www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 3, 2016

တရုတ်နိုင်ငံအတွက် တောင်တရုတ်ပင်လယ် အိပ်မက်ဆိုးအဖြစ် ဆက်လက်ရှိနေဦးမည့် အမေရိကန် စစ်ရေယာဉ်များ




( ဇေယျဘုန်း )

တရုတ်အစိုးရသည် ၄င်းတို့ပိုင်အဖြစ် တစ်ဖက်သတ် ကြေညာထားသော တောင်တရုတ် ပင်လယ်အတွင်းရှိ အငြင်းပွားလျက် ရှိသော ထရွန်တန်ကျွန်း အနီးသို့ အမေရိကန် ဖျက်သင်္ဘော USS Curtis Wilbur ဝင်ရောက် လာခြင်း အပေါ် အပြင်းအထန် ကန့်ကွက်ခဲ့သည်။

အမေရိကန် ပြည်ထောင်စု၏ အဆိုပါ လုပ်ရပ်သည် တရုတ်နိုင်ငံ၏ အမျိုးသား ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနမှ ကန့်ကွက်ခဲ့ရုံ သာမက နိုင်ငံ၏ ပိုင်နက်နယ်မြေ များကို ကာကွယ်ရန် လိုအပ်ပါက လက်နက်ကိုင် တပ်များကိုပါ အသုံးပြု သွားမည်ဟု တရုတ် အစိုးရက ခြိမ်းခြောက် ခဲ့သည်။ သို့ရာတွင် အမေရိကန် ပြည်ထောင်စုသည် ၄င်းတို့၏ စစ်ရေယာဉ် USS Curtis Wilbur ကို တောင်တရုတ် ပင်လယ် ရေကြောင်း အန္တရာယ် ကင်းရှင်းရေး အတွက် ပြီးခဲ့သည့် ရက်သတ္တပတ်က ထရွန်တန်ကျွန်း အနီး ရေမိုင် ၁၂ မိုင်အကွာမှ ကင်းလှည့် စေခဲ့ခြင်းသာ ဖြစ်သည်ဟု ပင်တဂွန် စစ်ဌာနချုပ်မှ အရာရှိ ဂျက်ဖ်ဒေးဗစ် က တုံ့ပြန်ပြောကြား ထားသည်။ ထို့ပြင် တောင်တရုတ် ပင်လယ်အတွင်း အမေရိကန် စစ်သင်္ဘော သွားလာ ခုတ်မောင်းခြင်းကို တရုတ်နိုင်ငံက ကန့်ကွက် ခြင်းသည် လွတ်လပ်စွာ ရေကြောင်း သွားလာမှုကို ကန့်သတ်ခြင်း ဖြစ်သည်ဟု ၄င်းက ဝေဖန်ခဲ့သည်။

ထရွန်တန်ကျွန်းစု သည် တရုတ်၊ တရုတ် (တိုင်ပေ) နှင့် ဗီယက်နမ်တို့ အကြား ပိုင်နက် အငြင်းပွား နေသည့် ကျွန်းတစ်ကျွန်း ဖြစ်ပြီး ယင်း အငြင်းပွား မှုကြောင့် တရုတ်နှင့် အိမ်နီးချင်းနိုင်ငံ များအကြား တင်းမာမှုများ မြင့်တက် လာခဲ့သည်။ တရုတ်နိုင်ငံသည် တောင်တရုတ် ပင်လယ်အတွင်းရှိ ရေပိုင်နက် ၉ဝ ရာခိုင်နှုန်းကျော် ကို ၄င်းတို့ပိုင် အဖြစ် တစ်ဖက်သတ် ကြေညာ ထားသောကြောင့် အိမ်နီးချင်း နိုင်ငံများ၏ ဝေဖန် ကန့်ကွက်မှုများ ဖြင့် ရင်ဆိုင်ရလျက် ရှိသည်။ ထို့ပြင် တောင်တရုတ် ပင်လယ်ရှိ အငြင်းပွားဖွယ် ရေပိုင်နက်များ အတွင်း တရုတ်အစိုးရက ကျွန်းတုများ တည်ဆောက်၍ စစ်ဘက်တွင် အသုံးပြုရန် လုပ်ဆောင်နေခြင်း နှင့် စပ်လျဉ်း၍ တရုတ် နှင့် အမေရိကန် ပြည်ထောင်စုတို့ အကြား တင်းမာလျက် ရှိသည်။ ယခုဖြစ်ရပ်သည် ပထမဆုံး အကြိမ် မဟုတ်ပေ။ အမေရိကန် အစိုးရသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ အတွင်းကလည်း ၄င်းတို့၏ စစ်သင်္ဘော တစ်စင်းဖြစ်သည့် USS Lassen ကို တရုတ်နိုင်ငံက ၄င်းတို့ပိုင်အဖြစ် သတ်မှတ် ထားသော ရေပိုင်နက်အနီးမှ မောင်းနှင် စေခဲ့သောကြောင့် ရေပိုင်နက် အငြင်းပွားမှုနှင့် စပ်လျဉ်း၍ ဖိလစ်ပိုင် အစိုးရ၏ တရားစွဲဆိုမှု နှင့် ရင်ဆိုင်နေရသည့် တရုတ်အစိုးရကို မြွေပူရာ ကင်းမှောင့် အဖြစ်သို့ ရောက်ရှိ စေခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန် ပြည်ထောင်စု၏ အာရှဒေသမှ မဟာမိတ်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ယင်း နှစ်နိုင်ငံအကြား ကာကွယ်ရေး သဘောတူညီချက် များကိုလည်း လက်မှတ်ရေး ထိုး နိုင်ခဲ့ခြင်းကြောင့် ဒေသတွင်း အင်အားကြီး နိုင်ငံအဖြစ် ရပ်တည်လိုပြီး ဒေသအတွင်း လွှမ်းမိုးမှုကို တိုးမြှင့်နိုင်ရန် ကြိုးပမ်းနေသည့် တရုတ်နိုင်ငံ၏ ကြိုးပမ်းနေမှုကို အကန့်အသတ် ဖြစ်စေခဲ့သည်။ သို့သော် အမေရိကန် အစိုးရသည် တောင်တရုတ် ပင်လယ် အတွင်းရှိ ရေပိုင်နက် များနှင့် စပ်လျဉ်းပြီး ဖြစ်ပေါ်နေသည့် အငြင်းပွားမှု များနှင့် ပတ်သက်၍ မည်သည့် နိုင်ငံဘက်မှ ရပ်တည်ခဲ့ခြင်း မရှိသော်လည်း တရုတ် အစိုးရက အဆိုပါ အငြင်းပွား ရေပိုင်နက်များ အတွင်း ကျွန်းတုများေ ဆာက်လုပ်နေခြင်း ကို အပြင်းအထန် ကန့်ကွက်ထားပြီး ယင်းသို့ လုပ်ဆောင် နေခြင်းကို ရပ်တန့်ရန် တောင်းဆိုထားသည်။

အငြင်းပွား ရေပိုင်နက်အတွင်း တည်ဆောက် နေသည့် အဆိုပါကျွန်းတု များတွင် လေယာဉ်ပြေးလမ်း များကိုပါ ထည့်သွင်း တည်ဆောက် ထားခြင်းကြောင့် ယင်း ကျွန်းတုများကို တရုတ်နိုင်ငံက စစ်ရေးစစ်ရာတွင် အသုံးပြုမည်ဟု အမေရိကန် အစိုးရက ယူဆထား သော်လည်း တရုတ်နိုင်ငံ က ငြင်းဆိုထားသည်။

တောင်တရုတ် ပင်လယ်သည် အလွန် အရေးပါသည့် ရေကြောင်းဆိုင်ရာ ဆက်သွယ်ရေး လမ်းကြောင်း တစ်ခုဖြစ်ပြီး နှစ်စဉ်ဒေါ်လာ ၅ ထရီလီယံ တန်ဖိုးရှိ ကုန်ပစ္စည်း များကို အဆိုပါ ရေလမ်းကြောင်းမှ တစ်ဆင့်သယ်ယူ ပို့ဆောင် ပေးလျက်ရှိသည်။ ထို့ကြောင့် တရုတ်နိုင်ငံသည် တောင်တရုတ် ပင်လယ်အား လွှမ်းမိုးချုပ်ကိုင် နိုင်ရေးအတွက် အငြင်းပွား ရေပိုင်နက် အတွင်း ကျွန်းတုများ တည်ဆောက် နေခြင်းဖြစ်ပြီး ဖိလစ်ပိုင် ကဲ့သို့သော အိမ်နီးချင်း နိုင်ငံများအပေါ် ခြယ်လှယ်နိုင် စေရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။

အမေရိကန် အစိုးရ၏ မူဝါဒပြောင်းလဲ လာခြင်းသည် တရုတ်နိုင်ငံ အပေါ် များစွာ အကျိုး သက်ရောက်မှု ဖြစ်ပေါ် စေခဲ့သည်။ အမေရိကန် ပြည်ထောင်စုသည် ၄င်းတို့ ဗဟိုပြုချက်ကို အရှေ့ အလယ်ပိုင်း မှ အာရှ- ပစိဖိတ် ဒေသသို့ ပြောင်းလဲ လာခဲ့ပြီးနောက် ဒေသတွင်းရှိ နိုင်ငံများနှင့် ကာကွယ်ရေး ဆိုင်ရာ သဘောတူညီ ချက်များ ချမှတ်နိုင် ခဲ့ခြင်းကြောင့် တရုတ်အစိုးရ အနေဖြင့် စိုးရိမ်မှု မြင့်တက်ခဲ့ ရသည်။ ထို့ပြင် တောင်တရုတ် ပင်လယ်ရှိ ကျွန်းတုများတည်ဆောက်ရေး နှင့်စပ်လျဉ်း၍ ထွက်ပေါ်လာသည့် အမေရိကန် အစိုးရ၏ ဝေဖန်ကန့်ကွက်မှု များသည် တရုတ်နိုင်ငံအား စိုးရိမ်မှု အမြင့်ဆုံးသို့ ရောက်ရှိ စေခဲ့သည် အပြင် အငြင်းပွား ရေပိုင်နက်များ အနီးမှ အမေရိကန် စစ်သင်္ဘောများ မောင်းနှင် ခုတ်မောင်း နေခြင်းသည်လည်း တရုတ် အစိုးရအတွက် ခေါင်းခဲစရာ အခြေအနေ တစ်ရပ် ဖြစ်လာခဲ့သည်။ မည်သို့ပင် ဖြစ်စေ အမေရိကန် ပြည်ထောင်စု အနေဖြင့် တောင် တရုတ် ပင်လယ်အတွင်း လွတ်လပ်စွာ ရေကြောင်း သွားလာမှုကို ဆက်လက်မြှင့်တင် သွားမည်ဟု ပစိဖိတ်တပ်ဖွဲ့မှ ရေတပ် ဗိုလ်ချုပ်ကြီး ဟယ်ရီဟဲရစ် က ပြောကြား ထားခြင်းကြောင့် အငြင်းပွား ရေပိုင်နက် အနီး မောင်းနှင် ခုတ်မောင်း လာမည့် အမေရိကန် စစ်ရေယာဉ် များသည် တရုတ်အစိုးရ အတွက် အိပ်မက်ဆိုး အဖြစ် ဆက်လက် ခြိမ်းခြောက် နေဦးမည်သာ ဖြစ်သည်။

မြ၀တီနေ့စဉ် ၊ စာ(၁၉)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger