နိုင်ငံခြားခရီးသွား ဧည့်သည်များ မြန်မာနိုင်ငံအတွင်း စက်ဘီးဖြင့် လည်ပတ်နေမှုကို တွေ့ရစဉ်
ရန်ကုန် ၊ ၁၂-၁ဝ-၂ဝ၁၅
မြန်မာနိုင်ငံ ဂေဟ လေ့လာရေး ခရီးသွားလုပ်ငန်း Ecotourism ကို လုပ်ကိုင် နေသူများ အနေဖြင့် သက်ဆိုင်ရာ သွားရောက် လည်ပတ်သည့် ဒေသ ရေရှည်ဖွံ့ဖြိုးရေး အတွက် ထိန်းသိမ်း စောင့်ရှောက်ရန် အပြင် အဆိုပါ ဒေသရှိ သဘာဝတရား များကိုလည်း ဆိုးကျိုး သက်ရောက်မှု မဖြစ်စေရေး ပြုလုပ်ရန် လိုအပ်ကြောင်း သဘာဝချစ်သူ ခရီးသွား လုပ်ငန်း၏ ဥက္ကဋ္ဌနှင့် Rural Community & Human Resource Developer ဦးအောင်ဒင်က ခရီးသွား လုပ်ငန်း လုပ်ကိုင်နေသူ များကို ပြောသည်။
ခရီးသွားလုပ်ငန်း Ecotourism များ အနေဖြင့် နိုင်ငံခြားသား ဧည့်သည်များကို ဝန်ဆောင်မှု ပေးရာ၌ ''ငှက်တွေ၊ လင်းပိုင်တွေ ကြည့်တာ၊ ဆင်စီးတာ၊ သဘာဝ တောတောင် တွေထဲမှာ ခရီးသွားတာတွေ၊ တိုင်းရင်းသား လူမျိုးစု တွေကို လေ့လာတာ တွေနဲ့ ပင်လယ်ရေအောက်၊ ကျွန်းတွေပေါ် လေ့လာရေး ခရီးသွားတာတွေ ပါတယ်။ ဧည့်သည်က လေ့လာချင်ရင် ဒီက ခရီးသွား လုပ်ငန်း ကုမ္ပဏီတွေ က စီစဉ်ပေးရတယ်။ ဒီနေရာမှာ အဲဒီဒေသ ရေရှည် တည်တံ့ခိုင်မြဲ ဖို့က စိန်ခေါ်မှုတွေ ရှိလာတယ်၊ သူ့ဒေသက သဘာဝ တရားတွေ၊ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ တွေကို ဧည့်သည်က မဖျက်ဆီး မိအောင် ကုမ္ပဏီတွေက တာဝန်ခံ ရပါမယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။
ဂေဟ လေ့လာရေး ခရီးသွားလုပ်ငန်း ကို မြန်မာနိုင်ငံတွင် ၁၉၉၃ ခုနှစ်က စတင် လုပ်ကိုင်ခဲ့ပြီး ဂေဟ လေ့လာရေး ခရီးသွားခြင်း နှင့် သဘာဝ အခြေခံ လေ့လာရေး ခရီးသွားခြင်း တို့အတွက် သွားရောက် လေ့လာ လည်ပတ်နိုင်ရန် တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၁ ခုတွင် အမျိုးသား ဥယျာဉ်၊ သဘာဝ သစ်တောကြိုးဝိုင်း ၊ ဆင်စခန်း ၊ အဏ္ဏဝါ အမျိုးသားဥယျာဉ် စသည့် နေရာပေါင်း ၂ဝ ကျော် တည်ရှိကြောင်း၊ ပြည်တွင်း အခြေစိုက် ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများ အနေဖြင့် Ecotourism နှင့် ပတ်သက်၍ ခရီးသွား ပုံစံသစ်များ ပေါ်ပေါက် လာစေရန် ကြိုးပမ်း ဆောင်ရွက် နေကြောင်း သိရသည်။
သုနန္ဒာ
မြ၀တီနေ့စဉ် ၊ စာ(၁၇)
#Themyawadydaily






No comments:
Post a Comment