www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 10, 2016

နိုင်ငံတကာဖိတ်ခေါ် အနုပညာပွဲများ ကျင်းပ ပြုလုပ်ခြင်းဖြင့် မြန်မာ့ယဉ်ကျေးမှု ကမ္ဘာ့နိုင်ငံ များသို့ ပျံ့နှံ့ကူးစက်မှု ရှိဟုဆို



ရန်ကုန် ၊ ၁၀-၃-၂၀၁၆

နိုင်ငံတကာဖိတ်ခေါ် အနုပညာ ဖျော်ဖြေပွဲများ ကျင်းပ ပြုလုပ်ခြင်းဖြင့် မြန်မာ့ ယဉ်ကျေးမှု ရိုးရာဓလေ့များ ကမ္ဘာ့နိုင်ငံများသို့ ပျံ့နှံ့ကူးစက်မှု ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား၊ နိုင်ငံတော် သံစုံတီးဝိုင်း ညွှန်ကြားရေးမှူး ဦးတိုးကျော် က မတ် ၇ ရက်က မန္တလေးမြို့ ၆၄ လမ်းရှိ ရွှေဖြူဟိုတယ် ၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

နိုင်ငံတော် သံစုံတီးဝိုင်း အနေဖြင့် ၂ဝ၁၂ ခုနှစ်တွင် ပြင်သစ်နိုင်ငံ မှ အနုပညာရှင် များနှင့် လည်းကောင်း၊ ကမ္ဘောဒီးယား နိုင်ငံမှ အနုပညာရှင် များနှင့် လည်းကောင်း၊ အမေရိကန်မှ အနုပညာရှင် များနှင့် လည်းကောင်း ပူးပေါင်း ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြောင်း ယခုနှစ်တွင် ဂျပန်နိုင်ငံမှ အနုပညာရှင် များနှင့် ရန်ကုန်၊ နေပြည်တော် နှင့် မန္တလေးမြို့ တို့တွင် ပူးပေါင်း ဖျော်ဖြေ တင်ဆက်မှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ထိုကဲ့သို့ ဖျော်ဖြေပွဲ များတွင် မြန်မာတို့၏ ရိုးရာ တေးသီချင်းများ၊ အတီးအခတ် သံစဉ်များ၊ ဝတ်စား ဆင်ယင်မှုများ၊ ရိုးရာကကွက် များကို နိုင်ငံတကာမှ ပညာရှင်များက စိတ်ဝင်စားစွာ လေ့လာပြီး မြန်မာသံစဉ်များ၊ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း များကို လိုက်ပါတီးခတ် ဖျော်ဖြေမှုများ ရှိကြောင်း၊ အလားတူ နိုင်ငံတကာမှ ဖိတ်ခေါ်ချက် များ အရ မြန်မာသံစဉ် တီးခတ်မှုများ၊ ရိုးရာ ယဉ်ကျေးမှုကို ဖော်ညွှန်းသော အက တင်ဆက်မှု၊ ဝတ်စား ဆင်ယင်မှု များကို သွားရောက် ဖျော်ဖြေ တင်ဆက်ရာ နိုင်ငံတကာ အနုပညာ အသိုင်းအဝိုင်း က လက်ခံ ကျင့်သုံးမှုများ ရှိကြောင်း သိရသည်။ 

''ဒီလိုမျိုး ယဉ်ကျေးမှုကို ကိုယ် စားပြုတဲ့ သံစဉ်တွေ၊ ရိုးရာအကတွေ၊ ဝတ်စားဆင်ယင်မှု တွေက ဖိတ်ခေါ် ဖျော်ဖြေပွဲတွေ ကနေ တစ်ဆင့် မြန်မာ့ ယဉ်ကျေးမှုကို နိုင်ငံတကာ မှာ ပျံ့နှံ့စိမ့်ဝင် စေပါတယ်။ နိုင်ငံတကာ ကလဲ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို လက်ခံကျင့်သုံး တာ တွေ့ရပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြသည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအနု ပညာများသည် နိုင်ငံတကာ ဖိတ်ခေါ် ဖျော်ဖြေပွဲ များမှတစ်ဆင့် နိုင်ငံတကာ သို့ ပျံ့နှံ့ရောက်ရှိ ကြောင်းနှင့် အနုပညာ နှီးနှောဖလှယ်မှု အကျိုးရလဒ် ပင်ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger