟာရဓာတ် တစ်မျိုးမျိုး လိုရင် ဖြည့်ပေးရမယ်။

Zone 7
နှာခေါင်းနဲ့ အပေါ်နှုတ်ခမ်းမှာ ဝက်ခြံပေါက်တာ အဆီပြန်မှု များလို့ဖြစ်တယ်။  အဆီဂလင်း Sebum ထုတ်လုပ်မှု များသူဟာ  အဲဒီနေရာမှာ ဝက်ခြံ ထွက်လာမယ်။ အဆီဓာတ် ထိန်းတဲ့ Moisturizer  ပစ္စည်း တစ်မျိုးမျိုး လိုတယ်။ လိမ်းဆေးထဲမှာ Cream Type မျိုး မသုံးသင့်ပါ။ မိတ်ကပ်သုံးတဲ့ မိန်းကလေးတွေ သတိထား သင့်တယ်။ အသားဖြူ ဆေးတွေနဲ့ မတည့်ပါ။ အဆီပြန်တဲ့ အသားအရေ အတွက် အလွယ်ဆုံး နည်းက ဆော်ဒါမှုန့်နဲ့ သံပရာသီး အရည်ကို  ရောပြီး လိမ်းပေးရတာ ဖြစ်တယ်။ ဆော်ဒါက ချွေးပေါက်ကျဉ်း စေတဲ့ အာနိသင်ရှိ တယ်။ လိမ်းပြီး ၁၅မိနစ်ကြာရင် မျက်နှာပြန် သစ်ပါ။ သွေးပေါင်များ ရင်လဲ  အဲဒီနေရာမှာ ဝက်ခြံပေါက် တတ်ပြန်တယ်။ ဒါလဲ သတိပြုရမယ်။

Zone  11& 13
မေးရိုးနေရာ တွေမှာ  ဝက်ခြံပေါက်သူဟာ မျက်နှာကို မကြာခဏ ကိုင်တွယ် တတ်လို့ ဖြစ်တယ်။ မျက်နှာသစ် တဲ့အခါ အဲဒီနေရာ တွေကို သတိထား ပြီး သစ်ပါ။ လက်နဲ့ ကိုင်တွယ်တာ မလုပ်ပါနဲ့။ မျက်နှာသစ် ဆပ်ပြာ တစ်မျိုးမျိုးကို သေချာသုံးပါ။ ကိုယ်မသုံးဘူးတဲ့ Cosmetic မျိုးသုံးဖို့ မစဉ်းစားနဲ့။ အမျိုးသမီး အများစုမှာ ဖြစ်တာ ဒီအချက် ကြောင့်ပါ။

Zone 12
မေးစေ့မှာ ဝက်ခြံပေါက်တာ ဟော်မုန်းမမှန် လို့ ဖြစ်နိုင်တယ်။ စိတ်ဖိစီးမှု များသူ၊ အိပ်ရေးမဝ သူတွေမှာ တွေ့ရတယ်။ အမျိုးသမီး အများစု ရာသီပေါ်စမှာ ဝက်ခြံ ပေါက်ကြတယ်။ မေးစေ့နေရာ မှာပဲ ဖြစ်တယ်။ မျက်နှာကို မကြာခဏ ကိုင်တွယ်သူ၊ မျက်နှာ သန့်ရှင်းရေး အားနည်းသူ တွေမှာ ဖြစ်တတ်တယ်။ Cleaner တစ်မျိုးမျိုး သုံးဖို့လိုတယ်။ တားဆေး (Diane 35) လို ဆေးမျိုးက အမျိုးသမီး တွေမှာဖြစ်တဲ့ ဝက်ခြံကို ပျောက်ကင်း စေတယ်။

Zone 14
လည်ပင်းနဲ့ ရင်ဘတ်မှာ ဝက်ခြံပေါက်ရင် အရေပြား ကြောင့်ဖြစ်တယ်။ နေလောင်တဲ့ အခါ၊ အသားအရေ ခြောက်သွေ့တဲ့ အခါ ဝက်ခြံပေါက် နိုင်တယ်။ အပြင်ထွက်တဲ့ အခါ နေလောင်ကာ လိမ်းဆေးလိမ်းဖို့ လဲ လိုတယ်။ အစိုဓာတ်ထိန်း ပစ္စည်း တစ်မျိုးမျိုး သုံးရမယ်။ လည်ပင်းမှာ အမည်းစက် ပျောက်တွေ့ရင် ဖြစ်တာကြာပြီလို့ သိနိုင်တယ်။ အသက်အရွယ် ကြောင့်လဲ  ဖြစ်တတ် သေးတယ်။ အပြင်သွားတဲ့ အခါ နေရောင်နဲ့ တိုက်ရိုက် မထိအောင် အကာအကွယ်၊ အဆောင်းအကာ တစ်ခုခု သုံးဖို့လိုတယ်။

ဝက်ခြံပေါက်တိုင်း ဟော်မုန်းနဲ့ ဗက်တီးရီးယား ကိုချည်း  အပြစ်တင်လို့ မရပါ။   သူ့နေရာနဲ့သူ နောက်ခံ အကြောင်းအရာ ရှိနိုင်သေးတယ်။ ဒါတွေ ကို သတိထား ပြုပြင်ဖို့ လိုတယ်။ ဖြစ်တဲ့နေရာ အလိုက် သေချာ သတိထား ပြုပြင် နိုင်ရင်  ဝက်ခြံ ကင်းစင်တဲ့ မျက်နှာ လှလှလေး     ပိုင်ဆိုင်လာ ပါလိမ့်မယ်လို့   ရေးသား လိုက်ရပါတယ်။

ရတနာပုံနေ့စဉ် ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger