www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 10, 2016

စာရိတ္တကောင်းတွေ ကိုယ်တိုင်ခူးဆွတ်သိုလှောင် ထားဖို့လိုသည့်



( အနီမောင် )

ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို အလိုရှိရင် ကိုယ်ကိုယ်တိုင် ကလဲ သန့်ရှင်းနေဖို့ လိုတယ်။ မိမိရဲ့ စိတ်သဏ္ဌာန်က ဖြူစင်နေရင် ပတ်ဝန်းကျင်ကို အကောင်း မြင်နိုင်မှာဖြစ်တယ်။ 'ဘယ်သူမပြု မိမိမှု'  ဆိုတဲ့စကားနဲ့ သက်ဆိုင်နေ မလားတော့ မသိပါ။ လှပသန့်ရှင်းတဲ့ စာရေးသူတို့ရွာ၊ စာရေးသူတို့မြို့၊ စာရေးသူတို့ နိုင်ငံ၊ စာရေးသူတို့ ကမ္ဘာဖြစ်ဖို့ ငြိမ်းချမ်းတဲ့ အဇ္ဈတ္တစိတ်ကို အရင် တည်ဆောက်ရမှာ ဖြစ်တယ်လို့ ပြောချင်တာပါ။

မန္တလေးမြို့ လမ်းမကျယ် တစ်ခုရဲ့ဘေးမှာ ရောင်းသူမဲ့ ရေသန့်ဘူး အရောင်းဆိုင် တစ်ဆိုင် တွေ့ရတယ်။ အံ့သြသွား မလားတော့ မသိပါဘူး။ ဆိုင်ပါဆိုမှ ရောင်းသူရှိရမှာပေါ့ လို့ ပြောချင်သူတွေ အတွက် နိုင်ငံခြားမှာ ဒီလိုမျိုး ခေတ်စားနေတာ ကြာပါပြီ။ ကိုဝမ်း ဆိုတဲ့ ပရဟိတသမား တစ်ယောက်က အခုလို နေပူ၊ လေပူရင် ပူနေသူ တွေကို ရေအေးအေးလေး တိုက်ချင်နေပုံ ပေါ်တယ်။ ဒါနဲ့ပဲသူနိုင် သလောက် ရေသန့်ဘူးတွေ ရေခဲစိမ်ပြီး ချထားပေးတယ်။ ရေသန့် တစ်ဘူးကို ငွေကျပ် ၃ဝဝ၊ ဘယ်သူမဆို ဝယ်ယူသုံးဆောင် နိုင်သတဲ့။ ပိုင်ရှင်မရှိ ပါတဲ့။ ဝယ်ယူတဲ့ငွေကို ထည့်သွားရုံပါပဲ။ ငွေအမ်းချင် ရင်တော့လဲ ကိုယ်တိုင် အမ်းငွေကို ယူသွားရုံပါပဲ။ သူကတော့ လူတွေရဲ့ စိတ်အခြေအနေ ရိုးသား သန့်ရှင်းမှုကို ညနေကျမှ သိရတော့မှာ ပဲလို့ မှတ်ယူ ပါတယ်။ ညနေကျတော့ ကုန်သွားတဲ့ ရေသန့်ဘူးနဲ့ ငွေထည့်ခွက်မှာ ရရှိလာတဲ့ ငွေပမာဏကို တိုက်ဆိုင်စစ်ဆေး ကြည့်ဖို့ပေါ့လေ။ ဒါပေမဲ့ ညနေမှာ ဘယ်လို အဖြေထွက်တယ် ဆိုတာကိုတော့ စာရေးသူ မသိလိုက်ရပါ။

ပရဟိတသမားကို တခြားမှာ လှူဒါန်းဖို့ ပိုပြီးထည့်ပေးသွား ချင်သူရှိသလို ငွေမပြည့်စုံလို့ မပေးသွားသူလဲ ရှိကောင်း ရှိနိုင်မှာပါ။ ယေဘုယျ သဘောတော့ ဆောင်တယ်။ ဒါပေမဲ့လဲ စိတ်ဓာတ် အင်အားတွေ၊ ကောင်းမွန်တဲ့  လုပ်ရပ်တွေ စုပေါင်း လိုက်ရင် နေချင်စဖွယ် မြို့တစ်မြို့ ဖြစ်လာရမှာပါ။ အဲဒီလုပ်ရပ်ရဲ့ နောက်ကွယ်မှာ စဉ်းစားစရာတွေ အများကြီး ပေါ်လာမှာပါ။ ကြိုဆိုပါတယ်။ ပရဟိတ စိတ်ဆိုတာ ကိုယ်ရဖို့ထက် သူတစ်ပါးကို ဘယ်လို ပံ့ပိုးပေးရမလဲ ဆိုတာပါပဲ။ အဲဒီရသကို ခံစားဖူးသူ တွေသိပါတယ်။ စာရေးသူတို့ နိုင်ငံမှာ အဲဒီ အလင်းရောင်တွေ ရောင်နီပျိုး နေပြီလို့ ထင်ပါတယ်။

စာရေးသူတို့ နိုင်ငံကို တည်ဆောက်ကြ ရာမှာ အတတ်ပညာ ပြည့်စုံပေမယ့်လဲ အသိပညာ မပြည့်စုံရင် ပျော်ရွှင် ကြည်နူးဖွယ် ဘဝကို ဖြတ်သန်း နိုင်ကြမှာ မဟုတ်ပါဘူး။ ဒီလိုပဲ တိုင်းပြည် ကောင်းအောင် တိုင်းပြည်ချစ်စိတ် နဲ့ အတင်း ပြောင်းလဲလိုက် ကြပြီး အတတ်ပညာ ချို့တဲ့ရင်တော့ ဆင်းရဲတွင်းက တက်နိုင်မှာ မဟုတ်ပါဘူး။

အသိပညာ၊ အတတ်ပညာ နှစ်ခုလုံးပြိုင်ပြီး တိုးတက်လာပါမှ စာရေးသူတို့ နိုင်ငံ စိမ်းလန်းစိုပြည်ပြီး နေချင်စဖွယ် ဖြစ်လာမှာ ဖြစ်တယ်။ နိုင်ငံတော် တည်ဆောက်ရေး မှာ စိတ်ဓာတ် ခွန်အားတွေ ပြည့်ပြီး အတတ်ပညာရှင် တွေနဲ့ ထီးမိုးလိုက်မှ အရိပ်ရ အေးမြတဲ့ ပတ်ဝန်းကျင်ကို ရရှိပိုင်ဆိုင် ခံစားကြရမှာ ဖြစ်တယ်။ လူ့ပတ်ဝန်းကျင်ရဲ့ စာရိတ္တ ကောင်းတွေ ဘယ်လောက် ထွန်းကားပြီလဲ ဆိုတာကို ကိုဝမ်း က စမ်းသပ်သလို စာရေးသူလဲ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ် (၁၉၇ဝပြည့်နှစ်ကျော်) ကာလလောက်က စမ်းသပ် ခဲ့ဖူးတာကို ပြောပြပြီး ညနေမှာ ဘယ်လို အဖြေထွက် သလဲဆိုတာ ပြောပြချင် ပါသေးတယ်။

သင်တန်းတစ်ခု မှာပါ။ လူငယ်သင်တန်း ပါ။ ရန်ကုန် ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ် မှာ စာရေးသူ စည်းရုံးရေး သင်တန်းတစ်ခု ပေးရတယ်။ ဒါ့ပြင် လက်ထောက် သင်တန်းမှူး တာဝန်ကိုလဲ ယူထားရတော့ သင်တန်း သားတွေရဲ့ အသေးစိတ် ကိစ္စကိုလဲ ဆောင်ရွက်ရ ပါတယ်။ ရန်ကုန် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်မေဂျာ ၁၄ ခုမှ ခေါင်းဆောင်ငယ်တွေ သင်တန်းတက် ကြတယ်။ အဲဒီသင်တန်းသား တွေထဲမှာ စာပေ ပညာရှင်တွေ၊ အတတ် ပညာရှင်တွေ ဖြစ်ကုန်ကြပြီး တချို့လဲ မရှိကြတော့။ သင်တန်းခန်းမရဲ့ နောက်မှာ မုန့်ဆိုင်လေး တစ်ဆိုင် ဖွင့်ထားတယ်။ ဆိုင် အရောင်းသမား မထားပါဘူး။ မုန့်ထုပ်တွေမှာ ဈေးနှုန်း ကပ်ထားတယ်။ ငါးမူး၊ တစ်မတ်၊ တစ်ကျပ်၊ ဆယ်ပြား အစ ရှိသဖြင့်ပေါ့။ ငွေထည့်တဲ့ခွက် ထားထားတယ်။ အဖုံးလေးနဲ့ စာတန်းကပ် ထားတယ်။ သင်တန်းခန်းမ ဟောပြောခန်းမှာ သူတို့ကို မှာထားတယ်။ ရဲဘော်တို့ အားလပ်ချိန်မှာ အချိုရည်၊ အချဉ်ပေါင်း၊ နေကြာစေ့လှော် စတဲ့ စားစရာတွေ ဆိုင်မှာ ထားတဲ့ အကြောင်း၊ လိုအပ်တာကို စာရေး အကြံပေး နိုင်ကြောင်း၊ ဝယ်ယူတဲ့ မုန့်ပဲသရေစာ ဖိုးကို ဘူးထဲမှာ ထည့်ခဲ့ဖို့ အကြောင်း၊ ဆိုင်ရှင် မထားတာဟာ အဓိပ္ပာယ် ရှိကြောင်း ပြောခဲ့တယ်။ ရဲဘော်တို့ကနိုင်ငံအတွက် အလုပ်လုပ် ကြမယ့် မေဂျာ ပေါင်းစုံက ခေါင်းဆောင်တွေ ဖြစ်တဲ့အကြောင်း၊ နိုင်ငံရေး အတတ်ပညာမှာ စာရိတ္တ ကောင်းတွေ အထူး လိုအပ်လို့ ရဲဘော်တို့ရဲ့ စိတ်ဓာတ်ကို လေးစားလို့ ဒီလိုလုပ်ရ၊ စမ်းသပ်ရတဲ့ အကြောင်းကို ပြောတယ်။ တစ်ဦး တစ်ယောက် စည်းကမ်း ဖောက်တာနဲ့ သင်တန်း တစ်ခုလုံး နာမည် မပျက်သင့်ကြောင်း လောက်တော့ ပြောပြ ဖြစ်တယ်။

သင်တန်းသား ရဲဘော်တွေ ကလဲ ပျော်ရွှင်စွာ ဝယ်ယူ သုံးဆောင် ကြတယ်။ လူရွှတ် လူနောက်တွေလဲ ရှိတယ်။ မရိုးမသား လုပ်သူတွေလဲ ပါကောင်း ပါမှာပါ။ စာရေးသူ ကတော့ စမ်းသပ်ချက်ဟာ ယေဘုယျသာ ဖြစ်မယ်လို့ ယူဆထားပြီး သားပါ။ အဲဒီ သင်တန်းသား ရဲဘော်တွေ အတွက် နေ့လယ်စာ ကိုလဲ စီစဉ်ပေးရတယ်။ သူတို့ အားလုံးအတွက် ဝတ်စုံ ယူနီဖောင်း တွေကိုလဲ အချိန်မီရဖို့ စီစဉ်ရတယ်။ အောက်ခြေသိမ်း စီစဉ်ပေးတယ်။ နောင် တစ်ချိန်မှာ သူတို့ဟာ နိုင်ငံရဲ့ နေရာအနှံ့မှာ တာဝန် ယူတဲ့အချိန် စိတ်ကောင်း စေတနာကောင်း တွေနဲ့ ဖြတ်သန်းခံယူ လုပ်ကိုင်သွား ကြရင် ကျေနပ်ပြီဆိုတဲ့ စိတ်နဲ့ ကြိုးစားပြီး ဖြည့်ဆည်း လုပ်ကိုင်ပို့ချ ပေးခဲ့တာပါ။

ညနေစောင်း သင်တန်း မဆင်းမီ အချိန် ဆိုင်ဘက်ကို တစ်ပတ်ဝေ့ကြည့်မိတယ်။ မုန့်ထုပ်တွေ အတော်ကုန်နေပြီ။ ငွေထည့်တဲ့ ဘူးမှာလဲ အကြွေစေ့တွေ၊ ကျပ်တန်စက္ကူ တွေရောက်နေပြီ။ ဒါပေမဲ့ စာရေးသူ စိစစ်ရေတွက် မကြည့်နိုင်သေး ပါဘူး။ စည်းကမ်းကို ဘယ်လောက် လိုက်နာသလဲ။ အဲဒီ စည်းကမ်းက လိုက်နာနိုင်တဲ့ စည်းကမ်းလား။ ကိုယ်ကိုယ်တိုင် ရော လိုက်နာနိုင်ရဲ့လား။ အသိပညာ စိတ်ဓာတ်နဲပ ယှဉ်တဲ့ စည်းကမ်း သတ်မှတ်ချက်လား။ စာရေးသူ စဉ်းစားပြီးမှ အကောင်အထည် ဖော်ကြည့်တဲ့ စမ်းသပ်ချက်ပါ။ အခုတော့ သင်တန်းသား ရဲဘော်တွေ လူကြီးတွေ ဖြစ်ကုန်ကြပြီ။ အဲဒီတုန်းက စမ်းသပ်ချက်၊ လေ့လာချက် နဲ့ စာရေးသူရောက်နေတဲ့ မန္တလေးမြို့ရဲ့ ရေသန့်ဘူး အရောင်းဆိုင်ကို ယှဉ်ထိုးကြည့် နေမိတယ်။

ခေတ်တွေလဲ ပြောင်းခဲ့ပါပြီ။ စနစ်တွေလဲ အလီလီ ပြောင်းခဲ့ပါပြီ။ လူတွေလဲ ပြောင်းခဲ့ပါပြီ။ မတည်မြဲတဲ့ လောကကြီးမှာ စာရေးသူတို့ သမိုင်းကို ဘယ်လိုဖြတ်သန်း ခဲ့ကြပါသလဲ။ စာရေးသူတို့ စာရိတ္တတွေ ဘယ်လို တည်ဆောက် ခဲ့ကြပါသလဲ။ ပတ်ဝန်းကျင် ကောင်းဖို့ ကိုယ်ကောင်းမှ ရမယ်ဆိုတဲ့ အယူအဆ အတွေးအခေါ်ကို လက်ကိုင်ထားဖို့၊ ကျင့်သုံးဖို့ လိုတယ် မဟုတ်လား။

လွန်ခဲ့တဲ့ နှစ်ပေါင်း လေးဆယ်ကျော်က သင်တန်းတစ်ခုမှာ စမ်းသပ်ခဲ့တာနဲ့ ဒီနေ့ မန္တလေးမြို့ရဲ့ တစ်နေရာမှာ ပရဟိတ သမားတစ်ယောက် စမ်းသပ်တာ ယှဉ်ထိုးကြည့်ပြီး တွေးနေမိတယ်။

အဲဒီ တက္ကသိုလ် ကျောင်းသား ဘဝတုန်းက ညနေခင်းမုန့်ဆိုင် အရောင်းစာရင်းကို စာရေးသူ တစ်ယောက်သာ သိသလို မန္တလေး ညနေခင်း ရေသန့်ဘူး အရောင်းစာရင်းကို ပရဟိတ သမား တစ်ယောက် က သိနေမှာပဲ။

ဒီထက်ပိုပြီး ပြောရရင် မုန့်ဝယ်စားတဲ့ သူတွေ၊ ရေသန့်ဘူး ဝယ်သောက်တဲ့ သူတွေကိုယ်တိုင် သိနေတယ်။ လိမ်ညာလို့ မရ၊ အမှန်တရားကို လိမ်ညာလို့ မရ ကိုယ်တိုင်သိ နေတယ် ဆိုတာပါပဲလေ။

ရတနာပုံနေ့စဉ် ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page