နှောင်းမှ နောင်တ မရကြစေလိုပါ
အောင်ခန့်ဖြိုးဝေ(တောင်ငူ)
မြန်မာမှု စကားတွင် ''အချိန်ရှိခိုက်လုံ့လစိုက်'' ဆိုသော စကားသည် အလုပ်ကို ကောင်းကောင်း လုပ်ရန် တိုက်တွန်းသော စကားဖြစ်သည်။ ငယ်ရွယ်စဉ် အခါမှာ ပညာရှာ၊ မိုးရွာ တုန်းရေခံ ဆိုသော တိုက်တွန်းချက် များဖြင့် ဆောင်ရွက်ခွင့် ရတုန်း၊ ဆောင်ရွက်ချိန် ရှိတုန်း မပျက်မကွက် အလေးထား ဆောင်ရွက်ကြရန် သတိပေး ထားခြင်း ဖြစ်သည်။ ထို အခွင့်အရေး၊ အချိန်အခါ ကုန်လွန်မှ လုပ်ကိုင်လျှင် အကျိုးမရှိသည့် အပြင် ''နောင်တတရား'' ပင် ရနိုင်ကြောင်း ဆင့်ပွား မှတ်သားရန် ဖြစ်သည်။ လုပ်ဆောင်သင့်ချိန် မလုပ်ဆောင်လျှင် ''မိုးလွန်မှထွန်ချ၊ နေဝင်မှ စပါးလှန်း'' ကဲ့သို့ အချည်းနှီး ဖြစ်သွားနိုင်သည်။
ကြီးပွား တိုးတက် အောင်မြင်ခြင်း မရှိဘဲ ဆင်းရဲတွင်း နက်နဲကြသော လူအများစုသည် အလုပ်တစ်ခုကို ချက်ချင်းလုပ်ရန် ဝန်လေးတတ် ကြသည်။ မနက်ဖြန်၊ သန်ဘက်ခါ၊ နေ့ရွှေ့ ညရွှေ့အချိန်ဆွဲ နေတတ် ကြသည်။
ကြာလာသော အခါ အလုပ်ကို အချိန်ဆွဲပြီး လုပ်ချင်သည့် အခါမှ ထလုပ် တတ်သော အကျင့်သည် ထိုသူတို့၌ စွဲသွားတတ်သည်။ ထိုသို့ အချိန်ဆွဲ၍ လုပ်ရသော အကြောင်းများ သူတို့တွင် ရှိနေသည်။ ထိုသူတို့ ထဲတွင် စွဲကပ်နေသော အကြောင်း ခြောက်ပါးကို ရှေးနီတိ ကျမ်းများတွင် တွေ့ရသည်။ ထိုသူတို့တွင် ချက်ချင်း လုပ်နိုင်ပါလျက် နှင့် စောလွန်းသည် ဟူ၍ လည်းကောင်း၊ နောက်ကျ လွန်းသည်၊ ပူလွန်းသည်၊ အေးလွန်းသည်၊ ဆာလောင် လွန်းသည်၊ ဝမ်းဝလွန်းသည် ဟူ၍ လည်းကောင်း အကြောင်း အမျိုးမျိုးပြကာ အလုပ်မလုပ်ဘဲ နေကြသည်။ လုပ်နိုင် ကိုင်နိုင် သောအခါ အခွင့်ရှိပါလျက် မလုပ်လိုက် ရသောကြောင့် နောင်တများစွာ ဖြစ်ရသည်။
အခြေအနေ အခါအခွင့် ပေးပါလျက်နှင့် မလုပ်ခဲ့ မိလေခြင်းဟု ပူဆွေးသောက ရောက်ရခြင်းကို ''နောင်တ'' ဟု ခေါ်သည်။ နိပါတ်တော်လာ ''ဇနသန္ဓမင်းကြီး'' က သူ၏ တိုင်းသူ ပြည်သားများကို ဟောကြား တော်မူသော နောင်တ တစ်ဖန် ရစေတတ်သည့် တရားဆယ်ပါး ရှိသည်။
- (၁) ငယ်စဉ်က ဥစ္စာပစ္စည်း မဆည်းပူးခဲ့သဖြင့် နောင် အိုမင်း လာသည့်အခါ ဆင်းရဲခြင်း ရောက်၍ ရသော နောင်တ။
- (၂) ငယ်စဉ်က ပညာကိုမဆည်းပူး၍ အသက်မွေးမှု ငြိုငြင်ဆင်းရဲသည့် အခါ ရသော နောင်တ။
- (၃) ငယ်စဉ်က ကောက်ကျစ် ကုန်းချောသောစကား၊ ကြမ်းတမ်းသော စကားတို့ ပြောဆိုခဲ့မိ၍ ရသော နောင်တ။
- (၄) ငယ်စဉ်က သူ့အသက် သတ်ခြင်း၊ ကြမ်းကြုတ် ရက်စက်ခြင်း၊ မသူတော်တို့ အလုပ်ကို လုပ်ခဲ့မိသော နောင်တ။
- (၅) သူတစ်ပါး သားမယားအား မှီဝဲသိမ်းဆည်း ခဲ့သဖြင့် နောင်အခါ ရသော နောင်တ။
- (၆) များစွာသော ဥစ္စာရှိပါလျက် အလှူဒါန မပြုခဲ့သဖြင့် နောင်အခါ ရသော နောင်တ။
- (၇) လက်ဦးဆရာ ဖြစ်သော၊ အဖန်တလဲလဲ ဆုံးမတတ်သော၊ ကျွေးမွေး ခဲ့သော ဖခင်ကို မထီမဲ့မြင် ပြုခဲ့မိသော နောင်တ။
- (၈) များစွာဥစ္စာ ရှိပါလျက် အိုမင်းသော မိဘတို့အား ကျွေးမွေး စောင့်ရှောက်ခြင်း မရှိသဖြင့် ရသော နောင်တ။
- (၉) သီလရှိသော အကြားအမြင် ရှိသော ရဟန်း သူတော်စင်များ ရှိပါလျက် မဆည်းကပ်၊ မလှူဒါန်း မိခဲ့သဖြင့် နောင်အခါ ရသော နောင်တ။
- (၁ဝ) ငြိမ်သက်သော၊ ခြိုးခြံသော အကျင့်သည် ကောင်း၏။ ဤ အကျင့်ကို ရှေးက ငါမကျင့်မိ ဟု နောင်သော အခါရသော နောင်တ ဟူ၍ဖြစ်သည်။
အလောင်းတော် ဇနသန္ဓ မင်းကြီး ညွှန်ပြ ဟောကြားခဲ့သော နောင်တဆယ်မျိုး သည် အဓိပ္ပာယ် လေးနက် လှသဖြင့် မှတ်သား လိုက်နာဖွယ် ကောင်းလှ ပေသည်။ အချိန်ရှိတုန်း၊ အခြေအနေ အခွင့်ပေးတုန်း၊ ပြုသင့်ပြုထိုက်၊ လုပ်သင့် လုပ်ထိုက်သည့် ကိစ္စများကို မကြွင်းမကျန် စေဘဲ အရအမိ ပြုလုပ်ကြရန် သတိပေး ဆုံးမထားကြောင်း သဘောပေါက် ကြရန် လိုအပ်ပေသည်။
နောင်တွင် လုပ်ရန် ရည်မှန်းထားသော အလုပ်ကိုပင် ယခု ကတည်းက ကြိုတင်စီမံ ပြင်ဆင်ပြီး အခြေခံ ကောင်းများ ချထားပေးဖို့ လိုအပ်ပါသည်။ အလုပ်ကို အကြွေးမထား၊ အချိန် မဆွဲဘဲ ''အချိန်ရှိခိုက် လုံ့လစိုက်'' ထုတ်ကာ ဆောင်ရွက်ခြင်းဖြင့် လက်ငင်း ကောင်းကျိုးများ ရနိုင်သည် သာမက ''ငါမလုပ်ခဲ့ ရလေခြင်း'' ဟု နောက်တစ်ဖန် ''နောင်တ'' ရရန် အကြောင်း မရှိပါ။
သို့ပါ၍ စောလွန်းသည်၊ နောက်ကျ လွန်းသည် စသည်ဖြင့် ဆင်ခြေ အမျိုးမျိုး ပေးလျက် လက်ရှိ အခြေအနေ၊ အခါအခွင့် များကို လက်လွတ် ဆုံးရှုံးသွားအောင် မပြုဘဲ လေးကန်ဖင့်နွှဲ နေခြင်းများသည် ဆုတ်ယုတ် ပျက်စီးခြင်း အကြောင်းတရား တစ်ခုအဖြစ် လက်ခံ မှတ်ယူ၍ မည်သည့် အရေးကိစ္စ မျိုးကိုမဆို ချက်ချင်း လက်ငင်း အကောင် အထည်ဖော် သင့်ပါကြောင်း နှင့် နောင်တစ်ချိန်၌ ''ငါမပြုခဲ့မိ လေခြင်း'' ဟု နောင်တကြီးစွာ မဖြစ်ရအောင် မိမိ ရရှိထားသော အခြေအနေ ကောင်းများကို အကျိုးရှိရှိ အသုံးချ သွားကြရန် လိုအပ် ပါကြောင်း ရေးသား တင်ပြလိုက်ရ ပါသည်။ ။
#Themyawadydaily
#မြ၀တီနေ့စဉ်
No comments:
Post a Comment