www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 23, 2016

မီးပုံးပျံကြောင့် ရှေးဟောင်းစေတီပုထိုးများ ရေရှည်တည်တံ့မှုကို ထိခိုက်မှုမရှိစေရန် စည်းမျဉ်းအသစ်များ ထပ်မံသတ်မှတ်



ညောင်ဦး ၊ ၂၃-၂-၂၀၁၆

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွင် မီးပုံးပျံများကြောင့် ရှေးဟောင်း စေတီပုထိုးများ ထိခိုက်မှု မရှိစေရန် စည်းမျဉ်း အသစ်များ ထပ်မံသတ်မှတ် လိုက်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနမှ သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသို့ လာရောက်ကြသော နိုင်ငံခြား ခရီးသွား ဧည့်သည်များ အနေဖြင့် အပျော်စီး မီးပုံးပျံများ စီးနင်းရာတွင် အဆိုပါ မီးပုံးပျံ များသည် ရွှေစည်းခုံ စေတီတော် အနီးနှင့် နန်းကြီးကုန်း တို့မှ စတင်ပျံတက် ခြင်းကြောင့် ရှေးဟောင်း စေတီပုထိုးများ ထိခိုက်နိုင်ကြောင်း ရှေးဟောင်း သုတေသန ပညာရှင်များ နှင့် ဒေသခံများက ထောက်ပြ ကြသည်။

ထို့ကြောင့် ပျံတက်မည့် နေရာကို ပုဂံဂေါက်ကွင်း၊ စိုက်ပျိုးရေးခြံ နှင့် ဆင်းရမည့် နေရာကို ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ပြင်ပ ပုဂံမြို့သစ် တောင်ဘက် ပုဂံ ဟိုတယ်ဇုန် ၄ အရှေ့ဘက်ခြမ်း သို့ ပြောင်းလဲ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။ ထို့ပြင် မီးပုံးပျံများ ပျံသန်းပါက ရှေးဟောင်း စေတီပုထိုးများ အထက် အမြင့်ပေ ၃ဝဝ မှပျံသန်းရန် စည်းကမ်း ထုတ်ထားပြီး လိုက်နာမှုရှိ၊ မရှိကို ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနမှ ပုံမှန် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

မီးပုံးပျံများကြောင့် ရှေးဟောင်း စေတီ ပုထိုးများ၏ ရေရှည်တည်တံ့ မှုကို ထိခိုက်မှု မရှိစေရန် ၂ဝ၁၅ ခုနှစ် အောက်တိုဘာလ အတွင်းက အစည်းအဝေး ပြုလုပ်ခဲ့ပြီး ထိုသို့ သတ်မှတ် လိုက်ခြင်း ဖြစ်ကြောင်း ပုဂံအခြေစိုက် ဧည့်လမ်းညွှန် ဦးမောင်မောင် က ပြောသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွင် မီးပုံးပျံဖြင့် ရှုခင်းကြည့်ခြင်းကို ၁၉၉၉ ခုနှစ်မှ စ၍ ဝန်ဆောင်မှု ပေးခဲ့ခြင်းဖြစ်ပြီး Balloon Over Bagan ၊ Oriental Balloon နှင့် Golden Eagle Balloon ကုမ္ပဏီသုံးခုမှ အဆိုပါလုပ်ငန်းကို ဆောင်ရွက်လျက် ရှိရာ လက်ရှိတွင် မီးပုံးပျံ ၂၁ လုံးဖြင့် ပျံသန်းလျက် ဝန်ဆောင်မှု ပေးလျက် ရှိကြောင်း သိရသည်။

သဲသဲ

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger