www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 8, 2015

လာမည့် နှစ်နှစ်အတွင်း ၀က်သားအရည်အသွေး မမြှင့်တင်နိုင်ပါက ပြည်ပမှ အေးခဲဝက်သား ၀ယ်ယူသုံးစွဲရသည့် အခြေအနေဖြင့် ရင်ဆိုင်ရမည်



ရန်ကုန် ၊ ၈-၁၂-၂၀၁၅

ပြည်တွင်းရှိ ဝက်မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သော မွေးမြူရေး လုပ်ငန်းရှင်များ အနေဖြင့် မွေးမြူထားသည့် ဝက်များ၏ မျိုးစိတ် အရည်အသွေးကို လာမည့် နှစ်နှစ်အတွင်း မြှင့်တင်နိုင်ခြင်း မရှိပါက ဝက်သား အရည်အသွေး တဖြည်းဖြည်း ကျဆင်းလာပြီး ပြည်ပမှ အေးခဲအသား များကို ဝယ်ယူတင်သွင်း ရသည့် အခြေအနေဖြင့် ရင်ဆိုင် လာရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းစိန် ၏ ပြောကြားချက် အရ သိရသည်။

လက်ရှိ အခြေအနေအရ ပြည်တွင်းရှိ ဝက်မွေးမြူရေး လုပ်ကိုင်သူ များတွင် တစ်ပိုင်တစ်နိုင် မွေးမြူသူများ ပိုမိုများပြားလျက် ရှိသည့်အပြင် ခေတ်မီ ဝက်မွေးမြူရေး နည်းပညာများကို အသုံးပြုခြင်း မရှိဘဲ မိရိုးဖလာ မွေးမြူရေး နည်းပညာ များကိုသာ အသုံးပြုလျက် ရှိခြင်းကြောင့် ပြည်တွင်းမှ ထုတ်လုပ်သည့် ဝက်သား အရည်အသွေးများ တဖြည်းဖြည်း ကျဆင်း လာရခြင်း ဖြစ်သည်။

''အမှန်က ပြည်တွင်းမှာ စီးပွားဖြစ် ဝက်မွေးမြူရေး သမားနည်း နေတယ်။ တစ်ပိုင်တစ်နိုင် မွေးမြူတဲ့ သူများတော့ အစာ ကျွေးရင်လည်း စနစ်တကျ မကျွေးဘူး။ ထမင်းကျန်၊ ဟင်းကျန် လောက်ကိုပဲ ကျွေးပြီး မွေးမြူကြတာ။ မွေးပြီး သက်တမ်း စေ့ရင် ရောင်းကြတယ်။ အသားကို ဈေးကွက်ထဲ တင်သွင်းတယ်။ ဒီတော့ အသား အရည်အသွေးက ကျတာပေါ့။ ပြည်တွင်း စားသုံးမှု ဈေးကွက်မှာ အသား အရည်အသွေး ကျရင် ပြဿနာ မရှိပေမယ့် ဟိုတယ်တွေ၊ စားသောက်ဆိုင် တွေက ဝယ်မှာ မဟုတ်ဘူး။ ပြည်ပကနေ မှာယူမှာပါ'' ဟု ၄င်းက ဆက်လက် ပြောသည်။

ဝက်မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် နှစ်နှစ်အတွင်း မွေးမြူထားသည့် ဝက်မျိုးများ၏ မျိုးစိတ်ကို မြှင့်တင်ရန် ပြည်ပမှမျိုးစိတ် မြင့်မားသည့် ဝက်မျိုးများ ဝယ်ယူကာ မျိုးစပ်မွေးမြူ သင့်ကြောင်း ပညာရှင်များက သုံးသပ် ပြောသည်။

လက်ရှိတွင် ဝက်သားဈေးမှာ တည်ငြိမ်နေပြီး ဝယ်ယူစားသုံးမှု ပမာဏ မြင့်တက် လာသဖြင့် ပြည်တွင်းရှိ ဝက်မွေးမြူသူများ တွက်ခြေကိုက်ပြီး အကျိုးအမြတ် ဖြစ်ထွန်းလျက် ရှိကြောင်း သိရသည်။

ထက်နေ

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger