www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 5, 2015

ကာကွယ်ထိန်းသိမ်းအပ်ပေ ပုဂံယဉ်ကျေးမှုမြေ


ကာကွယ်ထိန်းသိမ်းအပ်ပေ ပုဂံယဉ်ကျေးမှုမြေ

ပုဂံမြေသည် ရှေးဟောင်း အမွေအနှစ်များ လေ့လာနိုင်ရာ ယဉ်ကျေးမှု နယ်မြေ ဖြစ်သည်။ အဆိုပါ နယ်မြေကို ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံများ တည်ရှိရာဇုန်၊ ရှေးဟောင်း နေရာ တည်ရှိရာဇုန်၊ ကာကွယ် ထိန်းသိမ်း ထားသောဇုန် ဟူ၍ ဇုန်သုံးခု ပိုင်းခြား သတ်မှတ်ထားသည်။ ၄င်းဇုန် သုံးခုကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိမှသာလျှင် ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ် ထိန်းသိမ်း နိုင်မည် ဖြစ်သည်။

ယဉ်ကျေးမှု အမွေအနှစ် ဒေသများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေကို ၁၉၉၈ ခုနှစ်တွင် နိုင်ငံတော်က ပြဋ္ဌာန်းခဲ့ပြီး ၂ဝဝ၉ ခုနှစ် ကလည်း ပြင်ဆင်သည့် ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ နည်းဥပဒေ များကို ယဉ်ကျေးမှု ဝန်ကြီးဌာန ၏ အမိန့် ကြော်ငြာစာ အမှတ် ၁/၂ဝ၁၁ ဖြင့် ၈-၈-၂ဝ၁၁ ရက်စွဲအရ ထုတ်ပြန် ခဲ့သည်။

၎င်းဥပဒေ ထုတ်ပြန်ချက် ပုဒ်မ(၆)အရ ယဉ်ကျေးမှု ဝန်ကြီးဌာနသည် ယဉ်ကျေးမှု ဒေသအတွင်းတွင် ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ ၏ မြင်ကွင်းကို လည်းကောင်း၊ ပတ်ဝန်းကျင် သဘာဝ မြင်ကွင်း ကိုလည်းကောင်း၊ အဟန့်အတား အနှောင့်အယှက် ဖြစ်စေသည့် ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ မဟုတ်သော အဆောက်အအုံ များကို ဖျက်သိမ်း စေနိုင်သည်။

ထို့ပြင် ယဉ်ကျေးမှု အမွေအနှစ် ဒေသ အတွင်းတွင် ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ (သို့မဟုတ်) ရှေးဟောင်း နေရာမှ သတ်မှတ်သည့် နယ်နိမိတ် အတွင်း၌ မည်သူမျှ ထွန်ယက် စိုက်ပျိုးခြင်း မပြုရဟု လည်းကောင်း၊ ယဉ်ကျေးမှု အမွေအနှစ်ကို ထိခိုက် စေနိုင်သည့် ဆောင်ရွက်မှု တစ်စုံတစ်ရာ မပြုလုပ်ရဟု လည်းကောင်း တားမြစ် နိုင်သည်။

မြန်မာ တစ်နိုင်ငံလုံးတွင် ယဉ်ကျေးမှု အမွေအနှစ် ဒေသ ၄၆ ဒေသကို သတ်မှတ် ထားရှိသည်။ ပြဋ္ဌာန်းဥပဒေ နှင့်အညီ သတင်းစာ များတွင် အသိပေး ကြေညာခြင်း၊ ဆွေးနွေးခြင်း၊ ဟောပြောခြင်း၊ ဥပဒေ စာအုပ်များ ဖြန့်ဝေခြင်း၊ ကျေးရွာ အောက်ခြေများ အထိ ကွင်းဆင်း ဆွေးနွေးခြင်း၊ ဗဟုသုတ ဖြန့်ဝေခြင်းများ ဆောင်ရွက်လျက် ရှိသည်။

ဥပဒေက တားမြစ် ထားသောမြေ၊ ယဉ်ကျေးမှု အမွေအနှစ်ဒေသတွင် အကျုံးဝင် သောမြေ၊ သတိပေး ကြေညာချက်ဖြင့် ကန့်သတ် ထားသော မြေများကို ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ အဆောက်အအုံများ ဆောက်လုပ်ခွင့် မပြုပေ။ ထို့ပြင် မြေနေရာ ရှင်းလင်းခြင်း၊ ဝင်းခြံများ ကာရံ ခြင်း၊ တိုင်များ စိုက်ထူခြင်း၊ တစ်စုံတစ်ရာ ကျူးကျော်ခြင်း တို့ကိုလည်း ခွင့်မပြုပေ။

တန်ဖိုး မဖြတ်နိုင်သည့် ယဉ်ကျေးမှု အမွေအနှစ် များကို မထိခိုက်၊ မပျက်စီး စေရန်၊ ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာ ဇုန် အပါအဝင် သတ်မှတ်နေရာ အသီးသီးတွင် တစ်စုံ တစ်ရာ ဆောင်ရွက်ခွင့် မရှိစေရန်၊ မြေကွက် အရောင်းအဝယ် ပြုသူများ ရောင်းမှား၊ ဝယ်မှား မဖြစ်စေရန် သတိထား ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ ပုဂံဒေသ၊ ပုဂံမြေ ယဉ်ကျေးမှု အမွေအနှစ် များကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းတွင် ပါဝင်ရေး အလေးပေး ဆောင်ရွက်ကြပြီး ကမ္ဘာလှည့် ခရီးသွားများ အထူး စိတ်ဝင်စားသော ဒေသ ဖြစ်သောကြောင့် ပုဂံ ယဉ်ကျေးမှု မြေကို ကာကွယ် ထိန်းသိမ်း ကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger