www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 8, 2015

မြန်မာ-အိန္ဒိယ-ထိုင်း သုံးနိုင်ငံ မော်တော်ယာဉ် ဖြတ်သန်းသွားလာခွင့် အတွက် ၂ဝ၁၆ ခုနှစ် ဧပြီလတွင် သဘောတူညီချက် လက်မှတ်ရေးထိုးမည်



ရန်ကုန် ၊ ၈-၁၂-၂ဝ၁၅

မြန်မာ-အိန္ဒိယ-ထိုင်း စသည့် သုံးနိုင်ငံအကြား ယာဉ်မျိုးစုံ ဖြတ်သန်း သွားလာခွင့် အတွက် ၂ဝ၁၆ ခုနှစ် ဧပြီလတွင် သဘောတူညီချက် လက်မှတ်ကို ရေးထိုးသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန နယ်စပ် ကုန်သွယ်ရေးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ သဘောတူညီချက် ရရှိပြီးပါက မြန်မာနိုင်ငံနှင့် ဆက်စပ်လျက် ရှိနေသော အိန္ဒိယ၊ ထိုင်း နိုင်ငံတို့နှင့် ကုန်သွယ်မှုသည် ပိုမိုတိုးတက် လာစေမည်ဖြစ်ပြီး မြန်မာနိုင်ငံသည် အချက်အချာ ဗဟိုတွင် ရှိလာမည် ဖြစ်ကြောင်း၊ ယင်း မော်တော်ယာဉ် ဖြတ်သန်း သွားလာခွင့် သဘောတူညီချက် ကို ဒီဇင်ဘာလ အတွင်း လက်မှတ်ရေးထိုး နိုင်ရန် ဆောင်ရွက်ခဲ့ သော်လည်း ပြီးခဲ့သည့်လ အတွင်း ရွေးကောက်ပွဲ ကာလများနှင့် အခြေအနေ များကြောင့် ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်ကြောင်း၊ သုံးနိုင်ငံကြား မော်တော်ယာဉ် များဖြင့် ဖြတ်သန်း မောင်းနှင်ကာ ကုန်သွယ်ရေး လုပ်ငန်း၊ ခရီးသွားလာရေး လုပ်ငန်း အပါအဝင် ကဏ္ဍမျိုးစုံ ပူးပေါင်း ဆောင်ရွက်မှု အဆင့်မြှင့်တင်ရန် နိုင်ငံ့ခေါင်းဆောင် အချင်းချင်း သဘောတူညီမှု ရရှိထားပြီး ဖြစ်ကြောင်း သိရသည်။

သို့သော် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် များပြား နေခြင်းကြောင့် အချိန်ရွှေ့ဆိုင်း ထားရခြင်း ဖြစ်ကြောင်း၊ သုံးနိုင်ငံ ဖြတ်သန်း သွားလာခွင့် အတွက် နယ်စပ်လမ်း များကို မြန်မာနိုင်ငံ ဘက်တွင် ပြင်ဆင်နေပြီး ထိုင်းနိုင်ငံ ဘက်ခြမ်းတွင်လည်း ကော့ကရိတ်- မြဝတီလမ်းပိုင်း၊ အိန္ဒိယနိုင်ငံ ဘက်ခြမ်း မြန်မာနယ်စပ် လမ်းများတွင် ယခင်က ဘေလီတံတား များကို ကွန်ကရစ်တံတား များအဖြစ် အသွင်ပြောင်းလဲမှု စတင်နေပြီ ဖြစ်ကြောင်း၊ သဘောတူညီချက် လက်မှတ်များ ရေးထိုးပြီးပါက ပထမဆုံး အနေဖြင့် ကုန်တင်ယာဉ်များမှာ ပုံမှန် ဖြတ်သန်းသွား လာနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မော်တော်ယာဉ် ဖြတ်သန်း သွားလာခွင့် သဘော တူညီချက်မှာ နောက်ဆုံး အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် လက်မှတ် ရေးထိုးမှုကို ၂ဝ၁၆ ခုနှစ် ဧပြီပထမပတ် အတွင်း လုပ်ဆောင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် စီးပွားရေး ကဏ္ဍတွင် ကူးသန်း ရောင်းဝယ်ရေး ဈေးကွက်များကို တိုးချဲ့ ဆောင်ရွက်လျက် ရှိပြီး အဓိက အားထားရသည့် နယ်စပ် ကုန်သွယ်ရေး ကဏ္ဍများကို အဆင့် မြှင့်တင်ခြင်းနှင့် လမ်းပိုင်း ဆိုင်ရာများ တိုးတက်မှု ရှိလာစေရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger