www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 20, 2015

ကလေးမြို့တွင် ရေဘေးကြောင့် ရွှံ့ညွန်ဖုံး လယ်မြေဧက နှစ်သောင်း ၊ သဲဖုံးဧက ၅၀၀၀ နှင့် ချုံ သစ်တုံးဖုံး ဧက ၅၀၀၀ ခန့်ရှိ



ကလေး ၊ ၂၀-၈-၂၀၁၅

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ ရေဘေးတွင် ရွှံ့ညွန်ဖုံးလွှမ်း သွားသော လယ်မြေများ၏ အခြေအနေ များမှာ ရွှံ့ညွန် အနည်းငယ် ဖုံးလွှမ်းပြီး ချက်ချင်း စပါးပြန်လည် စိုက်ပျိုး နိုင်သော ဧရိယာများနှင့် ရွှံ့ညွန်များစွာ ဖုံးလွှမ်းပြီး စပါးချက်ချင်း ပြန်မစိုက် နိုင်သော ဧရိယာများ ဖြစ်ပေါ်လျက် ရှိကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး ဒေါက်တာ မြင့်သိန်း ထံမှ သိရသည်။

ကလေးမြို့ ရေဘေးတွင် ခန့်မှန်းခြေ အားဖြင့် ရွှံ့ညွန်ဖုံး သွားသော လယ်မြေများမှာ ဧက ၂ဝဝဝဝ ခန့်၊ သဲဖုံးဧက ၅ဝဝဝ ခန့်နှင့်ချုံနှင့် သစ်တုံးများ ဖုံးလွှမ်းသည့် ဧက ၅ဝဝဝ ခန့်ရှိကြောင်း ၊ စပါးမစိုက်ဘဲ ရွှံ့ညွန်များ ထူထပ်စွာ ဖုံးလွှမ်းသွားသော ဧရိယာ များတွင် ကန်သင်းများ ပြန်ဖော်ခြင်း၊ ရေသွင်းမြောင်း၊ ရေထုတ်မြောင်းများ ပြန်လည် တူးဖော်ခြင်း၊ တိုင်းတာခြင်း လုပ်ငန်းများကို တောင်သူများနှင့် အတူ လယ်ယာမြေ စီမံခန့်ခွဲရေး နှင့် စာရင်းအင်း ဦးစီးဌာန၊ ဆည်မြောင်း ဦးစီးဌာန၊ စက်မှုလယ်ယာ ဦးစီးဌာနများ နှင့်ညှိနှိုင်းပြီး ဧရိယာ သတ်မှတ်ခြင်း လုပ်ငန်းများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ကန်သင်းများ ပြန်လည် ပြုလုပ်ခြင်း၊ မြေ ညှိခြင်း လုပ်ငန်းများ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ပြီး ယခုနှစ် စပါးစိုက်ပျိုးရန် အချိန်မမီသည့် လယ်မြေများတွင် ဆောင်းသီးနှံ မြေပဲ၊ နေကြာ၊ နှမ်း၊ စွန်တာပြာ၊ စားတော်ပဲ တို့ကို အချိန်မီ အစားထိုး ပြန်လည် စိုက်ပျိုးနိုင်ရေး ဆောင်ရွက်နေပြီ ဖြစ်သည်။

ရွှံ့ညွန် ဖုံးသွားသော ဧရိယာများ အတွက် မြေပြန်လည် ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အောက်ရှိ လယ်ယာမြေ စီမံခန့်ခွဲ ရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ ဆည်မြောင်း ဦးစီးဌာန၊ စက်မှုလယ်ယာ ဦးစီးဌာန၊ ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ၊ စိုက်ပျိုးရေး ဦးစီးဌာနတို့မှ ကျွမ်းကျင် ပညာရှင်များ ကွင်းဆင်း လေ့လာ ဆောင်ရွက် ကြမည် ဖြစ်ကြောင်း သိရသည်။

ချက်ချင်းပြန်စိုက် နိုင်သည့် နွံအနည်းငယ် သာ ဖုံးလွှမ်းသွားသော လယ်မြေ ဧရိယာများတွင် ထွန်ယက်ခြင်း မပြုတော့ဘဲ စပါးသီးနှံ တိုက်ရိုက် အစေ့ချ စိုက်ပျိုးခြင်း နှင့် လက်ကျန်ပျိုးဖြင့် စိုက်ပျိုးခြင်း ကို အချိန်မီ ပြန်လည် စိုက်ပျိုးနိုင်အောင် စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေး ညှိနှိုင်းမှုအဖွဲ့ ခရိုင်၊ မြို့နယ် စိုက်ပျိုးရေး ညှိနှိုင်းမှု အဖွဲ့တို့ ပူးပေါင်း ကွင်းဆင်း၍ လုပ်ငန်း ခွဲဝေပြီး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကုန်းတွင်း မြို့နယ်များတွင် အသက်ကယ် လှေ (ဖိုင်ဘာဘုတ်) ထားရှိရန် လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန နှင့် ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(၃၃၄)

ရတနာပုံနေ့စဉ် ၊ စာ(၁၀)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger