www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 26, 2016

ပညာရေးကို ဦးစားပေးသူများ လုပ်ငန်းခွင် အောင်မြင်မှုပိုမိုမြင့်မား



ပညာ တတ်မြောက်မှုနဲ့   ကြွယ်ဝ ချမ်းသာမှု ဆက်စပ် နေပါသလား။ ဘွဲ့များများ ရတဲ့လူက ပိုပြီးအောင်မြင် ချမ်းသာမယ် ဆိုရင် ဘွဲ့မရ၊ ကျောင်းမပြီး သူတွေက ဘယ်လောက် ကြိုးစား ကြိုးစား လူလတ်တန်းစား အဆင့်ကနေ မတက်နိုင် တော့ဘူးလား။ ကမ္ဘာ့ အချမ်းသာဆုံး ဘီလျံနာ ၁ဝဝ မှာ ၇၅ ရာခိုင်နှုန်းဟာ ကမ္ဘာကျော် တက္ကသိုလ်ကြီး တွေကနေ ဘွဲ့ရထားကြ သူတွေ ဖြစ်ပါတယ်။  ဒါပေမဲ့ ဘာဘွဲ့မှမရှိဘဲ ကိုယ်ထူး ကိုယ်ချွန်ပြီး ဘီလျံနာဖြစ် လာကြသူတွေ ကလဲ ၂၅ ရာခိုင်နှုန်းတော့ ရှိနေပါတယ်။

ဒီတော့ ကိန်းဂဏန်းအရ စကား ပြောရမယ် ဆိုရင် ဘွဲ့မရလဲ ဘီလျံနာ ဖြစ်နိုင်ပေမယ့်  ဘွဲ့ရထားရင်  ဘီလျံ နာဖြစ်နိုင်ခြေ   ပိုမြင့်မား နိုင်ပါတယ်။ သေချာတာ ကတော့  ဘွဲ့ရတိုင်းလဲ ဘီလျံနာ မဖြစ်နိုင်ပါဘူး။  ဒါပေမဲ့ ဘီလျံနာ ဖြစ်လာရင်တော့    အနည်း ဆုံး  ဘွဲ့တစ်ခု ဒါမှမဟုတ် ဘွဲ့လွန် ဒီပလိုမာ တစ်ခုကိုတော့ ရအောင်ယူထား ကြတာ တွေ့ရပါတယ်။ ဒီတော့ ပညာ တတ်မြောက်မှု နဲ့ ကြွယ်ဝ ချမ်းသာမှုဟာ ဆက်စပ် နေတယ်လို့ပဲ ဆိုရပါလိမ့်မယ်။  ဒီလိုဆိုရင် ဘယ်အရွယ်ထိ ကျောင်းတက် နေမှာလဲ။  ပညာရေးကို  ဘယ်လောက် အတိုင်းအတာထိ  လိုက်စားမလဲ။ ဘွဲ့တစ်ခု ရပြီးတာနဲ့ လုပ်ငန်းခွင် လောကထဲကို ခြေစုံပစ်ဝင်ပြီး အလုပ် လုပ်တော့မလား၊ ဒါမှမဟုတ် ဘွဲ့တွေ၊ ဒီပလိုမာတွေ၊  ဒီဂရီတွေ  တစ်ခုပြီး တစ်ခုယူပြီး စိတ်ကျေနပ် တော့မှ  အလုပ် စလုပ်မလား။  ဒီနေ့ ဒီအချိန်မှာ ဘီလျံနာ ဖြစ်နေကြ သူတွေကရော ပိုက်ဆံ တတ်နိုင်လို့ ကောင်းပေ့ဆိုတဲ့ ကျောင်းတွေကို တစ်ခုပြီးတစ်ခု တက်ပြီးတော့ ထိပ်တန်းဘွဲ့တွေ ရယူခဲ့ကြလို့ လုပ်ငန်းခွင် လောကမှာ ထိတ်ထိတ်ကြဲတွေ ဖြစ်လာတာလား ဒါမှမဟုတ် ကျောင်းမှာ အချိန်ဖြုန်း မနေဘဲ လုပ်ငန်းခွင် လောကထဲကို စောစောစီးစီး ဝင်ခဲ့ကြတာလား ဆိုတာ တွေးစရာ ဖြစ်လာပါတယ်။  

ကမ္ဘာကျော် ဘီလျံနာ သူဌေးတွေကို လေ့လာကြည့်တဲ့ အခါ ဘွဲ့မရတဲ့ သူတွေ မရှိသလောက် ပါပဲ။ သူတို့အားလုံးဟာ အနည်းဆုံး ဘွဲ့တစ်ခုနဲ့ ဘွဲ့လွန် ဒီပလိုမာ တစ်ခုရရှိထား သူတွေ ဖြစ်ပါတယ်။ အထက်တန်းကျောင်း လောက်ပဲ အောင်မြင်ထားပြီး အလုပ်နဲ့ ဘဝအတွေ့အကြုံ တစ်ဆင့်ပြီး တစ်ဆင့် အောင်မြင် တိုးတက်လာတဲ့ လုပ်ငန်းရှင် တွေထဲမှာ ဘီလျံနာ အဆင့်ထိ ချမ်းသာကြွယ်ဝ သွားသူတွေ ရှိပေမယ့် နည်းတာကို တွေ့ရပါ တယ်။

ဘီလျံနာ တွေထဲမှာ ဘွဲ့တစ်ခုရပြီး  အလုပ်လုပ်၊ အလုပ်လုပ်ရင်း ငွေရှာ၊ ငွေရှာရင်း ကျောင်းပြန်တက် ခဲ့ကြသူတွေ ပိုများတာကို တွေ့ရပါတယ်။  လွန်ခဲ့တဲ့နှစ် ၂ဝ အတွင်း  ကမ္ဘာကျော် ဘီလျံနာ ဖြစ်ခဲ့ကြတဲ့ လူဦးရေ ၁ဝဝ ကို Forbes မဂ္ဂဇင်းက လေ့လာဆန်းစစ် ကြည့်တဲ့အခါ ဘီလျံနာ ၇၆ ရာခိုင်နှုန်းဟာ အနည်းဆုံး ဘွဲ့တစ်ခု ရရှိထားပါတယ်။ တိတိကျကျ ပြောရမယ် ဆိုရင် ၄၇ ရာခိုင်နှုန်းမှာ Bachelor ဘွဲ့ရှိပြီး ၂၃ ရာခိုင်နှုန်းက Master ဘွဲ့ရအောင် ပြန်တက်ကြ ပြီးတော့ ၆ ရာခိုင်နှုန်းက Doctor ဘွဲ့ရရှိ ထားတာကို တွေ့ရပါတယ်။  သူတို့တွေ ရွေးချယ် တက်ရောက်တဲ့ ဘာသာရပ်တွေ ကလဲ ဆင်တူ တာကို တွေ့ရပါတယ်။ အများစုက  ဘောဂဗေဒ နဲ့ အင်ဂျင်နီယာ နည်းပညာ အထူးပြု ဘာသာရပ်တွေကို  ရွေးချယ် တက်ရောက် ထားပါတယ်။  ဒီဘာသာရပ် နှစ်ခုကို မတက်သူေ တွဟာလဲ သိပ္ပံ ဘာသာရပ် တွေကိုပဲ ဦးစားပေး ရွေးချယ် ထားတာကို တွေ့ရပါတယ်။ ဘီလျံနာ တွေထဲမှာ ဝိဇ္ဇာဘာသာရပ် နဲ့လူသား အကျိုးပြု ဘာသာရပ်တွေကို တက်ရောက် ထားသူ အရေအတွက် အလွန်နည်း ပါတယ်။  ဒါပေမဲ့ ကမ္ဘာကျော် ဘီလျံနာ  အယောက် ၁ဝဝ မှာ ၂၅ ယောက်လောက် ဟာ ဘွဲ့တစ်ခုမှ ရမထားသူ တွေပါ။  တချို့ဆိုရင် အထက်တန်း ကျောင်းကို တောင် မအောင်ကြပါဘူး။ အကောင်းဆုံး ဥပမာ ကတော့ Microsoft ရဲ့ ဖခင်ကြီး Bill Gates ပါ။ Bill Gates ကိုယ်တိုင်ဟာလဲ Harvard ကျောင်းထွက်ပါ။ ဒါပေမဲ့  သူက တစ်ဝက်တစ်ပျက် နဲ့ ထွက်လိုက်တာပါ။ ပြီးအောင် မတက်ခဲ့ပါဘူး။ 

အမေရိကန် ပြည်ထောင်စု မှာတော့  ဘီလျံနာတွေနဲ့ သာမန် လူတန်းစားတွေကို နှိုင်းယှဉ်ကြည့် တဲ့အခါ ချမ်းသာကြွယ်ဝ ကြသူတွေဟာ သာမန် လူတန်းစား တွေထက်  ပညာရေး လိုက်စားမှု  ၆၈ ရာခိုင်နှုန်း ပိုတာကို တွေ့ရပါတယ်။ အမေရိကန် ဘီလျံနာတွေ အားလုံးဟာ သာမန် လူတွေထက် ဘွဲ့လွန် ဒီပလိုမာ ရယူထားရှိမှု နှုန်းကလဲ သုံးဆပိုပြီး မြင့်တာ တွေ့ရပါတယ်။  ကမ္ဘာကျော်တဲ့ထိ ကြွယ်ဝချမ်းသာ ကြတဲ့ ဘီလျံနာကြီး တွေဆိုတော့ လဲ သူတို့ တက်ခဲ့တဲ့ တက္ကသိုလ်၊ ကောလိပ်တွေဟာ သာမန်ကောလိပ်၊ တက္ကသိုလ် တွေမဟုတ်ဘဲ ထိပ်တန်း တက္ကသိုလ်တွေ ဖြစ်နေတာကို တွေ့ရ ပါတယ်။ အမေရိကန် ဘီလျံနာတွေရဲ့   CVကို ကြည့်လိုက်ရင် တက္ကသိုလ် ပညာရေး နေရာမှာ Harvard လို့ ဖြေထားကြ တာကိုပဲ တွေ့ ရပါတယ်။ Harvard Business သူဟာလဲ ကမ္ဘာပေါ်မှာ အလွန်ထင်ရှား ကျော်ကြားတဲ့ စီးပွားရေး တက္ကသိုလ် တစ်ခုဖြစ်ပါတယ်။  ဘီလျံနာတွေ ကြားမှာ Harvard ပြီးရင် ရုရှားနိုင်ငံက Moscow State University ဟာလဲ  အလွန် ရေပန်းစား ပါတယ်။ ထူးဆန်းတယ် လို့ပဲ ပြောရမလား မသိဘူး။ အနောက်တိုင်း နိုင်ငံတွေနဲ့ မတည့်တဲ့ ရုရှား နိုင်ငံမှာ စီးပွားရေးနဲ့ ပတ်သက်လာရင် ကျောင်းတွေ ကောင်းကောင်း ရှိနေပါတယ်။ ဒီလောက် နာမည်ကြီးတဲ့ Stanford နဲ့ Massachusetts တက္ကသိုလ်တွေတောင် ကျောင်းစဉ် ဇယားမှာ Harvard  နဲ့ Moscow အောက်မှာပဲ ဖော်ပြခဲ့ရ ပါတယ်။ ဒါပေမဲ့  နည်းပညာနဲ့ ပတ်သက်လာရင် Stanford  နဲ့ Massachusetts ကို Harvard လဲ  မကျော်နိုင်ပါဘူး။ Google ရဲ့ Sergey Brin ကိုယ်တိုင်ဟာ Stanford ကနေ ဘွဲ့လွန် ဒီပလိုမာ ယူထားတာပါ။  UK တက္ကသိုလ် လောကမှာ ဆိုရင်တော့ London စီးပွားရေး တက္ကသိုလ်နဲ့ Cambridge တက္ကသိုလ် တို့မှာ ဘီလျံနာတွေ အများဆုံး တက်ခဲ့ပါတယ်။ Oxford ကနေတော့ Rupert Murdoch လို ဗြိတိန် ဘီလျံနာ လောက်ပိုပိုပဲ မွေးထုတ်ပေး နိုင်ခဲ့ပြီး  ပြင်သစ်နိုင်ငံရဲ့ Ecole Polytechnique ရဲ့ ကျောင်းသား အတော်များများ ဟာလဲ အခုအချိန်မှာ ဘီလျံနာတွေ ဖြစ်နေကြပါပြီ။  ဂျာမနီက Karlsruhe တက္ကသိုလ်၊ အီတလီနိုင်ငံ မီလန်တက္ကသိုလ်၊ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်တက္ကသိုလ်၊ အိန္ဒိယနိုင်ငံ မွန်ဘိုင်း တက္ကသိုလ်၊ ကာလကတ္တား တက္ကသိုလ် တို့ဟာလဲ  ဘီလျံနာတွေ တက်ရောက်ကြတဲ့ တက္ကသိုလ်တွေ ဖြစ်ပါတယ်။ ဒီလေ့လာမှု အရ ကမ္ဘာကျော် နေသူတွေကို လေ့လာကြည့်တဲ့ အခါ ၇၅ ရာခိုင်နှုန်းက ပညာရေးကို အလေးအနက် ထားကြသူတွေ ဖြစ်နေတာမို့ ကိုယ်တွေလဲ လုပ်ငန်းကို အထောက်အကူ ပြုမယ့် ပညာရပ်တွေကို  စဉ်ဆက်မပြတ် ဆည်းပူး လေ့လာပြီး  အလုပ်လဲ လုပ်ရင်း၊  ပညာလဲ ထပ်သင်ရင်း  ကမ္ဘာကျော် ဘီလျံနာ ကြီးတွေ ဖြစ်လာအောင် ကြိုးပမ်းနိုင် ပါကြောင်း  လေ့လာရေးသား တင်ပြလိုက်ရ ပါတယ်။

ရတနာပုံနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger