www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 5, 2015

လျှပ်စစ်စွမ်းအင်သုံး ယာဉ်များနှင့် ဟိုက်ဒရိုဂျင် လောင်စာဆဲလ်သုံး ယာဉ်များအား တင်သွင်းသည့် အခွန်ကောက်ခံမှု လျှော့ချသတ်မှတ်နိုင်ရန် လုပ်ဆောင်မည်



ရန်ကုန် ၊ ၅-၃-၂၀၁၅

မြန်မာနိုင်ငံ အတွင်းသို့ ပြည်ပမှ လျှပ်စစ်စွမ်းအင် အသုံးပြုသည့် မော်တော်ယာဉ် များကို တင်သွင်း ခွင့်ပြုရာတွင် အဆိုပါ ယာဉ်များကို တင်သွင်းသည့် အခွန်ကောက်ခံမှုကို လျှော့ချသတ်မှတ် လိုက်ပြီ ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ လျှပ်စစ်စွမ်းအင်ကို အသုံးပြု မောင်းနှင်မည့် ယာဉ်များအပေါ် အခွန်နှုန်းထားများ ကောက်ခံမှု ပြုလုပ်ရာတွင် လျှော့ပေါ့ ကောက်ခံသွားရန် စီမံကိန်း တစ်ရပ်အား ရေးဆွဲ အတည်ပြု သွားမည် ဖြစ်သည်။

အဆိုပါ လျှပ်စစ် စွမ်းအင်ကို အသုံးပြု မောင်းနှင်မည့် ယာဉ်များနှင့် ဟိုက်ဒရိုဂျင် လောင်စာဆဲလ်သုံး ယာဉ်များ တင်သွင်းမှု ပိုမိုများပြား လာပါက ရန်ကုန်မြို့တွင် လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက် နေသည့် ကာဗွန် လျှော့ချခြင်း လုပ်ငန်းများ အတွက် များစွာ အထောက်အကူ ဖြစ်စေ နိုင်သဖြင့် ထိုကဲ့သို့ တင်သွင်းခွင့် များကို အခွန်လျှော့ချ သတ်မှတ်ပေး ရခြင်း ဖြစ်ကြောင်း သိရသည်။ 

ဓာတ်ဆီ၊ ဒီဇယ်ဆီ စသည့် ရုပ်ကြွင်း လောင်စာ အသုံးပြု ရသော မော်တော်ယာဉ်များ အတွက် သဘာဝ ပတ်ဝန်းကျင် အပေါ် ထိခိုက်မှုများ ဆိုးရွားစွာ ဖြစ်ပေါ်စေပြီး ကန့်သတ် ထုတ်ကုန်များ ဖြစ်သည့် ရေနံများ မှာလည်း မကြာမီကာလ များတွင် ကုန်ဆုံးသွားရန် ရှိသဖြင့် ထိုကဲ့သို့ ကာဗွန် ထုတ်လွှတ်မှု လျှော့ချ ပေးနိုင်သည့် ယာဉ်များ တင်သွင်းခွင့်နှင့် ပတ်သက်၍ အခွန်လျှော့ချ ပေးနိုင်မည် ဆိုပါက ရန်ကုန်မြို့နေ ပြည်သူများ နေ့စဉ်ရှူရှိုက် နေရသည့် ကာဗွန်များအား လျှော့ချ ပေးနိုင်သည့် အကြောင်းရင်း တစ်ရပ် ဖြစ်လာနိုင်ကြောင်း ပညာရှင်များက သုံးသပ်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော်ဖြစ်သည့် ရန်ကုန် မြို့တော်အား အစိမ်းရောင်မြို့တော် ဖြစ်လာစေရေး အတွက် လုပ်ဆောင်ရာတွင် ရေရှည် တည်တံ့သည့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုများ ဖြစ်လာစေရန်နှင့် ကာဗွန်
ထုတ်လွှတ်မှု မရှိသည့် စီးပွားရေး လုပ်ငန်းများ ပေါ်ပေါက် လာရေးအတွက် မူဝါဒများ၊ ဥပဒေများ ရေးဆွဲလျက် ရှိသည့်အပြင် ထိုကဲ့သို့ လျှပ်စစ် မော်တော်ယာဉ်များ နှင့် ဟိုက်ဒရိုဂျင် လောင်စာဆဲလ် အသုံးပြုသည့် ယာဉ်များ ဝင်ရောက်လာမည် ဖြစ်သဖြင့် ရန်ကုန်မြို့၌ ကာဗွန် ထုတ်လုပ်မှု ပိုမိုလျှော့ချ သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် ကို အစိမ်းရောင် မြို့တော် ဖြစ်လာရန် စတင် လုပ်ဆောင်လျက် ရှိပြီး ယမန်နှစ် ကလည်း ရန်ကုန်မြို့သည် အာဆီယံ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ရေရှည် ဖွံ့ဖြိုးသော မြို့ကြီးများအဖွဲ့ (AWGESC) က ပေးအပ်သော The 3rd ASEAN ESC Award ဆုကို ရရှိခဲ့သည်။ လက်ရှိတွင် မြန်မာနိုင်ငံ လူဦးရေ၏ ၇ဝ ရာခိုင်နှုန်းသည် ကျေးလက်ဒေသ၌ နေထိုင်လျက် ရှိပြီး ၃ဝ ရာခိုင်နှုန်းသာ မြို့ပြတွင် နေထိုင်ကြကြောင်း၊ ၂ဝ၅ဝ ပြည့်နှစ်တွင် မြို့ပြ၌ နေထိုင်သည့် လူဦးရေသည် ၅၈ ရာခိုင်နှုန်း အထိ များပြား လာမည်ဖြစ်ပြီး ကျေးလက် ဒေသတွင် နေထိုင်သည့် လူဦးရေသည် ၄၂ ရာခိုင်နှုန်းခန့်သာ ရှိတော့မည် ဖြစ်ကြောင်း ကမ္ဘာ့မြို့ ပြတွင် နေထိုင်မှု ခန့်မှန်းရေး အဖွဲ့မှ ခန့်မှန်းထားသည်။ (၄၄၈)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger