www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 12, 2015

မြစေတီကျောက်စာနှင့် အလောင်းမင်းတရားကြီး ၏ ရွှေပေလွှာတို့ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း သတ်မှတ်ခံရ


အေဒီ ၁၇၅၆ ခုနှစ်တွင် အလောင်းမင်း တရားကြီး က ဗြိတိန်ဘုရင် ဂျော့-၂ ထံသို့ ပေးပို့သော
ရွှေပေလွှာ

မြန်မာ၊ ပျူ၊ မွန်၊ ပါဠိ လေးဘာသာဖြင့် ရေးထိုးထားသော မြစေတီကျောက်စာ

ရန်ကုန် ၊ ၁၂-၁၀-၂၀၁၅

မြန်မာနိုင်ငံ ပုဂံဒေသရှိ မြစေတီကျောက်စာ နှင့်ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့ရှိ အလောင်းမင်းတရားကြီး၏ရွှေပေလွှာတို့ကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်းအဖြစ် သတ်မှတ် လိုက်ကြောင်း  ယဉ်ကျေးမှု ဝန်ကြီးဌာန၏ သတင်းများ အရ သိရသည်။

အာရပ်စော်ဘွားများ ပြည်ထောင်စု အဘူဒါဘီမြို့ တွင် ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၄ရက်မှ အောက်တိုဘာ ၆ ရက် အထိ ကျင်းပသော ကမ္ဘာ့မှတ်တမ်း အမွေအနှစ် အစီအစဉ် အပြည်ပြည် ဆိုင်ရာ အကြံပေး ကော်မတီ၏ (၁၂) ကြိမ်မြောက် အစည်းအဝေးတွင် ၂ဝ၁၅ ခုနှစ်အတွက် ကမ္ဘာ့မှတ်တမ်း အမွေအနှစ်  လျှောက်ထားမှုပေါင်း ၈၈ ခုအနက်မှ မြန်မာနိုင်ငံမှ တင်သွင်းသော မြစေတီ ကျောက်စာ၊ မြန်မာနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဗြိတိန်နိုင်ငံ ဗြိတိန် စာကြည့်တိုက်နှင့် ဂျာမနီနိုင်ငံ ဟန်နိုဗာ မြို့ရှိ အလောင်းမင်းတရား ကြီး၏ ရွှေပေလွှာ မှတ်တမ်း အမွေအနှစ် အပါအဝင် ၄၇ ခုကို ယူနက်စကို က ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်းတွင် ထည့်သွင်း သတ်မှတ် အတည်ပြု ခဲ့သည်။

ယူနက်စကို ၏ ကမ္ဘာ့မှတ်တမ်း အမွေအနှစ် အစီအစဉ်ကို ၁၉၉၂ ခုနှစ်တွင် စတင်ဖွဲ့စည်း ခဲ့ပြီး ယခုအချိန်ထိ ကမ္ဘာတစ်ဝန်း မှတ်တမ်း အမွေအနှစ်ပေါင်း ၃ဝ၁ ခုကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ် အဖြစ် သတ်မှတ်ခဲ့ပြီး ဖြစ်သည်။ မှတ်တမ်း အမွေအနှစ် ဆိုသည်မှာ စာကြည့်တိုက်၊ ပြတိုက်နှင့် မော်ကွန်းတိုက် ဆိုင်ရာ စုဆောင်းမှုများ ဖြစ်သော ကျောက်စာ၊ လက်ရေးစာများ၊ တန်ဖိုးမဖြတ် နိုင်သော စာအုပ်များ၊ သတင်းစာများ၊ ဓာတ်ပုံနှင့် ပန်းချီကားများ၊ ဖလင်များ၊ အသံနှင့် ဗီဒီယို အခွေများ၊ စီဒီ၊ အသံ မှတ်တမ်းများ၊ စာရွက်စာတမ်း အထောက် အထားများ စသည်တို့ ဖြစ်သည်။ အဆိုပါ မှတ်တမ်း အမွေအနှစ် များသည် လူသား အားလုံးနှင့် သက်ဆိုင် သောကြောင့် ၄င်း အမွေအနှစ် များကို ပြုပြင်ထိန်းသိမ်း ရန်နှင့် ကာကွယ် စောင့်ရှောက်ရန်၊ မှတ်တမ်း အမွေအနှစ် များကို သိမြင် အလေးစားမှု မြှင့်တင်ရန် နှင့် အပြန်အလှန် အလေးထားမှု ရှိစေရန်အတွက် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး နှင့် ထောက်ပံ့ ကူညီရေးတို့ လိုအပ်သည်။ ၄င်း အချက်များကို ဖြည့်ဆည်းနိုင်ရန် အတွက် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ရှိနေသော မှတ်တမ်း အမွေအနှစ် များကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်းအဖြစ် သတ်မှတ်နိုင်ရန် ယူနက်စကို၏ ကမ္ဘာ့မှတ်တမ်း အမွေအနှစ် အစီအစဉ်ကို  အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ 

မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများ ဖြစ်သော ကမ္ဘောဒီးယား ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ် ၊ တီမောလစ်တေ နှင့် ထိုင်းနိုင်ငံတို့မှ မှတ်တမ်း အမွေအနှစ် များလည်း ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရပြီး ဖြစ်သည်။ ၂ဝ၁၁ ခုနှစ် အင်ဒိုနီးရှား နိုင်ငံတွင် ကျင်းပခဲ့သော ယူနက်စကို ၏ ကမ္ဘာ့မှတ်တမ်း အမွေအနှစ် အစီအစဉ် အလုပ်ရုံ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ မှတ်တမ်း အမွေအနှစ် ခြောက်ခုကို ကနဦး စာရင်းအဖြစ် တင်သွင်းခဲ့သည်။ 

၎င်းတို့အနက်မှ ဘာသာ လေးမျိုးဖြင့် ရေးထိုးထားသော မြစေတီ ကျောက်စာကို ၂ဝ၁၄ ခုနှစ် မတ် ၂၈ ရက်တွင် ကမ္ဘာ့မှတ်တမ်း အမွေအနှစ် အဖြစ် သတ်မှတ်နိုင်ရေး အတွက် အဆိုပြုပုံစံများ ရေးသား၍ ယူနက်စကို သို့ တင်သွင်းခဲ့သည်။ မြစေတီ ကျောက်စာသည် မြန်မာ့သမိုင်း၊ မြန်မာ့ ယဉ်ကျေးမှု၊ မြန်မာဘာသာ စာပေလောက တို့တွင် အထူး ထင်ရှား၍ အရေးပါသော ကျောက်စာ ဖြစ်သည်။ ထိုကျောက်စာကို သက္ကရာဇ် ၄၇၅ (အေဒီ-၁၁၁၃) ခုတွင် ရေးထိုးခဲ့သည်။

မြန်မာ အက္ခရာဖြင့် ရေးထိုးထားသော ကျောက်စာတို့တွင် ရေးထိုးနှစ် ပါရှိသည့် အစောဆုံး မူလထိုး ကျောက်စာ တစ်ခုဖြစ်ခြင်း၊ အကြောင်းအရာ တစ်မျိုးတည်းကို ကျောက်စာ မျက်နှာ လေးဖက်တွင် မြန်မာ၊ ပျူ၊ မွန်၊ ပါဠိ ဟူ၍ လေးဘာသာ အက္ခရာ စာများဖြင့် ရေးထိုးထား ခြင်းကြောင့် တစ်ဘာသာနှင့် တစ်ဘာသာ နှိုင်းယှဉ် ဆက်စပ်၍ အဓိပ္ပာယ် ဖော်ယူနိုင်ပြီး ပုဂံခေတ်တွင် ပေါ်ထွန်းခဲ့သော စာ အရေးအသား လေးမျိုး စလုံးကို လေ့လာ သုတေသနပြု နိုင်ခဲ့သည်။ ကျောက်စာတိုင် နှစ်တိုင် တွေ့ရှိရာ ပထမ ကျောက်စာတိုင်ကို ပုဂံမြို့ တောင်ဘက် မြင်းကပါရွာ အနီး မြစေတီ ခြေရင်းမှ တွေ့ရှိရပြီး ပုဂံရှေးဟောင်း သုတေသန တိုက်တွင် ထားရှိသည်။  

နောက်ထပ် တစ်တိုင်ကိုမူ ဂူပြောက်ကြီး ဘုရားအတွင်းတွင် အပိုင်းသုံးပိုင်း ကျိုးပြတ်လျက် တွေ့ရှိရပြီး ပထမအကြိမ်၌ အောက်နှစ်ပိုင်း ကို တွေ့ရှိရသည်။ ထို့နောက် သက္ကရာဇ် ၁၉ဝ၄ ခုနှစ် မြန်မာနှစ် - ၁၂၆၆ ခုတွင် ပြိုပျက်နေသော မြစေတီ မဟာရံတံတိုင်း ကိုပြင်ဆင်သော အခါ ဒုတိယ အကြိမ်၌ ကျန်နေသည့် ကျောက်စာ ထိပ်ပိုင်းကို ထိုတံတိုင်း အတွင်းမှ ရသဖြင့် ဒုတိယ ကျောက်စာတိုင် မှာ စုံလင်သွားသည်။

၎င်း ကျောက်စာတိုင် ၏ အောက်ခြေငုတ်တို ကိုမူ မြစေတီ၏ အရှေ့ဘက် ခြေရင်း၌ ကပ်လျက်နေသော ပိဋကတ်တိုက် ဟု ယူဆရသည့် အဆောက်အအုံ ဟောင်းထဲတွင် တွေ့ရှိရသည်။ ယခုအခါ မြစေတီ ဘုရား ရင်ပြင်တော် ပေါ်တွင် ကျောက်စာရုံ တည်ဆောက် ထိန်းသိမ်း ပြသထားသည်။ မြစေတီ ကျောက်စာ၏ အဓိက တန်ဖိုးကြီးမားသော အချက်မှာ နှစ်ချက်ဖြစ်ပြီး ပထမအချက်မှာ အကြောင်းအရာ တစ်ခုတည်းကို ဘာသာ လေးမျိုးဖြင့် ရေးထိုးထားခြင်း ဖြစ်ပြီး ဒုတိယ အချက်မှာ အကြောင်းအရာတူ ဘာသာ လေးမျိုးဖြင့် ကျောက်စာတိုင် နှစ်တိုင် ရေးထိုးခဲ့ခြင်းပင် ဖြစ်သည်။ မြစေတီ ကျောက်စာသည် ပုဂံခေတ် ကာလ၏ အုပ်ချုပ်ရေး၊ လူမှုရေး ၊ စီးပွားရေး၊ သာသနာရေး၊ စာပေ ၊ မိဖုရား ၊ သားတော်၊ သမီးတော် တို့အား ကျွန်ရွာပေးခြင်း၊ ဘုရားပုထိုး တည်၍ ဆင်းတုရုပ်တုများ ဌာပနာခြင်း ၊ ကျောက်စာ ရေးထိုး မှတ်တမ်းတင်လေ့ ရှိခြင်း ၊ မိဘကို ရိုသေ မြတ်နိုးခြင်း၊ ကောင်းမှု ကုသိုလ်ကို ရေစက်သွန်းချ လှူဒါန်း၍ ဆုမွန်တောင်းခြင်း၊ ဘုရားပုထိုး များကို ကျွန်လှူခြင်း ၊ ဘုရားစေတီ ဖျက်ဆီးသူများကို ကျိန်စာ တိုက်ထားခြင်း စသည်တြို့ဖင့် အစဉ်အလာနှင့် ယဉ်ကျေးမှု သမိုင်းအတွက် များစွာ အထောက်အပံ့ ဖြစ်စေသော အချက်အလက် များကို ဖော်ပြထားသည်။ 

မြစေတီ ကျောက်စာသည် ထူးခြား ထင်ရှားသည့် မြန်မာ့သမိုင်း အတွက် အရေးကြီးသည့် ကျောက်စာ ဖြစ်သောကြောင့် မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့မှတ်တမ်း အမွေအနှစ် အဖြစ် တန်ဖိုးထားနိုင်ရန် တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ယခုနှစ် ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်းသို့ တင်သွင်းမှုများ အနက် မြန်မာဘုရင် အလောင်းဘုရား က ဗြိတိန်ဘုရင် ဂျော့-၂ ထံသို့ ပေးပို့ခဲ့သော ရွှေပြားပေါ်တွင် ရေးသားထားသည့် ရွှေပေလွှာကို ဂျာမနီနိုင်ငံက ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်းသို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ ဘက်သို့ သဘောထား တောင်းခံပြီး ဂျာမနီနိုင်ငံက ပူးတွဲ တင်ပြခြင်း ဖြစ်သည်။ ဤ ရွှေပေလွှာကို ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့ရှိ Gottfried Wilhelm Leibniz စာကြည့်တိုက်တွင် ထိန်းသိမ်း ထားရှိသည်။ အဆိုပါ ရွှေပေလွှာသည် အေဒီ ၁၇၅၆ ခုနှစ်တွင် အလောင်းမင်း တရားကြီး က ဗြိတိန်ဘုရင် ဂျော့-၂ ထံသို့ ချစ်ကြည်ရေး တိုးမြှင့် ဆောင်ရွက်ရန် အတွက် အင်္ဂလိပ် ကုန်သည် အဖွဲ့က ဟိုင်းကြီးကျွန်း ပေါ်တွင် နေထိုင်ခွင့်ပြု ထားကြောင်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီး စွာဖြင့် လွတ်လပ်သော ပြည်ထောင်မင်း အချင်းချင်း တန်းတူညီမျှဖြင့် ပေးပို့သော သဝဏ်လွှာ ဖြစ်ပြီး ဗြိတိန်ဘုရင် ဂျော့-၂ က ၄င်းမွေးဖွားရာ ဇာတိဖြစ်သော  ဟန်နိုဗာမြို့ စာကြည့်တိုက် သို့ လွှဲပြောင်း ပေးခဲ့၍ ထိန်းသိမ်း ထားခဲ့ခြင်း ဖြစ်သည်။

ရွှေပေလွှာမှာ အရည်အသွေး ကောင်းသော ရွှေကို ပါးလွှာအောင် အပြားခတ် ထားပြီး မြန်မာ ဘာသာဖြင့် ကညစ်ခြစ် ရေးသားထားကာ ဆင်စွယ်ဖြင့် ပြုလုပ်ထားသော ကြုတ်အတွင်း လိပ်၍ ထည့်သွင်း ထားခြင်း ဖြစ်သည်။

ရွှေပေလွှာသည် အလျား ၅၅ စင်တီမီတာ၊ အနံ ၁၂ စင်တီမီတာ ရှိပြီး အစွန်းနှစ်ဖက် ထိပ်တွင် ပတ္တမြား ၁၂ လုံးစီ စုစုပေါင်း ၂၄ လုံး တပ်ဆင် ထားသည်။ သဝဏ်လွှာ၏ ထိပ်တစ်ဖက်တွင် ဘုရင့် တံဆိပ်တော် ဟင်္သာပုံကို ဖောင်းကြွခတ်နှိပ် ထားသည်။ ရွှေပေလွှာတွင် စာကြောင်းရေ ၁ဝ ကြောင်း ပါရှိသည်။ ရွှေပေလွှာ ပေးပို့သော ရက်စွဲမှာ ၁၇၅၆ ခုမေလ ၇ ရက်နေ့ ဖြစ်သည်။ အဆိုပါ ရွှေပေလွှာကို ၂ဝ၁၄ ခုနှစ်တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ၏ ဂျာမနီနိုင်ငံသို့ သွားရောက်သည့် ချစ်ကြည်ရေး ခရီးစဉ်တွင် လေ့လာကြည့်ရှု ခဲ့ရသည်။

ဂျာမနီ အစိုးရက ၄င်းရွှေပေလွှာ ဒီဂျစ်တယ်မိတ္တူကို မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။ ရွှေပေလွှာ မိတ္တူကို ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန လက်အောက်ရှိ အမျိုးသား ပြတိုက် ရန်ကုန်၊ နေပြည်တော် တို့တွင် ပြသထားရှိသည်။ မြန်မာနိုင်ငံ၏ မှတ်တမ်း အမွေအနှစ် များအနက်မှ ၂ဝ၁၃ ခုနှစ်တွင် ကုသိုလ်တော် ကျောက်စာ များကိုစတင်၍ ကမ္ဘာ့မှတ်တမ်း အမွေအနှစ် အဖြစ် သတ်မှတ်ခံရပြီး ယခုနှစ် တွင်လည်း မြစေတီ ကျောက်စာကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်းတွင် သတ်မှတ်ခြင်း ခံရကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger