www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 24, 2015

ကိုးကန့်သောင်းကျန်းသူ များထံမှ လက်နက်ခဲယမ်းနှင့် ယာဉ်များ သိမ်းဆည်းရမိ ၊ လောက်ကိုင်မြို့ မှ အကျဉ်းသားများ တိုက်ပွဲရှောင် ပြည်သူများနှင့် ဌာနဆိုင်ရာ ၀န်ထမ်းများအား သယ်ဆောင်လာသည့် ယာဉ်တန်းကို နှောင့်ယှက်တိုက်ခိုက်



နေပြည်တော် ၊ ၂၄-၂-၂၀၁၅

လောက်ကိုင်- ကုန်းကြမ်း ကားလမ်းပေါ်ရှိ ၁၈ မိုင်လမ်းဆုံ အနီးတစ်ဝိုက်တွင် ကိုးကန့် သောင်းကျန်းသူ အဖွဲ့များ ယာယီခြေကုပ် ယူထားသည့် စစ်ဗျူဟာအရ အရေးကြီးသော တောင်ကုန်းများကို ဖေဖော်ဝါရီ ၂၂ ရက်တွင် တပ်မတော် စစ်ကြောင်း များက တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့သည်။

ယမန်နေ့တွင် တပ်မတော် စစ်ကြောင်းများက ကိုးကန့်သောင်းကျန်းသူ အဖွဲ့များ ဆုတ်ခွာ သွားသည့် အဆိုပါ တောင်ကုန်းများ ပတ်ဝန်းကျင်အား အသေးစိတ် နယ်မြေရှင်းလင်း ခဲ့ရာ အမ်(၂၁) တစ်လက်၊ အမ်(၂၂) ခုနစ်လက်၊ ဝမ်ချက်စတာ တစ်လက်၊ အမ်(၂၂) ကျည်အိမ် ၁၄ ခု၊ အမ်(၂၂)ကျည် ၅ဝ၈ တောင့်၊ ပလတ်စတစ် နင်းမိုင်း နှစ်လုံး၊ ရှေ့ထွက်မိုင်း တစ်လုံး၊ လက်ပစ်ဗုံး ၂၅ လုံး၊ လက်မောင်း တံဆိပ်မပါ ရှိသည့် ယူနီဖောင်း သုံးစုံ၊ ဗွီဂို အမျိုးအစား ဖိုးဝှီးယာဉ် တစ်စီး၊ တိုက်ဂါး အမျိုးအစား ဖိုးဝှီးယာဉ် တစ်စီး နှင့် ဆိုင်ကယ် ခုနစ်စီးတို့အား ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။

ထို့အပြင် ယမန်နေ့ မွန်းလွဲပိုင်းတွင် တပ်မတော် စစ်ကြောင်းများက လောက်ကိုင်မြို့ အရှေ့တောင်ဘက် နှစ်နိုင်ငံ နယ်နိမိတ် မှတ်တိုင် အမှတ်(၁၂၇) အနီးတွင် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဉ် ကိုးကန့် သောင်းကျန်းသူ အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွား ခဲ့ပြီး ကိုးကန့် သောင်းကျန်းသူ အဖွဲ့ထံမှ ယူနီဖောင်းဝတ် အလောင်း ခြောက်လောင်း နှင့် အမ် (၂၂) လေးလက် တို့ကို သိမ်းဆည်း ရမိခဲ့သည်။ တပ်မတော်မှ စစ်သည်သုံးဦး အသက်ပေး လှူခဲ့၍ အရာရှိ၊ စစ်သည် ခုနစ်ဦး ဒဏ်ရာရရှိ ခဲ့ပြီး ဒဏ်ရာရ အရာရှိ၊ စစ်သည်များအား တပ်မတော်ဆေးရုံ များသို့ ဆက်လက် ပို့ဆောင်လျက် ရှိသည်။

ယမန်နေ့ ညနေပိုင်းတွင် လောက်ကိုင်မြို့၊ စီအော အကျဉ်းထောင်မှ အကျဉ်းသားများ၊ တိုက်ပွဲရှောင် ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို လားရှိုးမြို့သို့ ပို့ဆောင်ရန် ထွက်ခွာလာသည့် ယာဉ်တန်းအား ပါစင်ကျော် ကျေးရွာနှင့် ချင်းရွှေဟော်ကြား ရှိ လုံထန်ရွာ အနီး၌ ကိုးကန့် သောင်းကျန်းသူ အဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တပ်မတော် စစ်ကြောင်းများမှ ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး တပ်မတော်မှ တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် လေကြောင်းပစ်ကူ တစ်ကြိမ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဆုတ်ခွာသွားသော ကိုးကန် သောင်းကျန်းသူများ နောက်သို့ တပ်မတော် စစ်ကြောင်းများက လိုက်လံရှင်းလင်း ဆောင်ရွက်လျက် ရှိသည်။

အဆိုပါ ကိုးကန့် သောင်းကျန်းသူ အဖွဲ့များ၏ နှောင့်ယှက် ပစ်ခတ်မှုကြောင့် ယာဉ်တန်းတွင် လိုက်ပါလာသော အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း တစ်ဦး၊ အကျဉ်းသူ ၄၄ ဦးနှင့် စစ်သည်တစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ဒဏ်ရာရရှိ သူများအား ကွမ်းလုံမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူလျက် ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger