www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 9, 2015

နိုင်ငံအသီးသီးမှ ရရှိလာသည့် ပညာရေးဆိုင်ရာ အတွေ့အကြုံဗဟုသုတများအား ပြည်တွင်း၌ ဖြန့်ဝေကာ ပရဟိတလုပ်ငန်းများ ဆောင်ရွက်သွားမည်



ရန်ကုန် ၊ ၉-၁၂-၂၀၁၅

အရှေ့တောင်အာရှ အာဆီယံ ၁ဝ နိုင်ငံနှင့် ဂျပန်လူငယ်များ သင်္ဘောခရီးစဉ်တွင် လိုက်ပါသွားသော မြန်မာလူငယ် များသည် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာလျှင် နိုင်ငံအသီးသီးမှ ရရှိလာသည့် ပညာရေးဆိုင်ရာ အတွေ့အကြုံ ဗဟုသုတများအား ပြည်တွင်း၌ ဖြန့်ဝေကာ ပရဟိတ လုပ်ငန်းများ အဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ခရီးစဉ်ပါ မြန်မာနိုင်ငံ ကိုယ်စားပြု မြစ်ကြီးနား တက္ကသိုလ် အင်္ဂလိပ်စာဌာနမှ နည်းပြဆရာ လူငယ် ခေါင်းဆောင် ဆရာနန္ဒအောင် က ပြောသည်။

''အခုလို ခရီးစဉ်တွေမှာ လိုက်ပါခွင့်ရပြီး မြန်မာနိုင်ငံရဲ့ ပုံရိပ်တွေကို နိုင်ငံတကာ လူမျိုးစုတွေ ကြားမှာ ချပြခွင့်ရသလို တစ်နှစ်ထက် တစ်နှစ် တိုးတက် အောင်လည်း ဆောင်ရွက် နေပါတယ်။ ဒီခရီးစဉ် တစ်လျှောက်မှာ ရရှိလာမယ့် ပညာရေး ဆိုင်ရာ ဗဟုသုတ တွေနဲ့ နိုင်ငံ အသီးသီးရဲ့ယဉ်ကျေးမှု တွေကို နိုင်ငံတော် အတွက် အကျိုးရှိအောင် ပြန်ရောက် လာပြီ ဆိုတာနဲ့ မျှဝေသွားမှာ ဖြစ်သလို ကိုယ်စီကိုယ်စီ အသုံးချ နိုင်အောင်၊ အတုယူ နိုင်အောင် ကြိုးစားဆောင်ရွက် သွားမှာပါ'' ဟု ၄င်းက ဆက်လက် ပြောသည်။

ထို့ပြင် ရေဘေးသင့် ဒေသမှ ကျေးရွာ ၁၁ ရွာရှိ စာသင်ကျောင်း များသို့ စာသင်ခုံ များနှင့် ကျောင်းသုံး စာရေးကိရိယာများ သွားရောက် လှူဒါန်းမည် ဖြစ်ပြီး ၂ဝ၁၄ ခုနှစ်တွင်လည်း မြန်မာလူငယ် များသည် သွေးလှူဒါန်းခြင်း၊ HIV ရောဂါနှင့် ပတ်သက်သော ပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခု သင်္ဘောကြီး (ပုံ) ဖြင့် လိုက်ပါသွားသော မြန်မာလူငယ် ကျောင်းသားများ အနေဖြင့် အာဆီယံ ၁ဝ နိုင်ငံအပြင် ဂျပန်နိုင်ငံမှ ကျောင်းသား လူငယ်များနှင့် ရင်းနှီးခွင့်၊ ပညာရေး ဆိုင်ရာများ နှီးနှော ဖလှယ်ခွင့်၊ ဒေသနိုင်ငံ အသီးသီးရှိ မြို့ကြီးများမှ ပညာရေးဆိုင်ရာ ယဉ်ကျေးမှုများ၊ ဘာသာစကားများ လေ့လာခွင့်၊ ပညာရေးနှင့် ဆက်စပ်သော အလုပ်အကိုင် အခွင့်အလမ်း များကို ရရှိစေမည် ဖြစ်ကြောင်း ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် အင်္ဂလိပ်စာဌာန မှ ဆရာမ ဒေါ်နုနုလင်းက သုံးသပ်ပြောသည်။

၂ဝ၁၁ ခုနှစ်၏ (၃၈) ကြိမ်မြောက် အာဆီယံ ၁ဝ နိုင်ငံနှင့် ဂျပန်လူငယ်များ သင်္ဘော ခရီးစဉ်ပါ မြန်မာလူငယ် ကျောင်းသားများ စုပေါင်း၍ စာကြည့်တိုက် တစ်ခု ဆောက်လုပ်ကာ လှူဒါန်းခဲ့မှု အပေါ် အာဆီယံ ၁ဝ နိုင်ငံ၌ အကောင်းဆုံး ပရဟိတ အကျိုးဆောင်ဆု ရရှိခဲ့ကြောင်း သိရသည်။

ယခု ခရီးစဉ်သည် (၄၂) ကြိမ်မြောက် ဖြစ်ပြီး ရက်ပေါင်း ၅ဝ ကြာမြင့်မည် ဖြစ်ကာ မြန်မာလူငယ် ကျောင်းသား၊ ကျောင်းသူ ၂၈ ဦး လိုက်ပါ သွားကြောင်း သိရသည်။

မောင်မျိုး (ဧရာဝတီ)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger