www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 21, 2015

ပျူခေတ်မြို့ဟောင်းသုံးခုနှင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်း နှစ်တန်အထက် ယာဉ်များဖြင့် လှည့်လည်သွားလာ ခြင်းကိုတားမြစ်


ရန်ကုန် ၊ ၂၁-၇-၂ဝ၁၅

မြန်မာနိုင်ငံရှိ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေများ ဖြစ်သော ပျူခေတ် မြို့ဟောင်း သုံးခုဖြစ်သည့် ဟန်လင်း၊ သရေခေတ္တရာ၊ ဗိဿနိုးမြို့ဟောင်း များနှင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း နှစ်တန်အထက် ယာဉ်များဖြင့် လှည့်လည် သွားလာခြင်းကို သက်ဆိုင်ရာမှ တရားဝင် တားမြစ် ထားကြောင်း သိရသည်။

ပြည်တွင်းပြည်ပမှ ခရီးသွား ဧည့်သည်များ အနေဖြင့် အဆိုပါ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေများ အတွင်းရှိ စေတီပုထိုး များကို လာရောက် ဖူးမြော်ကြသော ဘုရားဖူးယာဉ် လုပ်ငန်းရှင် များမှာ ဘတ်စ်ကား ကြီးများ အသုံးပြုမှု များလာသဖြင့် ကာလ ရှည်ကြာ လာပါက ထိုကားကြီးများ ချဉ်းကပ်သွား လာရာမှ ဖြစ်ပေါ်လာသော မြေကြီး တုန်ခါမှု များကြောင့် ရှေးဟောင်း စေတီပုထိုးများ ပြိုကျပျက်စီးမှု ဖြစ်ပွားလာ နိုင်သဖြင့် ကြိုတင် ကာကွယ်သည့် အနေဖြင့် ယခုကဲ့သို့ ကန့်သတ် တားမြစ်ရခြင်း ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''ဒီ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွေမှာ ရှိတဲ့ စေတီပုထိုးတွေ အကုန်လုံးက နိုင်ငံတော် အတွက် အဖိုးမဖြတ် နိုင်တဲ့ ရှေးဟောင်း အမွေအနှစ်တွေ ဖြစ်ပါတယ်။ ရှေးဟောင်း စေတီ တစ်ဆူဆူသာ အကြောင်း တစ်စုံတစ်ခု ကြောင့် ပြိုကျပျက်စီး ခဲ့မယ်ဆိုရင် နဂိုမူလ အတိုင်း ပြန်အစားထိုးဖို့ အရမ်း ခက်ခဲတယ်။ အဲဒါကြောင့် မို့လို့ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ အခုလို ကန့်သတ် တားမြစ် ရတာပါ'' ဟု ၄င်းက ဆက်လက် ပြောသည်။

ထိုကဲ့သို့ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေများ အတွင်း နှစ်တန်မှ အထက် ယာဉ်များဖြင့် လှည့်လည် သွားလာခြင်းကို တရားဝင် ကန့်သတ်တားမြစ် လိုက်သဖြင့် ယခုအခါ ဘုရားဖူး ဘတ်စ်ကား ကြီးများသည် သက်ဆိုင်ရာမှ သတ်မှတ် ပေးထားသော ဘုရားများနှင့် အနီးဆုံး နေရာများတွင် ယာဉ်ရပ်နား ကြပြီး ထိုမှတစ်ဆင့် မြင်းလှည်းများ၊ လိုက်ထရပ် ယာဉ်များ၊ တခြားသော မော်တော်ယာဉ် ငယ်များဖြင့် လှည့်လည် သွားလာကြ သကဲ့သို့  တချို့သော ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည် များကလည်း လျှပ်စစ် စက်ဘီးများနှင့် ရိုးရိုးစက်ဘီးများ ငှား၍ လှည့်လည် သွားလာ ကြကြောင်း သိရသည်။

ဆောင်းဦး

မြ၀တီနေ့စဉ် ၊ ၂၁-၇-၂၀၁၅ ၊ စာ(၄)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger