www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 5, 2015

တန်ဖိုးနည်း . . . တဲ့လား


တန်ဖိုးနည်း . . . တဲ့လား

ဗေဒါ (နမ္မတူ)

ဝန်ထမ်းတွေ အတွက် တန်ဖိုးနည်း အိမ်ရာတွေ ဆောက်လုပ် ပေးနေပြီ ဆိုတဲ့သတင်း ကြားကြားချင်း ဆောက်လုပ်နေဆဲ အိမ်ရာရှိတဲ့ နေရာကို သွားကြည့် မိတယ်။ အဆောက်အအုံ တွေကို မြင်ရတော့ စိတ်ထဲမှာ ဝမ်းသာမိတယ်။ နေရလို့ ကတော့ တကယ့်ကို အိပ်မက်လို ပါပဲ လျှောက်လွှာ ခေါ်မယ့်ရက် ကို မျှော်နေမိတယ်။ ၂ဝ၁၅ ဇန်နဝါရီ ၁၂ ရက် ကနေ ၃ဝ ရက်ထိ လျှောက်လွှာ ရောင်းမယ်လို့ သတင်းစာ ကနေ ကြေညာတယ်။ 

တိုက်ခန်းပေါင်းက ကိုးရာကျော်လို့ သိရတော့ မျှော်လင့်ချက် မှေးမှိန် သွားခဲ့ပြန်တယ်။ ဒါပေမဲ့ ကံတရားကို အားကိုးပြီး ဇန်နဝါရီလ ၁၂ ရက်နေ့မှာတော့ လျှောက်လွှာ ရောင်းမယ့် စည်ပင်ရုံးကို ရောက်ခဲ့ ပါတယ်။အငြိမ်းစား ဝန်ထမ်း၊ တာဝန် ထမ်းဆောင်ဆဲ လုပ်သက် ၂၅ နှစ်နဲ့အထက် ရှိတဲ့ဝန်ထမ်း၊ တိုင်းပြည်အတွက် အသက်စွန့်လွှတ် ခဲ့ရသူတွေရဲ့ မိသားစုတွေနဲ့ ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ ရသူတွေကို နေရာခွဲပြီး လျှောက်လွှာ ရောင်းပါတယ်။ အငြိမ်းစားတွေ အတွက် ထိုင်ခုံလေးတွေ ချထားလို့ တော်သေးတယ် ဆိုရမှာပါ။ စာရေးသူ တို့ကလဲ တာဝန် ထမ်းဆောင်ဆဲ လုပ်သက် ၂၅ နှစ်ပြည့် မှာဝင်ပြီး တန်းစီရတယ်။ တန်းစီတာ ကတော့ မြန်မာပြည်ရဲ့ စတိုင်တစ်ခုလို ဖြစ်နေပါပြီ။ စာရေးသူ တို့က ငယ်ငယ်လေး ကတည်းက တန်းစီခဲ့သူ တွေပါ။ ဆန်တို့၊ ဆပ်ပြာ တို့ကို တန်းစီ ထုတ်ရတဲ့ သမဝါယမခေတ်၊ ကုန်မျိုးစုံကို အကြွေးစနစ် ရောင်းချပေးတဲ့ ဝန်ထမ်း သက်သာ ချောင်ချိရေး ပြီးတော့ ဓာတ်ဆီ တစ်ဂါလန် ရဖို့ နေပူကြီးထဲ လမ်းကွေ့ကွေ့ ကောက်ကောက် ထဲမှာ တန်းစီတိုး ရတဲ့ ဒုက္ခက လွတ်တာ ဘာကြာ သေးလို့လဲ။ အခုလဲ တန်းစီရမှာပါ။  အဖြူ-အစိမ်း ဝတ်တွေနဲ့ တန်းစီရတာ သိပ်တော့ ဟန်မကျဘူး။ ဒါပေမဲ့ အဖြူ-အစိမ်း ဝတ်တွေက အများကြီးပဲ။ ဆရာ၊ ဆရာမတွေ အတွက် ဝန်ထမ်းအိမ်ရာ ဆိုပြီး သီးသန့် မရှိတော့ နေရေးကလဲ ခက်ခဲကြတယ်။

တချို့ ကျောင်းဝင်းထဲမှာ ဖြစ်သလိုလေး နေခွင့် ရပေမယ့် မိသားစုများ ရင်တော့ မရပါဘူး။ တချို့ ကျောင်းတွေမှာတော့ အခန်းလွတ်တွေ ရှိပေမယ့် ဘယ်သူမှ နေခွင့် မရပါဘူး။ စာရေးသူ တို့လို နယ်ကလာတဲ့ သူတွေက ပိုဆိုးတယ်။ အပြင်မှာ ငှားနေရတာပါ။ အိမ်ငှားခက အနည်းဆုံး ငွေကျပ် ငါးသောင်းပဲ၊ ငါးသောင်း ဆိုရင် ပတ်ဝန်းကျင် မသန့်တဲ့ နေရာ၊ ထရံကာ အိမ်မျိုးပဲ ရတယ်။ တိုက်ခန်း ဆိုရင်တော့ အနည်းဆုံး ငွေကျပ် တစ်သိန်းခွဲ အထက်ပဲ ရှိတယ်။ ရတဲ့လစာက အိမ်ခန်းခ ပေးလိုက်ရရင် ကုန်ရော။ ဒါကြောင့် သူများတွေ နားချိန်၊ တီဗွီကြည့်ချိန်၊ အေးအေးလူလူ မိသားစု စကားပြောချိန် တွေမှာ စိတ်ဆင်းရဲမှု များစွာနဲ့ တစ်အိမ်တက်၊ တစ်အိမ်ဆင်း စာသင် ရတာပါ။ တိုက်ဆောက်၊ ကားစီးဖို့ မဟုတ်ပါဘူး။ ထမင်း နပ်မှန်အောင် စားရဖို့ပါ။ 

တဖြည်းဖြည်းနဲ့ စာရေးသူတို့ရဲ့ အတန်းကြီးက လျှောက်လွှာ ရောင်းတဲ့နား ရောက်လာပါပြီ။ လျှောက်လွှာဖိုး ငွေငါးရာ အဆင်သင့် ထုတ်ထားပြီး မှတ်ပုံတင်နဲ့ ဝန်ထမ်းကတ်ကို ဆုပ်ကိုင်ရင်း လူအုပ်ကြီးနဲ့ တဖြည်းဖြည်း ပါသွားတယ်။ အဲဒီနေ့က လျှောက်လွှာ ရခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့မှာတော့ သူငယ်ချင်း ဆရာမနဲ့ အတူ လျှောက်လွှာ တင်ဖို့ သွားခဲ့တယ်။ လူလဲနည်း နေပြီမို့ အဆင်ပြေ မယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ အဲဒီနေ့က စိတ်မကောင်းစရာ အဖြစ်နဲ့ ကြုံခဲ့ရတယ်။

တာဝန်ရှိသူ အမျိုးသမီး တစ်ဦးနဲ့ အမျိုးသား တစ်ဦးက လျှောက်လွှာကို စစ်ဆေး လက်ခံတယ်။ အမျိုးသားက ပုံစံ(၁ဝ)ကို ကြည့်ပြီး ''တစ်ယောက်ထဲ သမားတွေက များလိုက်တာ'' တဲ့။ သူ ဘာအဓိပ္ပာယ် နဲ့ ပြောတယ်ဆိုတာ မစဉ်းစားမိဘူး။ လျှောက်လွှာမှာ တစ်ယောက်တည်း သမား မလျှောက်ရဘူး လို့မှ မပါတာ။ ဒါကြောင့် ''ဟုတ်ပါတယ်။ ကျွန်မက ရှမ်းပြည်က ပြောင်းခဲ့တာပါ'' လို့ အမှန်အတိုင်း အလျင်စလို ဖြေလိုက်တယ်။ သူက ထပ်ပြီး ''ရှမ်းပြည်က ဆိုတော့ ရှမ်းစကားတတ် သလား'' တဲ့။ စာရေးသူ အံ့သြ သွားတယ်။ သူရဲ့ မယုံသင်္ကာ အမေးကို ''ဟုတ်ကဲ့ တတ်ပါတယ်'' လို့ ပြန်ဖြေ လိုက်တယ်။ ရှမ်းပြည်မှာ နေတဲ့သူ အားလုံး ရှမ်းစကား တတ်ရမလို ဖြစ်နေပြီ။ 

သူက ဆက်ပြီး ''မှတ်ပုံတင်က မန္တလေး မှတ်ပုံတင်နော်'' တဲ့။ စာရေးသူ သဘောပေါက် လိုက်ပါပြီ။ သူက ဘေးက အမျိုးသမီး ဝန်ထမ်းကို ကျွန်မရဲ့ လျှောက်လွှာနဲ့ လိုအပ်တာ တွေကို လှမ်းပေ လိုက်တယ်။ အမျိုးသမီး ဝန်ထမ်းက လျှောက်လွှာနဲ့ အတူ ပုံစံ(၁ဝ)၊ မှတ်ပုံတင်၊ ဝန်ထမ်းကတ် မိတ္တူတွေကို ယူထား လိုက်တယ်။ ဒါပေမဲ့ လက်ခံ ရရှိကြောင်း ဘာတစ်ခုမှ ပြန်မပေး လိုက်ပါဘူး။ အပြန်လမ်း တစ်လျှောက်လုံး စာရေးသူ စဉ်းစား လာခဲ့တယ်။

ဝန်ထမ်း အမျိုးသားရဲ့ စကားလုံး တွေကိုပါ။ သူက တာဝန်အရ အလုပ်လုပ် နေတဲ့သူနဲ့ မတူဘူး။ တရားသူကြီး က တရားခံကို စစ်နေတဲ့ ပုံစံပါ။ အမှန်တော့ ဆရာမ တစ်ယောက်က တန်ဖိုးနည်း အိမ်ရာကို လိမ်လည်ပြီး လာလျှောက် တာလားလို့ မမေးရုံပါပဲ။ မသင်္ကာဘူး ဆိုရင် မသင်္ကာတဲ့ အချက်ကို သေချာစစ်ပါ။ စစ်ပြီးလို့ သတ်မှတ်ချက် နဲ့ မကိုက်ညီရင် လျှောက်လွှာကို လက်မခံနဲ့ပေါ့။ တန်ဖိုးနည်း အိမ်ရာ ရမယ် မရမယ်တော့ မသိပါဘူး။ 

တန်ဖိုးမရှိတဲ့ သူတွေလို နှိမ့်ချ ဆက်ဆံခံ ရတဲ့အတွက် တော်တော်လေး စိတ်မကောင်း ဖြစ်မိပါတယ်။ ဝန်ထမ်း လုပ်သက် (၃ဝ)ကို အခက်အခဲ များစွာနဲ့ ကျော်ဖြတ် လာခဲ့ပြီးပါပြီ။ နောက်ထပ်(၁ဝ) နှစ်ကိုလဲ ကောင်းကောင်း ကျော်ဖြတ် နိုင်မှာပါ။ ဝန်ထမ်းတွေ အတွက်ကတော့ အခက်အခဲ ဆိုတာ ဖြစ်ရိုးဖြစ်စဉ် တွေမို့ အသည်း နှလုံးမှာ ကျွဲပခုံးထ နေပါပြီ။ အားလုံးရဲ့ စိတ်ထဲမှာ ဒီတိုက်ခန်းကို ရမှဖြစ်မယ်လို့ ဘယ်သူမှ တွေးမထား ပါဘူး။ လုပ်သက် နှစ်ပေါင်း (၂၅) နှစ်ပြည့်လို့၊ နေစရာ အပိုင် မရှိလို့ လာလျှောက်ကြတဲ့ သူတွေပါ။ သံသယရှိ သလို အမေးခံရတာ ကတော့ ရင်ထဲမှာ မကောင်းပါဘူး။ ဝန်ထမ်း အချင်းချင်း ကိုယ်ချင်းစာစိတ် လေးတွေနဲ့ ဖေးကူ ဆောင်ရွက် သွားသင့်ပါတယ် လို့ပဲ။ တန်ဖိုးနည်း အိမ်ရာ လျှောက်ထားစဉ်က အတွေ့အကြုံ လေးကို ပြန်လည် ရေးသား တင်ပြ လိုက်ပါတယ်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger