www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, December 14, 2014

နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး နှင့် တာဝန်သိစိတ်


နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး နှင့် တာဝန်သိစိတ်

နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင် ငွေကြေး အရင်းအနှီးကို အရေးပါသည်ဟု အများစုက ထင်မြင်ကြသည်။ လူ့စွမ်းအား (သို့မဟုတ်) ပညာရေး အရင်းအနှီး၏ အရေးပါပုံကို နိုင်ငံတိုင်းက သဘောမပေါက် ကြပေ။ ထိုအချက်ကို သဘောမပေါက် သည့် နိုင်ငံများတွင် စက်ရုံများနှင့် အခြား ရုပ်ဝတ္ထု အရင်းအနှီးများ ကိုသာ ဦးစားပေး ရင်းနှီးမြှုပ်နှံ ကြသည်။

လူ့စွမ်းအားသည် ဖွံ့ ဖြိုး တိုးတက်မှု အတွက် အဓိက စွမ်းအားစုဟု သိမြင်သော အာရှတိုက်မှ နိုင်ငံများ ဖြစ်သည့် ဂျပန်၊ ကိုရီးယား၊ ထိုင်ဝမ် နှင့် စင်ကာပူ တို့တွင် ပညာရေး လေ့ကျင့် ပျိုးထောင်ရေး နှင့် သုတေသန စသည့် လုပ်ငန်းများ အတွက် ငွေကိုပုံအော၍ သုံးစွဲကြသည်။ ထို့ကြောင့် ထိုနိုင်ငံများ အာရှတိုက်၌ ထိပ်တန်း ရောက်လာသည်။

နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အတွက် ကျန်းမာ ကြံ့ခိုင်သော၊ ပညာရည် ပြည့်ဝသော လူသား အရင်းအမြစ် များက အဓိကကျ လှသည်။ စက်ရုံကြီးများ၊ အခြား ရုပ်ဝတ္ထု ပစ္စည်း၌ ရင်းနှီးမြှုပ်နှံ၍ ထိုနိုင်ငံ၌ အဆင့်မီ ပစ္စည်း ထုတ်လုပ် သော်လည်း ပညာရှင် (လူသား အရင်းအမြစ်) မရှိပါက အခိုင်းအစေခံ အလုပ်သမား များကိုသာ မွေးထုတ်ပေး နိုင်၍ ရေရှည်တွင် ဆုတ်ယုတ်မှုသာ ဖြစ်ပေါ်စေသည်။

ကျန်းမာကြံ့ခိုင်မှု မရှိသော သူသာ များနေပါက အရာရာတွင် ဆုတ်ယုတ်ရန်သာ ရှိသည်။ ထိုသို့ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အတွက် လိုအပ်သော ကျန်းမာ ကြံ့ခိုင်သော ပညာရည် ပြည့်ဝသည့် လူ့စွမ်းအား အရင်းအမြစ် များကို ပညာရေးမှ မွေးထုတ်ပေးသည်။ ထို့ကြောင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပညာရေးကို အဆင့်မြှင့်တင်ရေး ကြိုးပမ်း ဆောင်ရွက် ပေးကြရမည် ဖြစ်သည်။

ထို အဆင့်မြှင့်တင် သည့် ပညာရေးသည် အရင်းအနှီးများ သော်လည်း အကျိုးများ စေသည့် အတွက် နိုင်ငံကြီးများက အလေးထား ဆောင်ရွက် နေကြသည်။ မြန်မာနိုင်ငံ တွင်လည်း ပညာရေး အဆင့်မြှင့်တင်မှု လုပ်ငန်းများ ဆောင်ရွက်လျက် ရှိနေသည်။ ထိုသို့ လုပ်ဆောင်ရာတွင် ပြည်သူများ အားလုံးက ပညာရေး အဆင့်မြှင့် တင်မှုတွင် စိတ်ဝင်တစား အားပေးကြရန် လိုသည်။

အလွယ်တကူ ပြုပြင်ပေးရမည့် ကိစ္စများကို ပြည်သူများ၏ တာဝန် သိစိတ်ဖြင့် ဝိုင်းဝန်းကူညီ ပေးကြရမည် ဖြစ်သည်။ ဥပမာအားဖြင့် ကျောင်းဝန်းကျင်မှ ကျောင်းမုန့် ဈေးတန်းများ၊ စတိုးဆိုင် လေးများတွင် ကျောင်းသားများ အတွက် မသင့်လျော်သည့် ပစ္စည်းများ တင်၍ ရောင်းချမှု မပြုလုပ်ခြင်းမျိုး ဖြစ်သည်။

ယခုအခါ ကျောင်းမုန့် ဈေးတန်းများ၌ ဆိုးဆေးပါသော၊ ကြာရှည်ခံ ဆေးဝါးပါသော အသင့်စား မုန့်များက အရုပ်လှလှ လေးများနှင့် ဆွဲဆောင်မှု အပြည့်ဖြင့် နေရာယူ ထားသည်။ ထို အစားအစာ များနေရာတွင် အာဟာရ ပြည့်ဝသည့် သန့်ရှင်း လတ်ဆတ်သော ဘန်းမုန့်၊ အကြော်၊ ကောက်ညှင်းပေါင်း နှင့် မုန့်ဟင်းခါး စသည့် ရိုးရာ အစားအစာများကို အန္တရာယ် ကင်းစွာ ရောင်းချပေးခြင်း မျိုးသည် ပညာ သင်ကြားနေသော ကလေးငယ် များ၏ ကျန်းမာရေး အတွက် ထောက်ပံ့မှု ဖြစ်၍ လူတိုင်းလုပ် ဆောင်နိုင်သည်။ ထို့အတူ ကလေးများ အတွက် အမှန်တကယ် အသုံးလိုသည့် ပစ္စည်း၊ အန္တရာယ် မရှိသော ပစ္စည်းများကို ရောင်းချ ပေးခြင်းမျိုးသည် ပြည်သူတို့၏ တာဝန် သိစိတ်ဖြင့် ဆောင်ရွက် ရမည့်ကိစ္စ ဖြစ်သည်။

သို့ဖြစ်ရာ ကမ္ဘာနှင့်အဝန်း နိုင်ငံ အများအပြား သည် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးကို အပြိုင်အဆိုင် ကြိုးစား နေချိန်တွင် တာဝန်သိစိတ် ရှိသော ပြည်သူများ၏ ကူညီပံ့ပိုးမှု ရှိသော နိုင်ငံများ ဖွံ့ဖြိုး တိုးတက်မှု အရှိန်နှုန်း မြင့်မားစွာ တိုးတက်၍ ပြည်သူတို့ အသိစိတ် နည်းပါးသည့် နိုင်ငံများ ဖွံ့ဖြိုး တိုးတက်မှု နည်းပါးသည် ဖြစ်ရာ ပြည်သူများက တာဝန် သိစိတ်ဖြင့် ပညာရေး မြှင့်တင်မှုကို ပါဝင် ဆောင်ရွက်၍ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် ကြိုးပမ်း သွားကြရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger