( ဇေယျဘုန်း )
ဗြိတိန်ပြည်သူ များက နှစ်ပေါင်း ၄ဝ ကျော်ကြာ ပူးပေါင်း လာခဲ့သည့် အီးယူ အဖွဲ့မှ ၄င်းတို့၏နိုင်ငံကို ခွဲထွက်ရန် ဆန္ဒမဲပေး ခဲ့ပြီး နောက်ပိုင်းတွင် ဗြိတိန်အစိုးရ သည် Brexit ၏ နောက်ဆက်တွဲ အကျိုးဆက်နှင့် ဖိအားပေးမှု များကို သိသိသာသာ တွေ့ကြုံနေရပြီ ဖြစ်သည်။ ဗြိတိန်နိုင်ငံ အနေဖြင့် အီးယူအဖွဲ့မှ တရားဝင် ခွဲထွက်ရေး အလျင်အမြန် လုပ်ဆောင်ရန် အီးယူ နိုင်ငံခြားရေး ဝန်ကြီးများက ဗြိတိန်အစိုးရ အား တိုက်တွန်း ပြောကြား ခဲ့သည့်အပြင် ဗြိတိန်နိုင်ငံ အတွင်းရှိ နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် စကော့တလန် ကလည်း ဗြိတိန်မှ ခွဲထွက်ရန် ထပ်မံ ကြိုးပမ်းမည့် အလားအလာ များထွက်ပေါ်လျက် ရှိနေသည်။
ထို့ပြင် Brexit ကို ဗြိတိန်ပြည်သူ အများစုက ထောက်ခံမဲ ပေးခဲ့ကြပြီး နာရီပိုင်းမှာ ပင် ၄င်း၏ အကျိုးဆက်သည် နိုင်ငံ၏ ဘဏ္ဍာရေး ဈေးကွက်အပေါ် များစွာ အထိနာစေ ခဲ့သည်။ ကမ္ဘာ့  ငွေကြေးများ အနက် အခိုင်အမာ၊ အတောင့်တင်း ဆုံးသော ငွေမာအဖြစ် သတ်မှတ်ခံ ထားရသည့် စတာလင်ပေါင် ၏ တန်ဖိုးမှာ ၁ဝ ရာခိုင်နှုန်း ခန့်ကျ ဆင်းသွား ခဲ့သည်။ ယင်းသို့ ကျဆင်း လာခြင်းမှာ ၃၁ နှစ်အတွင်း အနိမ့်ဆုံး အဆင့်သို့ ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။ ယင်းဖြစ်ရပ် များကြောင့် လန်ဒန်မြို့ရှိ ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နှံသူ စီးပွားရေး လုပ်ငန်းရှင်များ ကို အကြီးအကျယ် ထိတ်လန့် တုန်လှုပ် စေခဲ့သည်။ ပို၍ ဆိုးရွားသည့် အချက်မှာ ဗြိတိန် နိုင်ငံအတွင်းရှိ စတော့ရှယ်ယာ ဈေးကွက် မှာ အီးယူမှ ဗြိတိန် ခွဲထွက်ရန် ဆုံးဖြတ်ချက် ထွက်ပေါ် လာပြီးနောက် ၉ ရာခိုင်နှုန်း အထိ ထိုးကျ သွားခဲ့ခြင်း ဖြစ်သည်။ တစ်ချိန်တည်း မှာပင် ဗြိတိန်ပြည်သူ တစ်သန်းကျော် က ပြည်လုံးကျွတ် လူထုဆန္ဒ ခံယူပွဲကို ဒုတိယ အကြိမ် ပြန်လည် ကျင်းပပေးရန် အစိုးရထံ သို့ ဇွန် ၂၅ ရက်က မေတ္တာရပ်ခံစာ တင်သွင်း၍ တောင်းဆို ခဲ့သည်။ ၄င်းတို့၏ အကြောင်းပြ ချက်မှာ ဇွန် ၂၃ ရက်က ကျင်းပခဲ့သော လူထုဆန္ဒ ခံယူပွဲမှ ထွက်ပေါ်လာသည့် ရလဒ်သည် နိုင်ငံအတွက် အပြုသဘော မဆောင်သည့် အကျိုးဆက် များကို ထွက်ပေါ် စေသည့်အပြင် စီးပွားရေးနှင့် နိုင်ငံရေး အရ သြဇာတိက္ကမ ကြီးမားလှ သည့် ဗြိတိန်နိုင်ငံ၏ ရပ်တည်မှုကို ခြိမ်းခြောက် လာနိုင်သည့် အပြင် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ကိုပါ အဟန့်အတား ဖြစ်စေနိုင်သည် ဟူ၍ ဖြစ်သည်။ အီးယူမှ ဗြိတိန်ခွဲထွက် ခဲ့ပြီးနောက် ထွက်ပေါ် လာသည့် နိုင်ငံရေး အကျပ်အတည်း တစ်ခုမှာ မကြာမီ ရာထူးမှ နုတ်ထွက်မည် ဟု ကြေညာ ခဲ့သည့် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း ၏နေရာ၌ မည်သူက ဆက်ခံမည်နည်း ဟူသော အချက်ပင် ဖြစ်သည်။ ကွန်ဆာဗေးတစ် လွှတ်တော် အမတ်များက ဗြိတိန်အား အီးယူမှ ခွဲထွက်နိုင်ရန် ပြည်သူများအား စည်းရုံးလှုံ့ဆော် ခဲ့သူ လန်ဒန် မြို့တော်ဝန် ဟောင်း ဘောရစ်ဂျွန်ဆင် ကို ဝန်ကြီးချုပ် အဖြစ် ရှုမြင်လျက် ရှိသည်။
သို့ရာတွင် အစိုးရအဖွဲ့ အတွင်းမှ ထင်ရှားသည့် ဂျော့ခ်ျအော့စဘွန်း နှင့် ထရီဆာမေ တို့က ဘော်ရစ်ဂျွန်ဆင် ၏ ပြိုင်ဘက်များ အဖြစ် ထွက်ပေါ်လာဖွယ် ရှိသည်။ ဝန်ကြီးချုပ် ကင်မရွန်း အနေဖြင့် ရာထူးမှ နုတ်ထွက်ပြီး နောက် ၄င်း၏ နေရာကို ဆက်ခံမည့် ဝန်ကြီးချုပ်သစ် အနေဖြင့် ဗြိတိန်နိုင်ငံက အီးယူမှ တရားဝင် ခွဲထွက်မည့် လုပ်ငန်းစဉ်ကို ဆက်လက် လုပ်ဆောင် သွားမည်ဟု ဇွန် ၂၄ ရက် အစောပိုင်းက ကြေညာ ခဲ့သောကြောင့် နောက်တက် လာမည့် ဝန်ကြီးချုပ် ကသာ အီးယူမှ တာဝန်ရှိသူ များနှင့် ခွဲထွက်ရေးကို ဆွေးနွေးသွားမည့် အလားအလာ ရှိသည်။
သို့ရာတွင် ဗြိတိန်နိုင်ငံ အနေဖြင့် ခွဲထွက်ရေးကို အလျင်အမြန် လုပ်ဆောင်ရန် ဂျာမနီ နှင့် ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးများ အပါအဝင် အီးယူမှ တာဝန်ရှိသူ များက ဗြိတိန် အစိုးရကို ဖိအားပေး လာခဲ့သည်။ တခြား တစ်ဖက်တွင် အီးယူအဖွဲ့ အနေဖြင့် အဖွဲ့အတွင်း ကျန်ရှိနေသည့် အဖွဲ့ဝင် နိုင်ငံများက ဗြိတိန် နိုင်ငံ၏ ခြေလှမ်းအတိုင်း လိုက်လျှောက် ၍ ခွဲထွက်သွားမည့် အရေးနှင့် စပ်လျဉ်း၍ ရတက်မအေး ဖြစ်နေဖွယ်ရှိသည်။ အလားတူ ဗြိတိန်နိုင်ငံက နှစ်ပေါင်းများစွာ လက်တွဲခဲ့ သည့် အီးယူအဖွဲ့မှ ခွဲထွက်ရန် ဆုံးဖြတ်ခဲ့ခြင်း အပေါ် များစွာ စိတ်မကောင်း ဖြစ်မိကြောင်း ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လန် က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း နှင့် တွေ့ဆုံ ဆွေးနွေးပြီး နောက်ပိုင်းတွင် ပြောကြားခဲ့သည်။ ထို့ပြင် ဗြိတိန်နိုင်ငံ၏ ခွဲထွက်ခြင်းသည် ဂယက် ရိုက်ခတ်မှုများ ကို ဖြစ်ပေါ်စေခဲ့ သည့်အပြင် နောက်ပိုင်း တွင် မည်သည့် အရာများ ဆက်လက် ဖြစ်ပေါ်လာမည်ကို မည်သူမျှ အတိအကျ မသိနိုင်ဟု ၄င်းက ထပ်လောင်း ပြောကြားခဲ့သည်။
အီးယူမှ ဗြိတိန်ခွဲထွက်ပြီး နောက်တွင် စကော့တလန် အစိုးရအဖွဲ့သည် အရေးပေါ် အစည်းအဝေး တစ်ရပ်ကို ကျင်းပခဲ့ပြီး ဗြိတိန်မှ စကော့တလန် က လွတ်လပ်သည့် နိုင်ငံတစ်နိုင်င အဖြစ် ခွဲထွက်နိုင်ရေး အတွက် လူထုဆန္ဒ ခံယူပွဲ တစ်ရပ်ကို ဒုတိယအကြိမ် ကျင်းပရန် ဥပဒေပြဋ္ဌာန်း မှုများ လုပ်ဆောင် သွားမည်ဟု သဘောတူညီ ခဲ့ကြသည်။
ထို့ပြင် စကော့တလန် ဝန်ကြီးချုပ် နီလိုလာ စတာဂီယွန် က စကော့တလန် နိုင်ငံအနေဖြင့် အီးယူအဖွဲ့အတွင်း ဆက်လက် ရပ်တည်ရေး သေချာမှု ရှိစေရန် အဆိုပါ အဖွဲ့ကြီးနှင့် အရေးတကြီး ဆွေးနွေးမှု များကို စတင်လုပ်ဆောင် ခဲ့သည်။ စကော့တလန် အစိုးရသည် ဗြိတိန်ပြည်သူ အများစုက ၄င်းတို့နိုင်ငံအား အီးယူမှ ခွဲထွက်ခဲ့ခြင်းကို အခွင့်ကောင်း ယူ၍ စကော့တလန် အား ဗြိတိန်မှ ခွဲထွက်နိုင်ရန် ထပ်မံကြိုးပမ်း လာခဲ့ခြင်းပင် ဖြစ်သည်။
စကော့တလန် နိုင်ငံသည် ယခင်ကလည်း ဗြိတိန်နိုင်ငံမှ ခွဲထွက်ရန် ကြိုးပမ်းချက် တစ်ရပ်အဖြစ် လူထုဆန္ဒ ခံယူပွဲ တစ်ရပ်ကို ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၁၈ ရက်က ကျင်းပခဲ့သည်။ သို့သော် အဆိုပါဆန္ဒ ခံယူပွဲတွင် မဲပေးနိုင်သူ ပြည်သူ ၈၄ ဒသမ ၅၉ ရာခိုင်နှုန်းအနက် ၅၅ ဒသမ ၃ဝ ရာခိုင်နှုန်းက စကော့တလန် အား ဗြိတိန် နိုင်ငံနှင့် ဆက်လက် ပူးပေါင်းရန် ထောက်ခံ ခဲ့ခြင်းကြောင့် စကော့တလန် မှာ ခွဲထွက် နိုင်ခဲ့ခြင်း မရှိပေ။
သို့ရာတွင် ယင်း အခြေအနေ ကို ပြောင်းပြန်ရလဒ် အဖြစ် ပြောင်းလဲပစ်ရန် စကော့တလန် အစိုးရက ကြိုးပမ်းလျက် ရှိနေသော ကြောင့် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း အနေဖြင့် ခွဲထွက်ရေး ပြဿနာများ အပြင် အစိုးရအတွင်း ဖြစ်ပွားနေသည့် ကွဲပြားမှုများပါ ရင်ဆိုင်တွေ့ကြုံ နေရသည်။ ယင်းအခြေအနေ များသည် Brexit မှထွက်ပေါ် လာသည့် နောက်ဆက်တွဲ အကျိုးဆက်များ ဟု ဆိုလျှင် ရနိုင်ပေသည်။
ထို့ပြင် အီးယူသည် ဗြိတိန်နိုင်ငံ၏ အကြီးမားဆုံးသော ကုန်သွယ်ဖက် အဖွဲ့ကြီး ဖြစ်သည့် အတွက် အီးယူမှ ယင်းနိုင်ငံက ခွဲထွက် ခဲ့ခြင်းသည် ၄င်းတို့အကြား အနာဂတ် ဆက်ဆံရေးမှာ ယခင်က ကဲ့သို့ လွယ်ကူ ဖြောင့်ဖြူးမည့် အလားအလာ မရှိသည့်အပြင် ဗြိတိန်နိုင်ငံ၏ စီးပွားရေး ဈေးကွက် အပေါ် လပေါင်း အတော်ကြာ ကျရောက် လာနိုင်ဖွယ် ရှိသည့် အပျက်သဘော ဆောင်သော နောက်ဆက်တွဲ များကို တွေ့ကြုံရဖွယ် ရှိသည်။
အလားတူ Brexit ကြောင့် ဗြိတိန်နိုင်ငံ ၏ စီးပွားရေးမှာ ၂ဝ၃ဝ ပြည့်နှစ် ခန့်တွင် ၃ ဒသမ ၈ ရာခိုင်နှုန်းမှ ၇ ဒသမ ၅ ရာခိုင်နှုန်း အထိ ကျဆင်းနိုင်သည် ဟု ကျွမ်းကျင် သူများက သုံးသပ်ပြောကြား ထားကြောင်း ရေးသား လိုက်ရပါသည်။
မြ၀တီနေ့စဉ် ၊ စာ(၂၄)
No comments:
Post a Comment