www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 8, 2018

ဗန်းမော်မြို့တွင် တရားမဝင်ကျွန်းသစ်ခွဲသားများ သယ်ဆောင်လာသည့် စက်လှေတစ်စီး ဖမ်းဆီးရမိ



ဗန်းမော် ၈-၈-၂ဝ၁၈

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်း ကာလတန်ဖိုးငွေကျပ် ရှစ်သိန်းကျော်ရှိ တရားမဝင် ကျွန်းသစ်ခွဲသားများ တင်ဆောင်လာသည့် စက်လှေတစ်စီးကို သတင်းအရ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့ စင်းခန်းနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ရဲအုပ်ရွှေဝင်းမောင်နှင့် တပ်ဖွဲ့ဝင်များသည် သြဂုတ် ၆ ရက် နံနက် ၈ နာရီခန့်က စင်းခန်းသစ်တောဘိနယ်မှ တောအုပ် ဦးဘောက်နော်နှင့် ဝန်ထမ်းများ လိုက်ပါလျက်တရားမဝင်သစ်များ သယ်ဆောင်လာမည့် ကြိုတင်သတင်းအရ စင်းခန်းကျေးရွာအနီး ဧရာဝတီမြစ်အတွင်း ကြိုတင်စောင့်ဆိုင်း ခဲ့သည်။

ထိုသို့စောင့်ဆိုင်းနေစဉ် ရွှေကူဘက်မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်း အတိုင်း မောင်းနှင်လာသည့် အလျား ၄၅ပေ၊ အနံ ၁ဝ ပေနှင့် ဇောက်သုံးပေရှိ တရုတ်နိုင်ငံထုတ် အင်ဂျင်တပ်ထားသည့် စက်လှေကို စစ်ဆေးရာ စက်လှေပေါ်တွင် ရွှေကူမြို့နေသူ ဝင်းသူ၊အောင်သူနှင့် အောင်မျိုးနိုင်တို့ သုံးဦးကိုတွေ့ရှိရပြီး ဆက်လက် ရှာဖွေစစ်ဆေးရာ စက်လှေဝမ်းဗိုက်အတွင်း လျှို့ဝှက်သယ်ဆောင်လာသည့် တရားမဝင် ကျွန်းသစ်ခွဲသား ၁၄၃ချောင်း ကာလတန်ဖိုးငွေ ၈၈၈၈၈၈ကျပ်ရှိ အလေးချိန် ၂ဒသမ ၄ဝ၂၄တန်ကို ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင်ကျွန်းသစ်များ သယ်ဆောင်လာသည့် ဝင်းသူ၊ အောင်သူနှင့် အောင်မျိုးနိုင် ရွှေကူမြို့နေသူသုံးဦးကို စင်းခန်းနယ်မြေ ရဲတပ်ဖွဲ့စခန်းက (ပ)၈၃/၂ဝ၁၈၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ-၆(၁)ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#PyiChitThar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger