www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 24, 2016

တပ်မတော်သား တို့၏ စွန့်လွှတ်စွန့်စားမှုများကို ပေါ်လွင်အောင် ရိုက်ကူး ပုံဖော်ထားသည့် " အညတရ မိုးကောင်းကင် "



ကချင်ဒေသ တိုက်ပွဲတစ်ခုတွင် ကျဆုံးသွားသည့် သီဟသူရ အောင်သိန်း ၏ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူး ထားသော တပ်မတော် ဂုဏ်ပြုဇာတ်လမ်း ဖြစ်သည့် အညတရမိုးကောင်းကင် ဇာတ်ကားကို ဒါရိုက်တာများ အဖြစ် တင်အောင်စိုး (ပန်းမြို့တော်)နှင့် ဝေဠုကျော်တို့က ရိုက်ကူးထားကြပြီး ဝေဠုကျော်၊ နေဒွေး၊ အေးမြတ်သူနှင့် ဆောင်းဝတ်ရည်မေ တို့က ပါဝင် သရုပ်ဆောင် ထားကြသည်။

အဆိုပါ ဇာတ်ကားကို မတ် ၂၇ ရက်တွင် ကျရောက်မည့် (၇၁) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသော အားဖြင့် ၂ဝ၁၄ ခုနှစ် ကတည်းက တည်ရှိနေခဲ့သော ဇာတ်ညွှန်းကို ပြန်လည် အသက်သွင်း ပုံဖော်ရိုက်ကူး ခဲ့ခြင်းဖြစ်သည်။ ယင်း ဇာတ်ကားတွင် တပ်မတော်သား တစ်ဦး၏ ဘဝပုံရိပ် များနှင့် စစ်မြေပြင်၌ ကြုံတွေ့ ရသည့် အခက်အခဲ များကို ပေါ်လွင်အောင် ပုံဖော်ထားသဖြင့် အက်ရှင်၊ ဒရာမာ ရသများကို ခံစားနိုင်မည် ဖြစ်ပြီး အမိမြေကို ကာကွယ် နေရသည့် တပ်မတော်သား များ၏ ဘဝကို ထင်ဟပ်စေရန် ရိုက်ကူးထားသည်။ အညတရ မိုးကောင်းကင် ဇာတ်ကားကို မတ် ၂၃ ရက်နှင့် ၂၅ ရက်တို့တွင် ည ၉ နာရီ မိနစ် ၃ဝ နှင့် မတ် ၂၆ ရက် ည ၈ နာရီ သတင်းအပြီးတွင် MWD Channel ၊ MWD Variety Channel ၊ MWD Movies Channel နှင့် MWD Documentary Channel တို့မှ ထုတ်လွှင့်ပြသ သွားမည် ဖြစ်ရာ ယင်းဇာတ်ကားတွင် ပါဝင်သော အနုပညာရှင် များနှင့် တွေ့ဆုံမေးမြန်း ဖြစ်ခဲ့သည်များကို စာဖတ် ပရိသတ်များ သိရှိနိုင်စေရန် ဖော်ပြလိုက် ပါသည်။

ဒါရိုက်တာ တင်အောင်စိုး (ပန်းမြို့တော်)

၂ဝ၁၄ ခုနှစ်က ကချင်ဒေသ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ သီဟသူရဘွဲ့ ရရှိသူ ဆရာ အောင်သိန်းရဲ့ အကြောင်း ကလည်း ခေတ်စားနေတယ်။ သူနဲ့ ပတ်သက်ပြီး ဇာတ်လမ်းလေး တစ်ပုဒ် ရေးဖို့ ဖြစ်လာတော့ တိုက်ပွဲဝင်ခဲ့တဲ့ စစ်သည်တွေ၊ ဆရာ အောင်သိန်း ရဲ့ မိသားစုဝင် တွေနဲ့တွေ့ပြီး မေးခဲ့ရင်းနဲ့ ဒီ ဇာတ်လမ်းလေး ဖြစ်လာတာပါ။ ပထမတော့ ဇာတ်လမ်းက သီဟသူရ အောင်သိန်း ဇာတ်လမ်းပေါ့။ ဒါပေမဲ့ တချို့ အကြောင်းအရာ တွေက ဇာတ်လမ်း အတိုင်း ဖော်ပြဖို့ မဖြစ်တဲ့အတွက် ဒီဇာတ်လမ်းလေးကို ပြုပြင် ပြောင်းလဲရင်းနဲ့ အညတရ မိုးကောင်းကင် ဖြစ်သွားတာပါ။ ဒါကို ဒီနှစ် တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်း အတွက် ဇာတ်လမ်းလေးကို ပြုပြင် ပြောင်းလဲပြီး ရိုက်ကူးဖြစ်ခဲ့ တာပါ။ ဇာတ်လမ်းလေး ကတော့ ဆရာ အောင်သိန်းရဲ့ ဘဝ တစ်စိတ် တစ်ဒေသ ပါဝင်ပြီး ကျန်တာကတော့ တပ်မတော်သား တွေရဲ့ စွန့်လွှတ် စွန့်စားမှုတွေ ပေါ်လွင်အောင် ပြုပြင် ပြောင်းလဲပြီး ရိုက်ကူး ထားတာပါ။

ဒါရိုက်တာ၊ သရုပ်ဆောင် ဝေဠုကျော်

တပ်ကြပ်ကြီး ရဲသွေးနေရာက ပါဝင် သရုပ်ဆောင် ရတာ ဖြစ်ပါတယ်။ အရက်သောက်ပြီး စစ်ထောင်ကျ သွားတဲ့နောက် ကိုယ့်ဘဝကို ပြန်ကြိုးစားသူ နေရာက ပါဝင်ထား ပါတယ်။ ဒီဇာတ်ကားမှာ ဒါရိုက်တာ တစ်ဦး အနေနဲ့ရော သရုပ်ဆောင် တစ်ဦး အနေနဲ့ပါ ပါဝင် ထားပါတယ်။ ကျွန်တော် တတ်နိုင်သလောက် ကြိုးစား ရိုက်ကူး ထားပါတယ်။ စစ်ဘက်ဆိုင်ရာ နဲ့ ပတ်သက်ပြီးတော့ ဗိုလ်ကြီး တင်အောင်စိုး ရဲ့ အကြံဥာဏ်ေ တွကို ယူပြီး ရိုက်ကူးထား ပါတယ်။  ဘာပဲဖြစ်ဖြစ် အကောင်းဆုံးလေး ဖြစ်သွားမယ်လို့ ထင်ပါတယ်။ ကြိုးစားထားတဲ့ အရာတွေ ဘယ်လောက်အထိ အောင်မြင်လာ မလဲ ဆိုတာကိုတော့ ပရိသတ်တွေ စောင့်ကြည့်ကြ ပါလို့ ပြောချင်ပါတယ်။ ဂုဏ်ပြု ဇာတ်လမ်းက ပထမဆုံး ရိုက်ကူးဖြစ် တာပါ။ ဒရာမာရော အက်ရှင်ပါ ပါတယ်။ စစ်သားတစ်ဦးရဲ့ ဘဝကို ပုံဖော်ရိုက်ကူး ထားတာလည်း ဖြစ်တယ်။ စစ်မြေပြင်ရဲ့ ခက်ခဲမှုတွေကို သရုပ်ဖော် ထားတာပါ။ နောက်ပြီး လူတိုင်း မှားတတ်ကြ ပါတယ်။ တပ်မတော်သား တစ်ဦးလည်း မှားတတ်တယ်။ အဲဒီ အမှားကို ပြန်ကြိုးစားတဲ့ အခါမှာ သူ့ဘဝအတွက် ပန်းတိုင်ရောက် သွားတယ်ပေါ့။ အဓိကကတော့ အမှားကို အမှားအတိုင်း မထားဘဲ ပြန်ပြီး ကြိုးစားမယ်ဆိုရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်တယ် ဆိုတဲ့ အသိလေး ပေးချင်တာပါ။

သရုပ်ဆောင်နေဒွေး

ကျွန်တော့်ကို ဗိုလ်ကြီး တင်အောင်စိုးက ကမ်းလှမ်းလို့ ပါဝင် ရိုက်ကူးဖြစ် တာပါ။ ဗိုလ်ကြီး နေမျိုး နေရာက ပါဝင် သရုပ်ဆောင် ထားပါတယ်။ ကိုယ့်လက်အောက် ငယ်သားတွေကို သံယောဇဉ်ကြီးသူ တစ်ဦး ပုံစံလေးပါ။ နောက်ဆုံး ကိုယ်က တိုက်ပွဲမှာ ကျသွားတယ်။ ဒီဇာတ်ကားက ကျွန်တော့်ရဲ့ ပထမဆုံး တပ်မတော် ဂုဏ်ပြု ဇာတ်ကားပါ။ အရမ်းလည်း ပင်ပန်းပါတယ်။ သေချာလေးလည်း ကြိုးစား ထားပါတယ်။ စစ်သားတစ်ဦး နေပုံနေနည်းနဲ့ စစ်စည်းကမ်း တွေကို နားလည်အောင် ကျွန်တော် ကြိုပြီး လေ့လာ ထားရတယ်။ အနီးစပ်ဆုံး တပ်မတော် အရာရှိ တစ်ဦးနဲ့ တူအောင် ကြိုးစား ထားပါတယ်။ ကျွန်တော့် အတွက် ကတော့ ထူးဆန်းတယ်။ အက်ရှင်ကားတွေ ရိုက်ဖူးပေမယ့် ဒီလိုမိုင်းတွေ၊ ရေမိုင်းတွေခွဲပြီး အကြီးအကျယ် ရိုက်တာ သိပ်မရှိဘူး။ ကျည်အစစ်တွေ သုံးပြီး ရိုက်ရတာ ဆိုတော့ ရင်ခုန် စိတ်လှုပ်ရှား ပါတယ်။

သရုပ်ဆောင်အေးမြတ်သူ

တပ်ကြပ်ကြီး ရဲသွေး ရဲ့ဇနီး နေရာက ပါဝင် သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကားက ဇာတ်လမ်းရော ဇာတ်အိမ်ပါ ကောင်းတယ်။ ဒီဇာတ်ကားထဲမှာ တပ်ကြပ်ကြီး ဇနီးရဲ့ ဘဝ ဖြတ်သန်းပုံ လေးတွေ ပါမယ်။ ဇာတ်လမ်းလေးက ရိုးရှင်းပြီး ဆန်းတယ်။ မိသားစု ဇာတ်လမ်း ဇာတ်အိမ်လေး လည်း ပါတယ်။ ဒီဇာတ်ကားမှာ ကိုယ့်ရဲ့ ဝတ်စားဆင်ယင်မှု ကိုတော့ သေချာ ပြင်ဆင်တယ်။ ကိုယ့်ယောက်ျားကို ပြောတဲ့ စကားလုံးလေး တွေကအစ အများကြီး ပြင်ဆင်ရပါတယ်။

သရုပ်ဆောင် ဆောင်းဝတ်ရည်မေ

ဒီဇာတ်ကား မှာက တပ်ရေးဗိုလ်ကြီး ရဲ့ ဇနီးနေရာက ပါဝင် သရုပ်ဆောင် ထားပါတယ်။ ပြီးတော့ တပ် လိုင်းခန်းတွေ ထဲမှာနေတဲ့ မိသားစုတွေကို ဂရုစိုက်တတ်တဲ့ ပုံစံမျိုးပါ။ တပ်မတော် ဂုဏ်ပြုဇာတ်ကား တစ်ကား 
ဖြစ်တဲ့အတွက် တာဝန်လည်း ပိုကြီးသလို ဂုဏ်လည်း ယူရပါတယ်။




အေးမြတ်မိုး

မြ၀တီနေ့စဉ် ၊ စာ(၂၁)

မှတ်တမ်းဓာတ်ပုံတစ်ချို့





No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger