www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 13, 2016

လာမည့် ပညာသင်နှစ်တွင် အခြေခံပညာ အထက်တန်းကျောင်း အဆင့် ကျောင်းများ၌ ကွန်ပျူတာသင်ချိန် ဖြည့်စွက်သင်ကြားရန် ဆောင်ရွက်မည်



ရန်ကုန် ၊ ၁၃-၅-၂၀၁၆

အခြေခံပညာ အထက်တန်း အဆင့် ကျောင်းများ၌ ကွန်ပျူတာ သင်ချိန်ကို ဖြည့်စွက် သင်ကြားနိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

''အလှည့်ကျနဲ့ သင်ရမှာပါ။ ပထမ တစ်ချိန်မှာ ကျောင်းသား ၂ဝ ကို သင်ပြီးရင် နောက်တစ်ချိန်မှာ တခြား ကျောင်းသား ၂ဝ ကို ထပ်ပြီး သင်ပေးရမှာပါ။ ပညာရေး ဝန်ကြီးဌာန ကနေ ဆရာတွေနဲ့ ကျောင်းသားတွေကို ကွန်ပျူတာ ပညာရပ်တွေ သင်ပေးနိုင်ဖို့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ဆောင်ရွက် နေတာ ကြာပါပြီ။ ကျောင်းရဲ့ ကိစ္စရပ်တွေကို အီလက်ထရွန်နစ် နဲ့သွားနိုင်ဖို့ ဆောင်ရွက် နေပါတယ်။ လုပ်ဆောင် နိုင်အောင်လည်း ဆရာမတွေကို သင်တန်းပေး နေပါတယ်'' ဟု ပညာရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်း က ပြောသည်။

လာမည့် ပညာသင်နှစ် တွင် အခြေခံပညာ အထက်တန်း ကျောင်း တစ်ကျောင်းစီတွင် ကွန်ပျူတာသင် ထောက်ကူ စာသင်ခန်း များကို ကျောင်း တစ်ကျောင်းလျှင် တစ်ခန်းနှုန်း ရှိစေရန် ဆောင်ရွက်နေပြီး ကွန်ပျူတာ သီးသန့် စာသင်ချိန် များကိုပါ ထည့်သွင်း သွားရန် အခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြား ထားသဖြင့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း များ မပြည့်စုံသည့် ကျောင်းများ အနေဖြင့် ဖြည့်ဆည်းရန် လိုအပ်သည့် ပစ္စည်းများ စာရင်းကိုပြုစုကာ အခြေခံပညာ ဦးစီးဌာနသို့ ပေးပို့ရန် ညွှန်ကြား ထားကြောင်း ပညာရေးမှူးရုံး မှ သိရသည်။

အဆိုပါ အထက်တန်း ကျောင်းများ၌ ကွန်ပျူတာ အခန်း တစ်ခန်း၏ အကျယ်ကို အလျားပေ ၃ဝ၊ အနံ ၂၄ ပေ သတ်မှတ်ထား ပြီး ယင်းအခန်း၌ ကွန်ပျူတာ အလုံး ၂ဝ ထားရှိကာ စာသင်ချိန် တစ်ချိန်လျှင် ကျောင်းသားဦးရေ ၂ဝ သင်ကြားနိုင်ရန် သတ်မှတ် ထားကြောင်း၊ တစ်ရက်လျှင် ကွန်ပျူတာ သင်ချိန် ငါးချိန်အထိ သင်ကြားပေးပြီး တစ်ပတ်လျှင် ကွန်ပျူတာ သင်ချိန် ၂၅ ချိန်အထိ သင်ကြားပေးရန် လျာထားကြောင်း သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် အထက်တန်း အဆင့်သင် ကျောင်းသား ၅ဝဝ ရှိသည့် ကျောင်းမှာ ၁၄၅၉ ကျောင်း၊ ၅ဝဝ မှ ၁ဝဝဝ ရှိသည့်ကျောင်း ၃၅၄ ကျောင်း၊ ၁ဝဝဝ မှ ၁၅ဝဝ ရှိသည့်ကျောင်း ၇၇ ကျောင်း၊ ၁၅ဝဝ မှ ၂ဝဝဝ ရှိသည့်ကျောင်း ၂၂ ကျောင်းရှိပြီး စုစုပေါင်းမှာ အထက် တန်း အဆင့်သင် ကျောင်းပေါင်း ၁၉ဝဝ ကျော်အတွက် ကွန်ပျူတာ အရေအတွက် ၅ဝဝဝ နီးပါး လိုအပ်မည် ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာန၏ စာရင်းများ အရ သိရသည်။

သဲသဲ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger