www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 15, 2015

မူလတန်းပညာရေး အတွက် လိုအပ်နေသည့် မူလတန်းပြ ဆရာ ဆရာမ လေးသောင်းကျော် ဖြည့်ဆည်းနိုင်ရန် စီစဉ်လျက်ရှိ


ရန်ကုန် ၊ ၁၅-၁၀-၂၀၁၅

မြန်မာနိုင်ငံ မူလတန်းပညာရေး အတွက် လိုအပ်နေသည့် မူလတန်းပြ ဆရာ၊ ဆရာမ လေးသောင်းကျော် အတွက် ဖြည့်ဆည်းနိုင်ရန် စီစဉ်နေကြောင်း၊ နိုင်ငံ တစ်ဝန်း၌ မူလတန်းပြ ၄၄၅၆၂ ဦး လိုအပ်လျက် ရှိကြောင်း ပြည်ထောင်စု ရာထူးဝန် အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ပညာရေး ဝန်ကြီးဌာန အနေဖြင့် အခြေခံပညာ ကဏ္ဍ၌ ဆရာ၊ ဆရာမ သုံးသိန်းကျော် ခန့်ထားပြီး ဖြစ်သော်လည်း လိုအပ်နေဆဲ ဖြစ်သည့် အတွက်၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် အတွက် အထက်တန်းပြ ၉ဝ၁၄ ဦး ၊ အလယ်တန်းပြ ၂၃၄၁၇ ဦး ဖြည့်ဆည်းပြီး ဖြစ်သည် ဟုလည်း သိရသည်။

ထို့ပြင် ပညာရေး အသုံးစရိတ် ကိုလည်း ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်တွင် ငွေကျပ် ၃၁ဝ ဘီလီယံ ကျော် သုံးစွဲရာမှ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တွင် ငွေကျပ် ၁၄ဝ၉ ဘီလီယံကျော် ထိ လေးဆကျော် တိုးမြှင့် သုံးစွဲမည်ဟု ပညာရေး ဝန်ကြီးဌာနမှ သိရသည်။

ပညာရေး ဝန်ကြီးဌာနက အသစ် ဖွဲ့စည်းလိုက်သည့် ဆရာအတတ် ပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန အနေဖြင့် အခြေခံပညာ ဦးစီးဌာနမှ လိုအပ်သော ဆရာ၊ ဆရာမ အရေအတွက်ကို ပြည့်မီစေရန် မွေးထုတ် နိုင်ရေးနှင့် လုပ်ငန်းခွင်မှ ဆရာ၊ ဆရာမများ၏ အရည်အသွေး မြှင့်တင်ရန် ဆောင်ရွက် သွားမည်ဟု သိရသည်။

လက်ရှိ ပညာရေး ဥပဒေအရ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်၌ အခြေခံပညာ ကို KG-12 စနစ်ဖြင့် သူငယ်တန်းမှ စတင်ပြီး ပြောင်းလဲမည် ဖြစ်ရာ KG ဆရာ၊ ဆရာမ လိုအပ်ချက်မှာ ဦးရေ ၈ဝဝဝဝ ဖြစ်လာမည် ဖြစ်ပြီး ၄င်း တို့ကို သင်တန်းပေး နိုင်ရန် စီစဉ် နေသည်ဟု သိရသည်။

ကျော်လွင်

ရတနာပုံနေ့စဉ် ၊ စာ(၁၀)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger