www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 24, 2015

၂ဝ၁၅ ခုနှစ်၊တပ်မတော် (ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၁၅ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်း ပြောကြားစဉ်


နေပြည်တော် ၊ ၂၄-၂-၂၀၁၅

အားကစား မြှင့်တင်ခြင်းနှင့် စွမ်းဆောင်နိုင်မှုများသည် အမျိုးသားရေး ဂုဏ်သိက္ခာကို မြှင့်တင်ပေး နေသကဲ့သို့ နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်နေခြင်း လည်း ဖြစ်ကြောင်း၊ အားကစား အောင်မြင်မှုသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု အဆင့်အတန်း ရောင်ပြန်ဟပ်စေပြီး လူမျိုး၏ဂုဏ်သိက္ခာ အဆင့်အတန်းနှင့် ဖွံ့ဖြိုး တိုးတက်မှုကို ဖော်ညွှန်းနေကြောင်း၊ အလားတူ တပ်မတော်သား အားကစားသမား များ၏ အားကစား အောင်မြင်မှုများ သည်လည်း တပ်မတော်၏ ဂုဏ်သိက္ခာနှင့် စွမ်းရည် ထက်မြက်မှုကို ဖော်ညွှန်းပြသလျက် ရှိကြောင်း၊ ထို့အပြင် ကျစ်လျစ်ခိုင်မာသည့် တပ်တွင်းစည်းလုံး ညီညွတ်မှု၊ စိတ်ဓာတ်ခိုင်မာမှု၊ ဇွဲသတ္တိပြည့်ဝမှု၊ စည်းကမ်း ကောင်းမွန်မှု၊ ရည်းမှန်းချက် ပြီးမြောက်အောင် ဆောင်ရွက်တတ်မှု စိတ်ဓာတ်နှင့် ဓလေ့စရိုက်ကောင်း များကို ဖော်ညွှန်း နေကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော် အားကစားကွင်း၌ ကျင်းပပြုလုပ်သော ၂ဝ၁၅ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်း ပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ် မှူးကြီး စိုးဝင်း နှင့်ဇနီး ၊ ပြည်ထောင်စု ဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ နှင့်ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊လေ)မှ အရာရှိ၊ စစ်သည်၊မိသားစုများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်ရှိ တပ်နယ်(၆) ခုမှ အရာရှိ၊ စစ်သည် ၊ မိသားစုများ ၊ နေပြည်တော် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ မြို့နယ်များမှ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။

ရှေးဦးစွာ တပ်မတော် (ကြည်း၊ရေ၊လေ) စစ်တီးဝိုင်းအဖွဲ့က ကွင်းအတွင်း ဝင်ရောက်နေရာယူပြီး စစ်ရေးပြမှူးကြီး ဦးဆောင်သော အလံတော်အဖွဲ့နှင့် အားကစား အသင်း ၁၇ သင်းမှ အားကစား သမားများက နေရာယူကြသည်။

ထို့နောက် ၂ဝ၁၅ ခုနှစ်၊ တပ်မတော် (ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာချိန်တွင် တပ်မတော် အားကစားနှင့် ကာယပညာ အုပ်ချုပ်မှုကော်မတီ ဥက္ကဋ္ဌ စစ်ရေးချုပ် ဗိုလ်ချုပ် ဆန်းဦး က ဖွင့်ပွဲစာတမ်း မိုးပျံပူပေါင်း များအား ဖဲကြိုးဖြတ်၍ လွှတ်တင်သည်။

တပ်မတော် အားကစားနှင့် ကာယပညာ အုပ်ချုပ်မှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဆန်းဦး ၂၀၁၅ ခုနှစ် ၊ တပ်မတော် (ကြည်း ၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တွင် ဖွင့်ပွဲစာတန်း မိုးပျံပူဖောင်း များကို ဖဲကြိုးဖြတ် လွှတ်တင်ပေးစဉ်

ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ၂ဝ၁၅ ခုနှစ်၊ တပ်မတော် (ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား မိန့်ခွန်းပြောကြားရာတွင် '' ကျန်းမာကြံ့ခိုင်၊ ပြည့်မဏ္ဍိုင်၊ ကြံ့ခိုင်ကိုယ်လက်၊ တိုင်းပြည်အတွက် '' ဆိုသည့် တပ်မတော်ကြံ့ခိုင်ရေး ဆောင်ပုဒ်သည် တပ်မတော်က အစဉ်အဆက် လိုက်နာကျင့်သုံးခဲ့သော ဆောင်ပုဒ်ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို အဓိကထား ထမ်းဆောင်ရမည့် အဖွဲ့အစည်းပီပီ နိုင်ငံတော်ကို လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝစွာ ကာကွယ်သွားနိုင်ရေး စဉ်ဆက်မပြတ် လေ့ကျင့်လျက်ရှိ ကြောင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများသည် တပ်မတော်၏ ကိုယ်ကာယပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ရေးသာမက တပ်မတော်၏ အဖွဲ့အစည်း စိတ်၊ ရဲဘော်စိတ်နှင့် ပူးပေါင်းဆောင်ရွက် လိုစိတ်များကိုပါ လက်တွေ့ပြသ လေ့ကျင့်ပေးနေခြင်း ဖြစ်ကြောင်း။

အဖွဲ့လိုက် အားကစားစွမ်းရည်များ၊ တစ်ဦးချင်း အရည်အသွေးများလည်း သက်ဆိုင်ရာ အားကစားနည်းများ အလိုက် တိုးတက်သည်ထက် တိုးတက်နေအောင် ကြိုးစားနေကြရမည် ဖြစ်ကြောင်း၊ စိတ်ဓာတ်၊ စည်းကမ်း၊ ဇွဲလုံ့လ၊ ဝီရိယအားများနှင့် ကြိုးစားယှဉ်ပြိုင်ကြပြီး တပ်မတော် အားကစား အဆင့်အတန်း မြင့်မားရေးအတွက် မြှင့်တင်သွားကြရမည် ဖြစ်ကြောင်း၊ ထူးချွန်ထက်မြက်သည့် တပ်မတော်သား အားကစား သမားဘဝမှ နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမား အဆင့်ထိ ရောက်ရှိအောင် ဆက်လက်ကြိုးစားသွားရန် လိုကြောင်း၊ မြန်မာနိုင်ငံဘောလုံး ရွှေခေတ်တွင် အရှေ့တောင် အာရှ အဆင့်မြင့်ဆုံး ဖလားဖြစ်သည့် မာဒေးကား ဖလားရခဲ့စဉ်က ဘောလုံး အားကစားသမား ၁၁ ဦးအနက်မှ ၈ ဦးသည် တပ်မတော်သားများ ဖြစ်ကြကြောင်း၊ မြန်မာ့ အားကစားအောင်မြင်မှု သမိုင်းမှတ်တမ်း များကို လေ့လာ ကြည့်လျှင် မိမိတို့တပ်မတော်သား အားကစား သမားများ၏ စွမ်းဆောင်နိုင်မှုသည် ဂုဏ်ယူဖွယ်ရာ တွေ့ရှိရမည် ဖြစ်ကြောင်း။

တပ်တွင်း အားကစားလှုပ်ရှားမှုသည် တပ်မတော်အားကစား အဆင့်အတန်း မြင့်မား တိုးတက်ရေးအတွက် အထောက်အပံ့ ကောင်းများဖြစ် သကဲ့သို့ မြန်မာ့လက်ရွေးစင် အားကစား သမားများကို မွေးဖွားပေးရာအရင်း အမြစ်များ ဖြစ်ခြင်းကြောင့် တပ်တွင်းအားကစား လှုပ်ရှားမှုများကို အရှိန် အဟုန်ဖြင့် ဆောင်ရွက်သွားကြရန် အလေးအနက် မှာကြားလိုကြောင်း၊ နိုင်ငံ့ ဂုဏ်ဆောင်၊ တပ်မတော်ဂုဏ်ဆောင် လက်ရွေးစင် တပ်မတော်သား အားကစားသမား များကို တပ်တွင်း အားကစားလှုပ်ရှားမှုနှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစား ပြိုင်ပွဲများမှ မွေးထုတ်ပေးခဲ့ခြင်းပင်ဖြစ်ကြောင်း၊ မြန်မာ့လက်ရွေးစင် အသင်းများကို အားဖြည့်ပူးပေါင်း နိုင်မည့် ထူးချွန်သည့် မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွန်း နေစေရန်လည်း တပ်မတော် အားကစား ပြိုင်ပွဲများက မွေးထုတ် ပေးလျက်ရှိကြောင်း။

အထူးသဖြင့် နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ရွပ်ရွပ်ချွံချွံ ထမ်းဆောင် ရင်း ခန္ဓာကိုယ် အစိတ်အပိုင်းများ ပေးဆပ်စွန့်လွှတ်ခဲ့ရသည့် တပ်မတော် သားများသည် နိုင်ငံတကာ မသန်စွမ်း အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ပေါင်း များစွာ ရယူပေးခဲ့ပြီး မသန်သော်လည်း စွမ်းကြသည်ကို ပြသခဲ့ကြကြောင်း၊ ၎င်းသည် တပ်မတော်၏ စိတ်ဓာတ်နှင့် စွမ်းရည်ထက်မြက်မှုများ ကြောင့်ပင် ဖြစ်ကြောင်း။

နိုင်ငံတော် အစိုးရသည် အားကစားကဏ္ဍ တိုးတက်လာရေးအတွက် ငွေအား၊ လူအား၊ ပစ္စည်းအား၊ နည်းပညာအားများဖြင့် ကြိုးပမ်း ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ အားကစားနည်း အလိုက် အဆောက်အဦနှင့် နိုင်ငံတကာ အဆင့်မီ အားကစားကွင်းများကို တည်ဆောက်ပေးလျက် ရှိကြောင်း ၊ အားကစားကို ချစ်မြတ်နိုးသည့် စီးပွားရေးလုပ်ငန်းရှင် များနှင့် ဝါသနာရှင်များကလည်း နိုင်ငံတော်နှင့် ပူးပေါင်းပြီး အားပေးမြှင့်တင်ခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသည်ကို အားရဖွယ် တွေ့မြင်နေကြရပြီ ဖြစ်ကြောင်း၊ အားကစား မြှင့်တင်ခြင်းတွင် အားပေးကူညီခြင်း သည်လည်း အထူးလိုအပ်ကြောင်း၊ ရဲဘော်တို့အနေဖြင့် တပ်မတော် အားကစားပြိုင်ပွဲများတွင် စွမ်းအားရှိသမျှ ယှဉ်ပြိုင်ကစားခြင်းဖြင့် ထူးချွန်ထက်မြက် အောင်ပွဲဆက်နိုင်သည့် နိုင်ငံ့လက်ရွေးစင် အားကစားသမားများ ဖြစ်လာနိုင်သည့် အခွင့်အလမ်းကောင်း မြင်တွေ့နေပြီဖြစ်၍ ကြိုးစားယှဉ်ပြိုင် ကစားသွားကြရန် လိုအပ်ကြောင်း ၊ အောင်ပွဲခံ အားကစားသမား တစ်ယောက်ဖြစ်ရန် လိုအပ်သည့် စိတ်ဓာတ်နှင့် စည်းကမ်းသည် တပ်မတော် သားတိုင်းအတွက် အခြေခံအားဖြင့် ပြည့်ဝထားပြီးသား ဖြစ်ကြောင်း၊ တပ်မတော် ဂုဏ်ထူးဆောင် လက်ရွေးစင် အားကစား သမားများမှသည် နိုင်ငံ့ဂုဏ်ထူး ဆောင် လက်ရွေးစင် အားကစားသမားများ ဖြစ်စေရေး တပ်မတော်က လေ့ကျင့်ပေးထား သည့် အခြေခံစိတ်ဓာတ်၊ စည်းကမ်းများနှင့်အညီ ပါဝင်ယှဉ်ပြိုင်သွားကြရန် လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား စစ်ရေးပြမှူးကြီး ဦးဆောင်သော အလံတော်အဖွဲ့နှင့် အားကစား အသင်း ၁၇ သင်းတို့က စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုပြီး ဇေယျာသီရိတပ်မတော် အဆင့်မြင့် အားကစားကွင်းအတွင်းမှ ပြန်လည် ထွက်ခွာသွားကြသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တက်ရောက် လာကြသူများက (က)အဆင့် ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲဖြစ်သော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြုအသင်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှု အားပေးကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြုအသင်းနှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အသင်းတို့ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးစဉ်


(က)အဆင့် ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် ပွဲကစားချိန် မိနစ် ၉ဝ အတွင်း တစ်ဖက်နှင့် တစ်ဖက် ဂိုးသွင်းနိုင်ခြင်းမရှိ၍ အချိန်ပို မိနစ် ၃ဝ ဆက်လက်ယှဉ်ပြိုင် ကစားရာ ဒုတိယပိုင်းအချိန်ပို ၂၈ မိနစ်တွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အသင်းက အနိုင်ဂိုး သွင်းယူနိုင်ခဲ့သဖြင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ယမန်နေ့ ကျင်းပ ပြုလုပ်သော တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲ တွင် တပ်မတော် အားကစားနည်း ၂၉ မျိုးအနက်မှ ဘောလုံး ၊ ဘော်လီဘော ၊ လက်ဝှေ့၊ ပြေးခုန်ပစ်၊ ရေကူး အပါအဝင် အားကစားနည်း ၁ဝ မျိုးကို ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစား အသင်းများသည်လည်း သက်ဆိုင်ရာ အားကစားဇုန် များတွင် အုပ်စု အဆင့်ပြိုင်ပွဲများ၊ လက်ရည်စစ်ပြိုင်ပွဲများ ယှဉ်ပြိုင် ကစားခဲ့ကြကာ နောက်ဆုံး အဆင့်ထိ  တက်လှမ်း နိုင်ခဲ့သည့် အားကစား အသင်းများ ဖြစ်ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger