www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 9, 2015

ကမ္ဘာ့မျက်နှာပြင်အောက် ၁၂ မိုင်အနက်တွင် သက်ရှိလောက ရှိနေနိုင်သေး


ဝါရှင်တန် ၊ ၉-၂-၂၀၁၅

သက်ရှိဟူသည် ကမ္ဘာ့ မြေမျက်နှာပြင် နေရာအနှံ့တွင် ရှင်သန်နိုင် သကဲ့သို့ အလင်း၊ အောက်ဆီဂျင် လုံးဝ မရနိုင်သော ပင်လယ် သမုဒ္ဒရာ ရေနက်ပိုင်း တွင်လည်း ရှင်သန်နိုင် သည်ကို တွေ့ရှိခဲ့ ရာဝယ် ယခုအခါ မြေအောက် ၁၂ မိုင်ခန့် အနက်တွင်ပင် သက်ရှိလောက ရှိနေနိုင် သေးသည့် အထောက်အထား များကို ယေးလ်တက္ကသိုလ် မှ သုတေသီများက တွေ့ရှိခဲ့ကြောင်း သိရသည်။

''မြေအောက် ၁၂ မိုင်အနက်မှာ ဗက်တီးရီးယား တွေ ရှင်သန် နေထိုင်နေတဲ့ အထောက်အထား ကို တွေ့ရပါတယ်။ မြေအောက် ၁၂ မိုင် ဆိုတာ လူတွေ အနက်ဆုံး ရောက်ဖူးတာ ပါပဲ။ ဒီလိုနေရာ မှာတောင် သက်ရှိဓာတ်ကို တွေ့ရှိရတဲ့ အတွက် ဇီဝဓာတ်ဟာ နယ်စည်း မထားဘဲ နေရာတိုင်းမှာ ရှိနေနိုင်တယ် ဆိုတာ ပိုပြီးထင်ရှား လာပါတယ် '' ဟု သုတေသီတစ်ဦး က ပြောပြသည်။

''လေ့လာမှု အများအပြား က ကမ္ဘာ့ မြေမျက်နှာပြင် အောက် ၁ မိုင်လောက်အထိ သက်ရှိဓာတ်တွေ ရှိနေနိုင်တယ် ဆိုတာကို ဖော်ပြထား ပါတယ်။ အခုလောက်ထိ မြေနက်ပိုင်း ကိုတော့ သက်ရှိဓာတ် ရှိ၊ မရှိ ဘယ်သူမှ မလေ့လာခဲ့ဖူး ပါဘူး။ ယခု တွေ့ရှိချက် တွေအရ ကမ္ဘာကြီး ရဲ့ ဇီဝစက်ဝန်းဟာ လူတွေထင်ထား တာထက် အများကြီး ပိုပြီးကျယ်ပြန့် တယ်ဆိုတာ သိသာပါတယ် '' ဟု ဘူမိဗေဒနှင့် ဘူမိရူပဌာန သုတေသန ကျောင်းသူ တစ်ဦးက ပြောပြသည်။

သုတေသီများသည် လွန်ခဲ့သော နှစ်ပေါင်း ၂ဝ အတွင်း သုတေသီ အစုစု တို့က ရှာဖွေစုဆောင်း ခဲ့သော ကျောက်တုံး ကျောက်ခဲများကို စူးစမ်းလေ့လာ ခဲ့ကြရာ ဘူမိဗေဒ တိုင်းတာနည်း များဖြင့် တိုင်းထွာချက် အရ အချို့သော ကျောက်တုံး များသည် နှစ်သန်းပေါင်း များစွာ သက်တမ်းရှိပြီး ကာဗွန် လက္ခဏာ ပေါကြွယ်ဝကာ အချို့တွင် မီသိန်းဓာတ်ငွေ့လည်း ပါဝင်နေပြီး မြေအောက် ၁၂ မိုင်ခန့်တွင်သာ တွေ့ရှိ နိုင်သော ကျောက် အမျိုးအစား ဖြစ်သည်ကို တွေ့ရှိခဲ့ ကြသည်။

ထို့ကြောင့် ၄င်း ကျောက်သားများ တွေ့ရနိုင်မည့် အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန် ပြည်နယ် အနောက် မြောက်ပိုင်းရှိ လိုပက်ဇ်ကျွန်း ပေါ်သို့ သွားရောက်ကာ ကျောက်သား နမူနာများကို တူးဆွ လေ့လာခဲ့ရာမှ ယခုကဲ့သို့ ထူးခြားသော တွေ့ရှိမှု တစ်ရပ်ကို အတည်ပြု ကြေညာချက် ထုတ်ပြန် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''မြေအောက် ၁၂ မိုင်အနက် ဆိုတာ အပူချိန်နဲ့ ဖိအား အလွန် ပြင်းထန်ပြီး အောက်ဆီဂျင် နဲ့ နေရောင် ကင်းမဲ့နေတဲ့ အသက်ကင်းမဲ့ဇုန် လို့ ယူဆလို့ မရတော့ပါဘူး။ သဘာဝရဲ့ စွမ်းပကားရဲ့ ထူးခြားမှုကြောင့် ဒီလို နေရာမျိုးမှာပါ ဗက်တီးရီးယား တွေ ရှိနေတာကို တွေ့ရတဲ့ အတွက် နေရောင်၊ အောက်ဆီဂျင်၊ ရေမရှိဘဲ ကာဗွန်နဲ့ မီသိန်းပဲ ရှိတဲ့ အခြားဂြိုဟ် တွေမှာလဲ သက်ရှိလောက ရှိနေနိုင်တယ် ဆိုတာ သေချာသလောက် ရှိနေပါပြီ '' ဟု သုတေသီ များက သုံးသပ်ကြောင်း သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger