www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 2, 2016

မျက်နှာပေါ်မှာ အရေးအကြောင်းတွေ ဖြစ်စေတဲ့ အပြုအမူများ



( ပေါက်ပေါက် )

မျက်နှာပေါ်မှာရှိတဲ့ အရေးအကြောင်း တွေက အိုမင်းရင့်ရော် မှုရဲ့ သင်္ကေတတွေ ဖြစ်ပါတယ်။ မှားယွင်းနေတဲ့ အနေအထိုင် ၊ အပြုအမူတွေ ကြောင့် မျက်နှာမှာ အရေးအကြောင်း တွေ ဖြစ်ပေါ်စေနိုင်လို့ သတိပြု ဆင်ခြင်နေထိုင် ဖို့ လိုပါတယ် ...

ဆေးလိပ်သောက်ခြင်း

မျက်နှာပေါ်မှာ အရေးအကြောင်းတွေ ဖြစ်လာစေတဲ့ အဓိက ပြဿနာဟာ ဆေးလိပ် သောက်ခြင်းကြောင့် ပါပဲ။ ဒါကြောင့် ဆေးလိပ် ဖြတ်ခြင်းဖြင့် မိမိမျက်နှာပေါ်က အရေးအကြောင်း တွေကို လျှော့ချကြဖို့ အရေပြား ရောဂါ အထူးကု ခွဲစိတ်ဆရာဝန် ဒေါက်တာ Joel Schlessinger က Lovely Skin.com ဝက်ဘ်ပေ့ခ်ျမှာ အကြံပြု ထားပါတယ်။

အချိုများတဲ့အစားအစာများ

ဓာတုပစ္စည်း တွေနဲ့ ပြုပြင်ထားတဲ့ ဖြူဆွတ်ဆွတ် သကြားမှုန့်တွေနဲ့ အချိုဓာတ် များတဲ့ အစားအစာတွေက ခန္ဓာကိုယ် အလေးချိန်ကို တက်စေတဲ့အပြင် သကြား မော်လီကျူး တွေက အရေပြား တည်ဆောက်မှု ကို ကမောက်ကမ ဖြစ်စေပြီး အရေပြား ကော်လာဂျင်ဓာတ် တွေကို ထိခိုက် စေတာကြောင့် အရွယ်မတိုင်မီ အိုမင်းရင့်ရော် စေပါတယ်။

အရက်သောက်သုံးခြင်း

အရေပြားပေါ်မှာ ကောင်းမွန်တဲ့ ဆဲလ်အသစ်တွေ တည်ဆောက်နိုင်ဖို့ အတွက် ဗီတာမင်အေ က မရှိမဖြစ် လိုအပ်ပါတယ်။ ဒါပေမဲ့ Alcohol ပါတဲ့ အရက်တွေက ဗီတာမင်အေ ကို ပျက်သုဉ်းစေ ကာ ကော်လာဂျင် ထုတ်လုပ်မှုကို ဟန့်တားပစ် လိုက်တယ်။ ဒါကြောင့် အရေပြား အစိုဓာတ်ကို ခန်းခြောက်သွား စေပြီး ကျုံ့နိုင် ဆန့်နိုင်မှု ကို လျော့ကျစေကာ အရေးအကြောင်း တွေ ဖြစ်လာစေ ပါတယ်။ ဒါကြောင့် အရက် အမျိုးမျိုးကို မှီဝဲခြင်းမှ ရှောင်ကြဉ်ကြဖို့ အရေပြား ခွဲစိတ်ဆရာဝန် James C. Marotta က တိုက်တွန်းထား ပါတယ်။

ပီကေဝါးခြင်းကို ရှောင်ပါ

မိမိမျက်နှာ အသားအရေကို ထိန်းသိမ်းတဲ့ အနေနဲ့ ပီကေ မဝါးသင့်ပါဘူး။ ပီကေ ဝါးခြင်းက မျက်နှာပေါ်မှာ အရေးအကြောင်းေ တွ ပေါ်လာစေတဲ့ အပြင် ပါးအတွင်းပိုင်း က ခံတွင်းတစ်သျှူး တွေကိုပါ ထိခိုက် စေပါတယ်။

မိတ်ကပ်မဖျက်ခြင်း

ညစာစားပွဲ၊ ပါတီပွဲတို့လို ညဧည့်ခံပွဲ တွေက ပြန်လာတဲ့အခါ မျက်နှာပေါ်က မိတ်ကပ်တွေကို မဖျက်ဘဲ အိပ်စက်ခြင်းမျိုး ရှောင်သင့်ပါတယ်။ မိတ်ကပ်လိမ်းပြီး အိပ်စက်ခြင်းက ချွေးပေါက် ပိတ်ခြင်း၊ ကော်လာဂျင် ဓာတ်တွေကို ဖျက်ဆီးခြင်း၊ အရေပြား ကျုံ့နိုင်ဆန့်နိုင် မှုကို လျော့ကျစေခြင်း၊ အရေပြား ညစ်နွမ်းခြင်းနဲ့ အရေးအကြောင်းပေါ်ခြင်းတွေ ဖြစ်စေပါတယ်။

ကုတ်ဖဲ့ခြင်း

ဝက်ခြံတွေကို လက်သည်းနဲ့ ကုတ်ဖဲ့ခြင်း က အရေပြား ရောင်ရမ်းစေကာ အမာရွတ်တွေ ကျန်ရစ်စေ ပါတယ်။ ဒါ့အပြင် အရေပြား ပျက်စီးစေကာ အရေးအကြောင်း တွေလည်း ဖြစ်စေနိုင် တာကြောင့် ဝက်ခြံ မမှည့်ခင် လက်သည်းဖြင့် ကုတ်ဖဲ့ညှစ်ခြင်း မျိုးကို ရှောင်သင့်ပါတယ်။

မိတ်ကပ်များကို ဖိဆွဲပွတ်လိမ်းခြင်း

မိတ်ကပ်တွေကို အတင်းဖိဆွဲပြီး ပွတ်လိမ်းခြင်းက မျက်နှာပေါ်မှာ အရေးအကြောင်း တွေပိုပြီး ဖြစ်စေနိုင် ပါတယ်။ ခရင်မ် သို့မဟုတ် နို့ရည် တစ်ခုခုကို မိတ်ကပ် အောက်ခံ အဖြစ် ခံလိမ်းပါ။ မိတ်ကပ် အများကြီး မသုံးဘဲ လိုသလောက် ကိုသာ မျက်နှာအနှံ့ အစက်ချပြီး ညင်ညင်သာသာ ဆွဲလိမ်းပါ။ မျက်ဝန်း တစ်ဝိုက်ကို မိတ်ကပ် မလိမ်းပါနဲ့။ အိုင်းလိုင်နာ အတင်း ဖိဆွဲခြင်းကို ရှောင်ကြဉ် ရပါမယ်။

နေလောင်ကာခရင်မ်

ခရမ်းလွန် ရောင်ခြည်ထဲမှာ ပါတဲ့ UVA တွေက အရေပြား တွန့်စေ တာကြောင့် နွေ၊ မိုး၊ ဆောင်း သုံးရာသီစလုံး နေလောင်ကာ Sunscreen ကို အိမ်ပြင်ထွက်တိုင်း လိမ်းသင့်ပါတယ်။ Zinc Oxide သို့မဟုတ်
Titanium Dioxide ပါတဲ့ SPF 30 နေလောင်ကာ ခရင်မ် အမျိုးအစားတွေ ရွေးချယ် သုံးစွဲပေးပါ။

အိပ်စက်ပုံမှားယွင်းခြင်း

အရွယ်မတိုင်မီ မျက်နှာပေါ်က အရေးအကြောင်းတွေ မဖြစ်အောင် မှောက်အိပ်ခြင်း၊ ဘေးတစောင်း အိပ်ခြင်းမျိုး မလုပ်ဘဲ ပက်လက် အနေအထား အိပ်စက်သင့် ပါတယ်။ အကယ်၍ ပက်လက်လှန် မအိပ်တတ်သူများအနေနဲ့ ဖဲသား ခေါင်းအုံးစွပ်ကို သုံးပေးခြင်းဖြင့် အရေးအကြောင်းတွေ ဖြစ်လာမှုကို အထိုက်အလျောက် လျော့ပါးစေ ပါတယ်။ 

ပေါက်ပေါက်

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger