တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၇) သင်တန်းဆင်းပွဲ အခမ်းအနားသို့
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြား
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တပ်မတော် နည်းပညာ တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၇) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနား တွင် ဗိုလ်လောင်း တပ်ရင်းများ၏ ချီတက် အလေးပြုခြင်းကို ခံယူစဉ်
နေပြည်တော် ၊ ၁၃-၁၂-၂၀၁၄
မိမိတို့နိုင်ငံသည် ကုန်းဘောင် ခေတ်နှောင်း ကတည်းက စက်မှု နည်းပညာ နှင့် ရင်းနှီး ကျွမ်းဝင်ခဲ့ပြီး ထိုကာလက ခေတ်မီ တပ်မတော် တစ်ရပ် ထူထောင်နိုင်ရန် အခြေအနေ ကောင်းများကို တည်ဆောက်နိုင် ခဲ့ကြောင်း ၊ သို့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် အစီအစဉ်များ ပျက်သုန်း ခဲ့ရပြီး နယ်ချဲ့များ၏ ကျွန်ပြု နှိပ်စက်ခြင်း ကို ခါးစည်း ခံခဲ့ရကြောင်း ၊ မိမိတို့ တိုင်းရင်းသား များသည် စိတ်ဓာတ်ရေးရာ အရ မည်မျှပင် ကောင်း သော်လည်း လက်နက် နှင့် နည်းပညာ ကွာဟမှု ၊ နိုင်ငံရေး အရ စုစည်းနိုင်မှု အားနည်း ခဲ့သည့် အတွက်ကြောင့် အားမတန် မာန်လျှော့ ခဲ့ကြောင်း၊ ထိုသို့ ခါးသီးသည့် သမိုင်းပေး သင်ခန်းစာ များကြောင့် ယနေ့ မိမိတို့ တပ်မတော်ကို နိုင်ငံတကာနှင့် ရင်ပေါင်တန်း နိုင်သည့် စံချိန်မီ တပ်မတော် တစ်ရပ် တည်ဆောက်ရေး အတွက် လက်နက်၊ ခဲယမ်း၊ ယာဉ်၊ ယန္တရား အပါအဝင် စစ်ဘက်ဆိုင်ရာ ပစ္စည်း ကိရိယာများ ဖြစ်သည့် ရုပ်ပိုင်းဆိုင်ရာ အင်အားများ အားလုံး တောင့်တင်း ခိုင်မာ လာအောင် ဆောင်ရွက် ရာတွင် အင်ဂျင်နီယာ အတတ် ပညာရှင် များသည် အရေးပါသည့် အခန်းကဏ္ဍက ပါဝင် နေခြင်းကြောင့် အရည်အချင်း ပြည့်ဝသည့် အင်ဂျင်နီယာ ပညာရှင်များ ဖြစ်အောင် ဆက်လက် ကြိုးပမ်း ဆောင်ရွက်ရန် လိုကြောင်း ဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် က ယမန်နေ့ နံနက် ၈ နာရီတွင် ပြင်ဦးလွင်မြို့၊ တပ်မတော် နည်းပညာ တက္ကသိုလ် စစ်ရေးပြ ကွင်း၌ ကျင်းပသည့် တပ်မတော် နည်းပညာ တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၇) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြ အခမ်းအနားကို တက်ရောက်၍ မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တပ်မတော် နည်းပညာ တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၇) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနား တွင် မိန့်ခွန်း ပြောကြားစဉ်
တပ်မတော် နည်းပညာ တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၇) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနား သို့ တက်ရောက် လာကြသည့် ဧည့်သည်တော်များနှင့် သင်တန်းဆင်း ဗိုလ်လောင်းများ၏
မိဘဆွေမျိုးများအား တွေ့ရစဉ်
အဆိုပါ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သူရသက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ခင်အောင်မြင့် နှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ နှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ်၊ တပ်မတော် နည်းပညာ တက္ကသိုလ် ကျောင်းအုပ်ကြီး နှင့် ပြင်ဦးလွင် တပ်နယ်မှ တပ်မတော် အရာရှိကြီးများ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ၊ သင်တန်းဆင်း ဗိုလ်လောင်းများ၏ မိဘ ဆွေမျိုးများ တက်ရောက် ကြသည်။
အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် သည် ဗိုလ်လောင်း တပ်ရင်းများ၏ အလေးပြုခြင်းကို ခံယူပြီး ကျောင်းဆင်း ဗိုလ်လောင်း တပ်ခွဲများအား စစ်ဆေးသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် ကျောင်းဆင်းဗိုလ်လောင်း တပ်ခွဲအား စစ်ဆေးစဉ်
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် အား ဗိုလ်လောင်း တပ်ရင်းများက အနှေးလျှောက်၊ အမြန်လျှောက် တို့ဖြင့် ချီတက် အလေးပြု ကြသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် က တပ်မတော် နည်းပညာ တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၇)မှ အကောင်းဆုံး အင်ဂျင်နီယာ ဗိုလ်လောင်းဆု ရရှိသူ ဗိုလ်လောင်းအမှတ် ၆၇၄၁ ဗိုလ်လောင်း အောင်ဇင်ဦး၊ လေ့ကျင့်ရေး ထူးချွန်ဆု ရရှိသူ ဗိုလ်လောင်းအမှတ် ၆၅ဝ၂ ဗိုလ်လောင်း နိုင်လင်းအောင် နှင့် စာပေထူးချွန်ဆု ရရှိသူ ဗိုလ်လောင်းအမှတ် ၆၅၄၄ ဗိုလ်လောင်း မိုးမင်းထွန်း တို့အား ဆုများ အသီးသီး ပေးအပ် ချီးမြှင့်သည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် က သင်တန်းဆင်း ဗိုလ်လောင်းများအား မိန့်ခွန်း ပြောကြားရာတွင် သိပ္ပံနှင့် နည်းပညာပိုင်း တွင် အခြားနိုင်ငံ များကို အမီလိုက် နိုင်ရန် တစ်မျိုးသားလုံး တစ်ချိန်တည်း တစ်ပြိုင်တည်း စွမ်းရည်မြင့်မား လာစေရန် အတွက် အင်တိုက် အားတိုက် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း၊ အင်ဂျင်နီယာ အတတ်ပညာရှင်များ ဖြစ်ကြသည့် အလျောက် စက်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး နှင့် ခေတ်မီ တပ်မတော် တည်ဆောက်ရေး အတွက် အားထားရသည့် ပညာရှင်များ ဖြစ်အောင် ခေတ်မီသိပ္ပံနှင့် နည်းပညာရပ် များကို စဉ်ဆက်မပြတ် လေ့လာဆည်းပူး ကြရမည် ဖြစ်ကြောင်း၊ အခြေခံအားဖြင့် စစ်သုံးလက်နက် ကိရိယာများ၊ ရေယာဉ်နှင့် လေယာဉ် များကို ပြည်တွင်းမှာ တပ်ဆင်ပြုပြင် နိုင်သည့်အပြင် ပိုမို အစွမ်းထက်အောင် တီထွင်လုပ်ကိုင် နိုင်ရမည် ဖြစ်ကြောင်း၊ ဒုတိယအဆင့် အနေနှင့် ခေတ်မီ စစ်လက်နက် ပစ္စည်း ထုတ်လုပ်မှု အပိုင်းတွင် အမှီအခို ကင်းစွာ ပြည်တွင်းမှာ ထုတ်လုပ်နိုင်ရန် လိုကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန် သုတေသန နှင့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း (Research and Development) များကို စဉ်ဆက်မပြတ် ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း။
မိမိတို့ တပ်မတော်ကို ခေတ်မီပြီး စွမ်းရည် ထက်မြက်သည့် တပ်မတော်အဖြစ် တည်ဆောက်သည့် နေရာတွင် ''အင်ဂျင်နီယာ စွမ်းပကား တပ်မတော်အား'' ဆိုသည့် ဆောင်ပုဒ်နှင့် အညီ ရဲဘော်တို့လို အတတ် ပညာရှင်များ၊ အသိ ပညာရှင်များ၏ ကြိုးပမ်း ဆောင်ရွက်မှု သည် အထူး လိုအပ်ကြောင်း၊ ယနေ့စစ်ပွဲ များတွင် မြေပြင်၊ ဝေဟင်၊ ရေပြင် သာမက အာကာသနှင့် Cyber ကဏ္ဍများ ပါဝင်လာပြီး ဘက်ပေါင်းစုံ က စစ်ဆင် တိုက်ခိုက်မှုများ ဆောင်ရွက် လာကြသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ခေတ်သစ် စစ်ပွဲများကို ရင်ဆိုင်ရန် ခေတ်မီ တပ်မတော် တစ်ရပ် တည်ဆောက်သည့် အခါ နည်းပညာ တိုးတက်မှုသည် အဓိက အခန်းကဏ္ဍ က ပါဝင်လာသည့် အလျောက် ရဲဘော်တို့ အနေဖြင့်လည်း စစ်ဘက် နည်းပညာနှင့် သိပ္ပံပညာရပ် များကို မြှင့်တင် ပေးနိုင်ပြီး နိုင်ငံတော်နှင့် တပ်မတော်က အားထားရသည့် သားကောင်း ရတနာများ ဖြစ်လာအောင် ကြိုးပမ်း အားထုတ် ဆောင်ရွက် သွားကြရန် လိုကြောင်း။
ယခု သင်ကြား ပေးလိုက်သည့် ပညာရပ်များ သည် အခြေခံ သီအိုရီမျှသာ ဖြစ်ပြီး ဆက်လက် လေ့လာ သုတေသန ပြုရန် လိုအပ် သကဲ့သို့ လေ့လာရရှိသည့် ပညာရပ်များကို ကျွမ်းကျင်မှု ရှိအောင် လေ့ကျင့်ရန်လည်း လိုအပ်ကြောင်း၊ ထိုသို့ ကျွမ်းကျင်ပြီး ပညာရပ်များကို အတွေ့အကြုံ များနှင့် ပေါင်းစပ်ကာ လက်တွေ့ လုပ်ငန်းများ တွင် စနစ်တကျ လိုက်နာကျင့်သုံး တီထွင်နိုင်မှု စွမ်းပကားများ တိုးတက် ရရှိလာမည် ဖြစ်ကြောင်း၊ ''ကျင့်ဝတ်၊ တီထွင်၊ စွမ်းအားရှင်'' ဆိုသည့် တပ်မတော် နည်းပညာ တက္ကသိုလ်၏ လမ်းညွှန် ဆောင်ပုဒ်အတိုင်း အရာရာကို တီထွင်ဖန်တီး လိုသည့် စိတ်ကူး စိတ်သန်းဖြင့် လက်တွေ့ အကောင်အထည် ဖော်နိုင်သည့် စွမ်းရည်များ ရှိရမည့်အပြင် တီထွင် ဖန်တီးမှု ရလဒ်များ ကိုလည်း ကိုယ်ကျင့်တရား ကျင့်ဝတ်နှင့် အညီ လူ့ဘောင် လောကကို ကောင်းကျိုး ဖြစ်ထွန်းအောင် အသုံးချ နိုင်ရမည် ဖြစ်ကြောင်း။
မိမိတို့ တပ်မတော်၏ အဓိက တာဝန်သည် နိုင်ငံတော် ကာကွယ်ရေး တာဝန်ဖြစ်သည့် အလျောက် နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်ရန်၊ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ရန်၊ ပြည်သူလူထု အကျိုးကို ကာကွယ် စောင့်ရှောက်ရန် နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရန် လိုအပ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန် အတွက်ဆိုလျှင် တည်ငြိမ် အေးချမ်းရေးသည် အလွန် အရေးကြီးကြောင်း၊ တည်ငြိမ် အေးချမ်းမှု ရှိမှသာ တိုင်းရင်းသား အချင်းချင်း ထိတွေ့ ဆက်ဆံမှု ပိုမိုများပြား လာပြီး တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို ဖော်ဆောင် နိုင်မည်ဖြစ် သကဲ့သို့ နိုင်ငံရေးအရ စုစည်း ညီညွတ်မှု ကိုလည်း တည်ဆောက် နိုင်မည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ တည်ငြိမ် အေးချမ်းမှု၊ စည်းလုံး ညီညွတ်မှု၊ နိုင်ငံရေးအရ စုစည်း ညီညွတ်မှုများ ရှိလာလျှင် စီးပွားရေး စွမ်းအားများ ဖော်ဆောင်နိုင်ပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်မှု လျင်မြန်လာမည် လည်း ဖြစ်ကြောင်း။
တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို တည်ဆောက် ရာတွင် တိုင်းရင်းသား အားလုံးသည် ''ပြည်ထောင်စု စိတ်ဓာတ်'' ရှိရန်လိုကြောင်း၊ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး၏ အခြေခံ လိုအပ်ချက် သည်လည်း ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲရေးပင် ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသည် ဒေသတွင်း မဟာဗျူဟာ ကျသည့် တည်နေရာကို ပိုင်ဆိုင်ထားပြီး တိုင်းရင်းသား လူမျိုးစု တစ်ရာကျော် စုပေါင်း နေထိုင် ကြသည့်အတွက် တိုင်းရင်းသား အားလုံးဥမကွဲ သိုက်မပျက်၊ အေးအတူ ပူအမျှ နေထိုင် သွားကြမည် ဟူသော သန္နိဋ္ဌာန် စိတ်ဓာတ်ကို ခိုင်မြဲစွာ ချမှတ် ထားမှသာ နိုင်ငံတော်၏ အချုပ်အခြာ အာဏာဟာ အစဉ် တည်တံ့ခိုင်မြဲ နေမည် ဖြစ်ကြောင်း။
လွတ်လပ်ရေး ရပြီးချိန်က စ၍ နိုင်ငံရေး မတည်ငြိမ်မှု၊ တိုင်းရင်းသား ညီအစ်ကို အချင်းချင်း သဘောထား မညီမျှမှု များကြောင့် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်ပြီး ဒေသဖွံ့ဖြိုး တိုးတက်မှုများ နှောင့်နှေး ခဲ့ရကြောင်း ၊ ယနေ့ အချိန်အခါတွင် နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်သူများ၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အဘက်ဘက်မှ အကောင် အထည်ဖော် ဆောင်ရွက် ပေးလျက် ရှိကြောင်း၊ ရဲဘော် တို့အနေဖြင့် တာဝန်ကျရာ နေရာဒေသ အသီးသီးတွင် မိမိ တတ်မြောက် ထားသည့် အင်ဂျင်နီယာ အတတ်ပညာ ရပ်များနှင့် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်မှု များတွင် ဝိုင်းဝန်း ကူညီ ဆောင်ရွက် ပေးပြီး ဒေသခံ တိုင်းရင်းသား လူမျိုးများကို ပြည်ထောင်စု စိတ်ဓာတ် ရင့်သန်ခိုင်မာ လာအောင် စည်းရုံး ဆောင်ရွက်သွား ကြရန် လိုကြောင်း။
ယနေ့ခေတ်သည် နည်းပညာနှင့် ပတ်သက်လျှင် အလွန်မြင့်မား လာသည့်အတွက် အနာဂတ် ခေတ်မီ တပ်မတော်သည် ရဲဘော်တို့လို အသိပညာရှင်၊ အတတ်ပညာရှင် များ၏ မျိုးချစ်စိတ်၊ ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် တီထွင်ကြိုးစားအားထုတ်မှု အပေါ် မူတည် နေသည်ကို စွဲမြဲယုံကြည် ထားရမည် ဖြစ်ကြောင်း၊ မျက်မှောက် ခေတ်ကာလ၏ ကာကွယ်ရေး နှင့် လုံခြုံရေး စနစ်များသည် နည်းပညာ စွမ်းရည် မြင့်မား သာလွန်မှု အင်အားပြုသည့် ခေတ်သစ် ကာကွယ်ရေး စနစ်ပြိုင်ပွဲ အသွင်ဖြင့် ယှဉ်ပြိုင် တိုက်ခိုက် နေကြခြင်း ဖြစ်ကြောင်း၊ အချိန်ကိုက်၊ နေရာကိုက်၊ ကြိုတင် လက်ဦးမှု ရယူချေမှုန်း နိုင်ရန် တိကျစွာ ပစ်ခတ်နိုင်သည့် အဖျက် စွမ်းအားကြီး ခေတ်မီ လက်နက် ကိရိယာ ပစ္စည်းများ နှင့် နည်းပညာများပါ ပေါင်းစပ် အသုံးပြု နေကြပြီ ဖြစ်ကြောင်း။
ယနေ့အချိန် အခါတွင် Globalization ဖြစ်စဉ်နှင့် အတူ မီဒီယာကို အသုံးပြုပြီး စစ်ဆင် တိုက်ခိုက်မှုများကို ဆောင်ရွက် လာကြ သကဲ့သို့ Cyber စစ်ဆင်မှုများကို ရန်သူမိတ်ဆွေ မခွဲခြားဘဲ ဆောင်ရွက် လာကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မီဒီယာ စစ်ဆင်မှုသည် တာဝန်ရှိသူများ အပေါ်တွင် အကျပ်အတည်း အခက်အခဲများ ဖြစ်ပေါ်စေပြီး ယုံကြည်မှုကို ကျဆင်းစေကြောင်း၊ Cyber စစ်ဆင်မှုက အုပ်ချုပ်ရေး ယန္တရားကို ကမောက်ကမ ဖြစ်စေရုံ သာမကအတိုက်အခိုက် ခံရသည့် နေရာပေါ် မူတည်ပြီး မမျှော်မှန်း နိုင်သည့် ဆုံးရှုံးမှုများ များစွာ ဖြစ်ပေါ်စေတတ် ခြင်းကြောင့် အတတ်ပညာရှင် များဖြစ်သည့် ရဲဘော်တို့ အနေဖြင့် ဂရုပြု ဆောင်ရွက် သွားရန်လိုကြောင်း။
လေ့ကျင့်ရေး အပိုင်းက စွမ်းအားပြည့် လေ့ကျင့်ပေး သကဲ့သို့ အုပ်ချုပ်ရေး အပိုင်းကလည်း လိုအပ်သည့် ကြပ်မတ်မှုများ ဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း၊ ထိုသို့ လေ့ကျင့် ကြပ်မတ်စဉ် မှာပင် စစ်သည်များ၏ နေထိုင် စားသောက်မှု နှင့် သက်သာ ချောင်ချိရေးကို အပြည့်အဝ ဆောင်ရွက်ပေးကာ တပ်မတော် ၏ ကောင်းမွန်သည့် သမိုင်း အစဉ်အလာများ နှင့်အညီ စိတ်ဓာတ် ကောင်းမွန်သည့် စစ်သည်များ ဖြစ်လာအောင် ပြုစုပျိုးထောင် ပေးသွား ကြရမည် ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း ညီညွတ် မျှတစွာ စီမံခန့်ခွဲ အုပ်ချုပ်ခြင်းဖြင့် တပ်တွင်း စည်းလုံး ညီညွတ်ရေးကို ခိုင်မာအောင် တည်ဆောက် သွားကြရမည် ဖြစ်ကြောင်း။
တပ်မတော်၏ စစ်အင်ဂျင်နီယာ ခေါင်းဆောင်ငယ် များအဖြစ် တာဝန် ထမ်းဆောင် ကြရမည့် ရဲဘော်တို့သည် မိမိ ကွပ်ကဲရမည့် လက်အောက် တပ်ဖွဲ့ဝင် များကို မှန်ကန်သည့် ခေါင်းဆောင်မှု ပေးနိုင်ရန် လိုကြောင်း၊ ခေါင်းဆောင်မှုအတတ် ပညာသည် နိုင်ငံတိုင်း၊ လူမျိုးတိုင်း အတွက် အသက်တမျှ အရေးကြီးသည့် လိုအပ်ချက် ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံ၏ သမိုင်းဖြစ်စဉ် များနှင့် ကမ္ဘာ့နိုင်ငံ များ၏ သမိုင်းဖြစ်စဉ် များတွင်လည်း တိုးတက် ဖြစ်ထွန်းခြင်း နှင့် ဆုတ်ယုတ် ပျက်စီးခြင်း အကြောင်း အကျိုးများကို လေ့လာဆန်းစစ် သည့်အခါ ခေါင်းဆောင်၏ ဦးဆောင် ကွပ်ကဲမှု ကောင်းမွန်ခြင်း နှင့် အားနည်းခြင်း တို့အပေါ် ရာနှုန်းပြည့် တည်မှီ နေသည်ကို တွေ့ရမည် ဖြစ်ကြောင်း။
စစ်ဘက်ဆိုင်ရာ ပစ္စည်း ကိရိယာများ ဖြစ်သော ရုပ်ပိုင်းဆိုင်ရာ အားလုံး တောင့်တင်း ခိုင်မာ လာအောင် ဆောင်ရွက်ရာတွင် အင်ဂျင်နီယာ အတတ်ပညာရှင် များသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည့် အတွက် အင်ဂျင်နီယာ ပညာရှင် ကောင်းများ ဖြစ်အောင် ကြိုးစား ဆောင်ရွက် သွားကြရန် လိုကြောင်း၊ တပ်မတော် ၏ အဓိက တာဝန်များကို ထမ်းဆောင်ရင်း လူသား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရန် တတ်မြောက် ထားသော ပညာရပ်များကို တပ်မတော် အတွက် သာမက နိုင်ငံတော် အတွက်ပါ တစ်ထောင့် တစ်နေရာက အသုံးချနိုင်ရန် ကြိုးစား ဆောင်ရွက် ကြရန် လိုကြောင်း၊ ခေါင်းဆောင်ကောင်း ပီသစွာဖြင့် မှန်ကန်စွာ ကွပ်ကဲ အုပ်ချုပ်၍ အထက် က ပေးအပ်သော အမိန့်နှင့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကာ နိုင်ငံတော်နှင့် တပ်မတော် အတွက် အားထားရသော အင်ဂျင်နီယာ အရာရှိကောင်း များဖြစ်ရန် ကြိုးပမ်း ဆောင်ရွက် သွားရန် လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် သည် ဗိုလ်လောင်း တပ်ရင်းများ၏ အလေးပြု ခြင်းကို ခံယူပြီးနောက် စစ်ရေးပြ အခမ်းအနား မှ ပြန်လည် ထွက်ခွာ သွားသည်။
စစ်ရေးပြ အခမ်းအနား အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် သည် တပ်မတော် နည်းပညာ တက္ကသိုလ် ကျောင်းဌာနချုပ် ဧည့်ခန်းမ ၌ ထူးချွန်ဆု ရရှိကြသည့် ဗိုလ်လောင်း ၃ ဦးနှင့် ၄င်းတို့၏ မိဘများအား တွေ့ဆုံ၍ ဂုဏ်ပြု အမှာစကား ပြောကြားသည်။
ထိုသို့ ပြောကြားရာတွင် ယခုကဲ့သို့ အကောင်းဆုံး ကြိုးစား နိုင်မှုမှာ သန္နိဋ္ဌာန်စိတ် ကို အခြေခံ၍ ကြိုးစားခဲ့ခြင်း ကြောင့် ဖြစ်ကြောင်း၊ တပ်မတော်မှ ပေးအပ်သည့် တာဝန်များ သာမက နိုင်ငံတော် အတွက်ကိုလည်း တစ်ဖက် တစ်လမ်းမှ အကောင်းဆုံး ဖြစ်အောင် အခြေခံရှိပြီး ဖြစ်သော သန္နိဋ္ဌာန်စိတ်ဖြင့် ထိန်းသိမ်း ကြိုးစားသွားရန် လိုကြောင်း၊ သင်ကြား လေ့ကျင့်ပေး လိုက်သော စည်းကမ်း၊ စိတ်ဓာတ်၊ ခေါင်းဆောင်မှု နှင့် အတတ်ပညာ များကို ဆက်လက် အသုံးချ သွားရန် လိုကြောင်း၊ လျှောက်လှမ်း နေသော ဒီမိုကရေစီ လမ်းကြောင်း ပေါ်တွင် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး အတွက် တတ်သိထားသော ခေတ်မီ နည်းပညာ၊ အတတ်ပညာ တို့ဖြင့် တစ်ဖက် တစ်လမ်းမှ ကြိုးစား ဆောင်ရွက် သွားရန်လိုကြောင်း၊ မိမိအတွက် ရင်းနှီးပေးဆပ် ခဲ့သော မိဘများကိုလည်း မြတ်ဗုဒ္ဓ၏ အဆုံးအမ ကို နှလုံးသွင်း၍ တတ်နိုင်သမျှ ကျေးဇူးဆပ် စောင့်ရှောက် သွားရန် လိုကြောင်းဖြင့် ပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တပ်မတော် နည်းပညာ တက္ကသိုလ် ၏ SCIENCE AND TECHNOLOGY EXHIBITION 2014 တွင် ကြည့်ရှုလေ့လာစဉ်
ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် တပ်မတော် နည်းပညာ တက္ကသိုလ်၏ SCIENCE AND TECHNOLOGY EXHIBITION 2014 သို့ သွားရောက် ကြည့်ရှု လေ့လာသည်။ ထိုပြပွဲတွင် Energy Technology ၊ Numeric Control Technology ၊ Hydraulic Technology ၊ Ship Design and Construction Technology ၊ Unmanned Vehicle Technology ၊ Control Technology နှင့် Chemical Technology ပြခန်းများ ပြသထားပြီး သက်ဆိုင်ရာ နည်းပြများက ပုံစံငယ် များဖြင့် လက်တွေ့ သရုပ်ပြကာ ရှင်းလင်း တင်ပြခဲ့ကြောင်း သိရှိရသည်။
#Themyawadydaily
#မြ၀တီနေ့စဉ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် အကောင်းဆုံး အင်ဂျင်နီယာ ဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်းအမှတ် ၆၇၄၁ ဗိုလ်လောင်း အောင်ဇင်ဦး အား ဆုချီးမြှင့်စဉ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် လေ့ကျင့်ရေးထူးချွန်ဆု ရရှိသူ ဗိုလ်လောင်းအမှတ် ၆၅၀၂ ဗိုလ်လောင်း နိုင်လင်းအောင် အား ဆုချီးမြှင့်စဉ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် စာပေထူးချွန်ဆု ရရှိသူ ဗိုလ်လောင်းအမှတ် ၆၅၄၄ ဗိုလ်လောင်း စိုးမင်းထွန်း အား ဆုချီးမြှင့်စဉ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တပ်မတော် နည်းပညာ တက္ကသိုလ် ကျောင်းဌာနချုပ် ၊ ဧည့်ခန်းမ၌ ထူးချွန်းဆုရရှိသည့် ဗိုလ်လောင်းများနှင့် မိဘများ တွေ့ဆုံ၍
ဂုဏ်ပြုအမှာစကား ပြောကြားစဉ်
No comments:
Post a Comment