www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 20, 2015

ဧရာဝတီမြစ်သည် အနောက်ဘက်သို့ မြစ်ကြောင်း ပြောင်းလဲနေမှုကြောင့် ရေထုကြီးမားသော မကွေးတိုင်း ဒေသကြီး ၌ ဆိုးကျိုးကို ပိုမိုခံစားနေရ



မကွေး ၊ ၂၀-၈-၂၀၁၅

မြန်မာနိုင်ငံတွင် အရှည်ဆုံး နှင့် ရေချို အများအပြား ရရှိနိုင်ပြီး စိုက်ပျိုးရေး လုပ်ငန်းများ အတွက် အားထား နေရသော ဧရာဝတီ မြစ်ကြီးမှာ အနောက်ဘက် ဒေသကို ဗဟိုပြုပြီး မြစ်ကြောင်း ပြောင်းလဲ နေမှုကြောင့် မြစ်ကမ်းပြိုမှုများ ဆက်တိုက် ဖြစ်ပေါ်လာနိုင် သည့် အခြေအနေများ ရှိနေသည်။ ယင်းမြစ်ကြောင်း ပြောင်းလဲမှု သည် မကွေးတိုင်း ဒေသကြီးရှိ ပြည်သူများကို အများဆုံး အကျိုးသက်ရောက်မှု ပေးနေကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးက ပြောကြားသည်။

ထိုသို့ ဧရာဝတီ မြစ်ကြောင်း လျင်လျင်မြန်မြန် ရေလမ်းကြောင်း ပြောင်းလဲမှုကြောင့် မကွေးတိုင်း ဒေသကြီးရှိ မြစ်အနောက် ဘက်ခြမ်းနေ ပြည်သူများ အနေဖြင့် မြစ်ကြောင်း ပြောင်းလဲမှု ဒဏ်ကိုခံစား ရမည့်အပြင် လူဦးရေ ထူထပ် လာခြင်းကြောင့် ပြန်လည် အခြေချ နေထိုင်နိုင်ရေး များပင် အခက်အခဲများ ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာနမှ ပညာရှင် တစ်ဦးက ပြောပြသည်။

ယင်းကဲ့သို့ ဧရာဝတီ မြစ်ကြောင်း အနောက်ဘက် ကမ်းသို့ ဦးတည် ပြောင်းလဲ နေမှုနှင့် ရေထုအမြင့်မှာ သုံးထပ်ခွဲ၊ လေးထပ်တိုက် တစ်လုံး၏ အမြင့် ရှိနေခြင်း များသည် မြစ်ကမ်းပါး ပြိုခြင်းကို ပိုမိုဖြစ်ပေါ် စေသည်ဟု ဆိုသည်။

လောလောဆယ်တွင် ဧရာဝတီမြစ် နှင့် ချင်းတွင်းမြစ် ဆုံရာ ပခုက္ကူမြို့ အရှေ့ဘက်ရှိ နန်းဦး၊ ရေစကြို၊ ငမျှကြီး၊ ကြက်တန်းကုန်း၊ ထောက်ရှာပင် ဒေသများ၊ စလင်းမြို့နယ် အတွင်းမှ ကြူတောဘိုကုန်း၊ သနပ်ကုန်း၊ တလင်းကြီးကုန်း၊ သံကိုင်း၊ ရေနံချောင်း၊ ကျောက်ရဲကျွန်း နှင့် အခြားကမ်းပြိုရွာ များစွာရှိပြီး ထိုရွာများ၏ ဘေးပတ်လည်တွင် အနည်းဆုံး ကျေးရွာ ငါးရွာတွင် ပူးတွဲနေထိုင် ကြသောကြောင့် ပြည်သူများ၏ နေထိုင်ရေးနှင့် လုပ်ကိုင် စားသောက်မည့် မြေနေရာပါ အခက်အခဲ တွေ့နိုင်ကြောင်း သိရသည်။

ထို့ပြင် ဧရာဝတီမြစ်မှာ မကွေးတိုင်း ဒေသကြီး ပခုက္ကူမြို့ အထက်တွင် ချင်းတွင်းမြစ်နှင့် ပေါင်းစုံ လိုက်ရာတွင် မကွေးတိုင်း ဒေသကြီးရှိ ဧရာဝတီ မြစ်ပြင်တွင် ပိုမိုကျယ်ပြန့်ပြီး ရေထုလည်း အလွန် ကြီးမားသောကြောင့် အနောက်ဘက်သို့ မြစ်ကြောင်း ပြောင်းလဲမှု ဒဏ်ကိုပိုမို ခံစားရခြင်း ဖြစ်သကဲ့သို့ မြစ်ချောင်းများ အနေဖြင့်လည်း ၁ဝ နှစ်မှ နှစ် ၂ဝ အတွင်း မြစ်ကြောင်း ပြောင်းလဲမှု ဖြစ်ပေါ် တတ်သည်ဟု သိရသည်။

သို့သော် ပြီးခဲ့သည့် သုံးနှစ်တာ ကာလအတွင်း ဧရာဝတီမြစ်မှာ သိသိသာသာ မြစ်ကြောင်း ပြောင်းလဲမှု ဖြစ်ပေါ်လာ နေကြောင်း ၊ ဧရာဝတီတိုင်း ဒေသကြီးတွင် စိုက်ပျိုးမြေ လျော့နည်း လာနိုင်သော အခြေအနေ တို့ ဖြစ်ပေါ်လျက် ရှိကြောင်း ဧရာဝတီမြစ် ၏ မြစ်ကြောင်း ပြောင်းလဲမှုကို သုတေသန ပြုနေသူ ဒေါက်တာ မောင်မောင်အေး က သုံးသပ် ထားကြောင်း သိရသည်။

စောကျော်ဝင်း (စလင်း)

ရတနာပုံနေ့စဉ် ၊ စာ(၁)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger