www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 23, 2016

မအောင်မြင်ခဲ့သည့် အမေရိကန် - မြောက်ကိုရီးယား လျှို့ဝှက် ဆွေးနွေးပွဲ



( တီအာမွန် )

ကိုရီးယားစစ်ပွဲ အဆုံးသတ်ရေး နှင့် စပ်လျဉ်း၍ အမေရိကန်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံမှ သံတမန်များ အကြား ငြိမ်းချမ်းရေး သဘော တူညီချက် ရရှိနိုင်ရန် ရည်ရွယ်၍ ကျင်းပခဲ့သော ဆွေးနွေး ပွဲသည် အောင်မြင်မှု မရရှိဘဲ ပြီးဆုံးခဲ့ရသည့် အကြောင်းရင်းမှာ ပြီးခဲ့သည့် လက ပြုလုပ်ခဲ့သော မြောက်ကိုရီးယား နိုင်ငံ၏ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ် ဖောက်ခွဲမှု ကြောင့်ဟု ဆိုရမည် ဖြစ်သည်။

အမေရိကန် ပြည်ထောင်စု နှင့် မြောက်ကိုရီးယား နိုင်ငံတို့သည် အဆိုပါ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ် ဖောက် ခွဲခြင်း မပြုမီ တောင်ကိုရီးယား - မြောက်ကိုရီးယား စစ်ပွဲ အဆုံးသတ်ရေး အတွက် အမေရိကန် ပြည်ေ ထာင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်၌ လျှို့ဝှက်စွာ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်ပြီး ယင်း တွေ့ဆုံမှုကို ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိဟု အမေရိကန် တာဝန်ရှိ သူများ၏ ဖေဖော်ဝါရီ ၂၁ ရက် ပြောကြားချက် ကို ကိုးကား၍ သတင်းဌာန တစ်ခုမှ ထုတ်ပြန် ထားသည်။

အဆိုပါ တောင်ကိုရီးယား - မြောက်ကိုရီးယား စစ်ပွဲကို အဆုံးသတ်ရန် ၁၉၅၃ ခုနှစ်တွင် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် ကိုသာ လက်မှတ်ရေးထိုး နိုင်ခဲ့ပြီး ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်း မရှိဘဲ အမေရိကန် ပြည်ထောင်စု ဦးဆောင်သော ကုလသမဂ္ဂ ညွန့်ပေါင်း တပ်ဖွဲ့သည် တောင်ကိုရီးယား ဘက်မှ လည်းကောင်း၊ တရုတ်နိုင်ငံ သည် မြောက်ကိုရီးယား ဘက်မှ လည်းကောင်း အသီးသီး ရပ်တည်၍ အထောက်အပံ့ အကူအညီများ ပေးအပ်ခဲ့ရာ စစ်ပွဲမှာ ယခုတိုင် ပြီးဆုံးခြင်း မရှိခဲ့ပေ။

ထို့ကြောင့် အမေရိကန် ပြည်ထောင်စု အနေဖြင့် တောင်ကိုရီးယား - မြောက်ကိုရီးယား နှစ်နိုင်ငံ အကြား ရေပိုင်နက် အငြင်းပွားမှုနှင့် ပတ်သက်၍ ငြိမ်းချမ်းရေး သဘော တူညီချက် ချမှတ်နို င်ရေး တွေ့ဆုံ ဆွေးနွေးရန် မြောက်ကိုရီးယား နိုင်ငံ၏ တောင်းဆိုချက် ကို လက်ခံခဲ့သည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ ဂျွန်ကာဘီ က ဖေဖော်ဝါရီ ၂၁ ရက်က ပြောကြားသည်။ အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် နျူကလီးယား လက်နက်များ နှင့် ပတ်သက်သည့် လုပ်ငန်းစဉ်ကို လျှော့ချပေးရန် အမေရိကန် ပြည်ထောင်စုမှ ထည့်သွင်း တောင်းဆိုခဲ့ သော်လည်း မြောက် ကိုရီးယား နိုင်ငံမှ ယင်း တောင်းဆိုချက် ကို ငြင်းပယ်ခဲ့ သည်ဟု ကာဘီက Wall Street Journal သတင်းဌာနသို့ ပြောကြားသည်။

မြောက်ကိုရီးယား နိုင်ငံသည် အမေရိကန် အစိုးရ ၏ တောင်းဆိုချက်ကို ငြင်းပယ်ခဲ့ သော်လည်း အမေရိကန် ပြည်ထောင်စု အနေဖြင့် နျူကလီးယား လက်နက်များ ဖျက်သိမ်းရေး ဆိုင်ရာ လုပ်ဆောင်ချက် များအား ဆက်လက် လုပ်ဆောင် ရမည်ဟု ကာဘီ ကပြောသည်။

အမေရိကန်နိုင်ငံ သည် မြောက်ကိုရီးယား အစိုးရကို ဖြုတ်ချရန် ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်း ကြံစည်လျက် ရှိသည် ဟု မြောက်ကိုရီးယား နိုင်ငံက စွပ်စွဲ ပြောကြားသည်။ ထို့ပြင် အမေရိကန် ပြည်ထောင်စု အနေဖြင့် တောင်ကိုရီးယား နိုင်ငံအတွင်းရှိ ကုလသမဂ္ဂ ညွန့်ပေါင်း အဖွဲ့ကို ယင်းနိုင်ငံမှ ရုပ်သိမ်း ပေးခြင်းအပြင် မြောက်ကိုရီးယား နိုင်ငံအပေါ် ဆန့်ကျင်သော အမေရိကန်၏ အဆိုးမြင် မူဝါဒများအား အဆုံးသတ် ပေးခြင်းတို့ကို မလုပ်ဆောင်ပေး သရွေ့ နျူကလီးယား လုပ်ငန်းစဉ် များကို စွန့်လွှတ်မည် မဟုတ်ဟု မြောက်ကိုရီးယား အစိုးရ က ပြောကြားသည်။

ထို့ပြင် တောင်ကိုရီးယား နိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတို့ အကြား ပြုလုပ်သော ပူးတွဲစစ်ရေး လေ့ ကျင့်မှု များသည် နိုင်ငံ၏ လုံခြုံရေးကို တိုက်ရိုက် ခြိမ်းခြောက် နေခြင်း ဖြစ်သည်ဟု မြောက်ကိုရီးယား နိုင်ငံမှ ယူဆလျက် ရှိပြီး ၄င်းတို့ ရန်သူများ၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်နိုင်ရန် ကာကွယ်ရေး စနစ်များအား အဆင့် မြှင့်တင်လျက် ရှိသည်ဟု ပြောကြားသည်။

မြောက်ကိုရီးယား အစိုးရသည် ၄င်းတို့၏ နိုင်ငံအား ၂ဝဝ၅ ခုနှစ်မှစ၍ နျူကလီးယား ပိုင်ဆိုင်သည့် နိုင်ငံ တစ်နိုင်ငံ အဖြစ် ထုတ်ပြန် ကြေညာ ခဲ့ပြီးနောက်၂ဝဝ၆ ခုနှစ်၊ ၂ဝဝ၉ ခုနှစ်နှင့် ၂ဝ၁၃ ခုနှစ်တို့တွင် နျူကလီးယား စမ်းသပ်မှု အများအပြား ကို လုပ်ဆောင် ခဲ့သည်။ ထို့ပြင် မြောက်ကိုရီးယား သည် ၄င်းတို့၏ လေးကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုကို ယခုနှစ် ဇန်နဝါရီ ၆ ရက်က နိုင်ငံအတွင်း ရှိ နျူကလီးယား စမ်းသပ်ရေး ကွင်း၌ လုပ်ဆောင်ခဲ့ရာ ယင်းဒေသ အနီးတစ်ဝိုက် တွင် ပြင်းအား ၅ ဒသမ ၁ ရစ်ခ်ျတာစကေး အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး အဆိုပါ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ် ဖောက်ခွဲမှုကို အမေရိကန် နှင့် မဟာမိတ် နိုင်ငံများက ပြစ်တင်ဝေဖန် ခဲ့သည်။ ယင်း လုပ်ရပ်ကြောင့် အမေရိကန် နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံအကြား လျှို့ဝှက်ကျင်းပ ခဲ့သော သံတမန်ရေး အရ ငြိမ်းချမ်းရေး ကြိုးပမ်းချက် များမှာ အောင်မြင်မှု ရရှိခြင်း မရှိဘဲ အဆုံးသတ်ခဲ့ ရသည်။

ထို့ပြင် မြောက်ကိုရီးယား နိုင်ငံသည် ၄င်းတို့၏ နျူကလီးယား လက်နက် လုပ်ငန်းစဉ် များကို ရပ်တန့်ခြင်း မရှိဘဲ ဆက်လက် လုပ်ဆောင် ခဲ့ခြင်းဖြင့် အမေရိကန် နိုင်ငံ အပါအဝင် ဒေသတွင်းရှိ တခြားနိုင်ငံများ ကိုပါ စိုးရိမ်မှု မြင့်တက် စေခဲ့သည်။ မြောက်ကိုရီးယား နိုင်ငံသည် ၄င်းတို့၏ နျူကလီးယား လက်နက် လုပ်ငန်းစဉ် တစ်စိတ် တစ်ဒေသ အဖြစ် ဖေဖော်ဝါရီ ၇ ရက်က တာဝေးပစ် ဒုံးပျံတစ်စင်းကို အာကာသ အတွင်းသို့ စမ်းသပ်လွှတ်တင် ခဲ့ခြင်းကြောင့် နျူကလီးယား စစ်ပွဲများ ဖြစ်ပွားမည် ဟူသော စိုးရိမ်မှုများ ထွက်ပေါ် လာခဲ့သည်။

ထို့ကြောင့် ယင်းလုပ်ရပ်ကို လက်တုံ့ပြန် သည့်အနေဖြင့် မြောက်ကိုရီးယား  နိုင်ငံအပေါ် ပိတ်ဆို့မှု အသစ်များ ထပ်မံ ချမှတ်မည့် မူကြမ်း တစ်ရပ်တွင် အမေရိကန် သမ္မတ ဘားရက် အိုဘားမား က လက်မှတ်ရေးထိုး ခဲ့ပြီး သော်လည်း နျူကလီးယား လက်နက် လုပ်ငန်းစဉ် များကို ယခုထက် ပိုမို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်ဟု မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် က ပြောကြားသည်။

မြောက်ကိုရီးယား နိုင်ငံနှင့် ငြိမ်းချမ်းရေး သဘော တူညီချက် တစ်ရပ်ရရှိရန် ကြိုးပမ်း ဆောင်ရွက် ခဲ့ သော်လည်း မအောင်မြင် ခဲ့သည့်အပြင် မြောက်ကိုရီးယား နိုင်ငံ၏ နျူကလီးယား လက်နက်များ စမ်းသပ် လုပ်ဆောင်သည့် အကြိမ် အရေအတွက် များမှာ ပိုမိုစိပ် လာသည့်အတွက် အမေရိကန် အစိုးရ အနေဖြင့် မြောက်ကိုရီးယား အား သံတမန်ရေး အရ ထပ်မံစေ့စပ် ညှိနှိုင်းမှုများ ပြုလုပ် လာနိုင်ဖွယ် ရှိကြောင်း သိရှိနိုင်ရန် ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger