www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, December 13, 2014

စွန့်ပစ်ရေဆိုးများကြောင့် ဒေသခံတောင်သူများ ဆုံးရှုံးမှုများဖြင့် ကြုံနေ့နေရ


စက်မှုဇုန်စွန့်ပစ်ရေဆိုးများကြောင့် ယိုယွင်းလျက်ရှိသော တောင်အင်းမြောက်အင်း

မန္တလေး ၊ ၁၃-၁၂-၂၀၁၄

မန္တလေး အမရပူရမြို့နယ် နတ်ရေကန် ကျေးရွာအုပ်စု ရှိ တောင်အင်း မြောက်အင်းသည် အလျား၊ အနံ တစ်မိုင်ခွဲ ပတ်လည်ခန့် ရှိသော အင်းကြီးတစ်ခု ဖြစ်ပြီး မြစ်ငယ်မြစ် (ခ) ဒုဋ္ဌဝတီမြစ် မှ ရေဝင် ရေထွက် ပြုလုပ်ခြင်း၊ ဆည်မြောင်း စိုက်ပျိုးရေများ စီးဝင်ခြင်း တို့ကြောင့် ၁၂ ရာသီ ရေမခန်းသော ရေတိမ်အင်း တစ်ခု ဖြစ်ကြောင်း သိရသည်။

ရှေးယခင် ကတည်းက ထိုအင်းရေကို အမှီပြု၍ ညောင်ပင်စောက် ကျေးရွာ၊ ညောင်နီပင် ကျေးရွာ၊ မုတ်ပုလဲ ကျေးရွာ၊ မင်းရွာကျေးရွာ နှင့် အင်းကုန်း ကျေးရွာ စသည့် ကျေးရွာများမှ မိရိုးဖလာ တောင်သူ များသည် စပါး စိုက်ပျိုးခြင်း၊ ငါးဖမ်း လုပ်ငန်း လုပ်ကိုင်ခြင်း များ လုပ်ကိုင်၍ ၄င်းအင်းရေကို အမှီပြုကာ အသက်မွေး ဝမ်းကျောင်းပြုပြီး နေထိုင် ကြကြောင်း၊ ထို အင်းရေပြင်တွင် ပဒုမ္မာကြာ၊ ပုဏ္ဍရိက်ကြာ၊ ဟင်းချန်၊ ကန်စွန်း စသည့် အပင်များ ပေါက်ရောက်ကြပြီး ဆောင်းခိုငှက်များ ကျက်စား၍ လှပ သာယာသော ဒေသ အကျိုးပြု အင်းတစ်ခု ဖြစ်ကြောင်း သိရသည်။

ယခုအခါ ထိုအင်း အတွင်းသို့ လွန်ခဲ့သော ၁၅ နှစ်ကျော် ခန့်မှစ၍ မန္တလေး စက်မှုဇုန်မှ စွန့်ပစ် ရေဆိုးများ (ပုံ) ဝင်ရောက် လာခဲ့ကာ ပတ်ဝန်းကျင် ညစ်ညမ်းမှုများ ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။ အဆိုပါ ရေဆိုး များသည် ထိုအင်းအတွင်း ၁၂ ရာသီ ပတ်လုံး တည်ရှိ နေသဖြင့် လယ်ယာ စိုက်ပျိုးရေး လုပ်ကိုင်ကြသော တောင်သူများ ဆုံးရှုံးမှုများ ဖြစ်ပေါ် ခဲ့ကြောင်း၊ ဒေသခံ တောင်သူများ သည် နတ်တော်လတွင် ပျိုးထောင်၍ ပြာသိုလတွင် စိုက်ပျိုးသော စပါးတစ်သီး နှင့် ကုလားပဲ များကို အဓိက အားထား လုပ်ကိုင်ကြရာ စပါးပင်များ အနှံ စထွက်ချိန် တန်ခူး၊ ကဆုန်တွင် မိုးများ ရွာသဖြင့် ထိုမိုးရေကြောင့် ရေဆိုးများ မြင့်တက်ကာ အနှံများ မြှုပ်သဖြင့် နှစ်စဉ်ပျက်စီး မှုများ ကြုံတွေ့ နေရကြောင်း သိရသည်။

အဆိုးရွားဆုံး ကြုံတွေ့နေရ သည်မှာ ကုလားပဲ စိုက်ခင်းများ တစ်ကွက်ပြီး တစ်ကွက် ပျက်စီးလာခြင်း ဖြစ်ကြောင်း၊ စိုက်ပျိုးတိုင်း အမြစ်မှိုများ စွဲကာ ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရပြီး လုံးဝ ပျက်စီးသွားသော လယ်မြေများ ရှိနေကြောင်း၊ ပုပ်အဲ့ စူးရှသော အနံ့ဆိုး များကြောင့် ကျန်းမာရေး ထိခိုက်မှုများ ရှိနေကြောင်း၊ ထို့ပြင် ရောဂါမျိုးစုံကို သယ်ဆောင် တတ်သောခြင်များ ပေါက်ပွားမှုများလည်း သိသိသာသာ များပြား လာကြောင်း သိရသည်။

ထိုအင်းကို အမှီပြု၍ လုပ်ကိုင် စားသောက်ကြသော ငါးဖမ်းခြင်း လုပ်ငန်းများလည်း ရေဆိုးများကြောင့် သဘာဝငါးများ ရှင်သန် ပေါက်ပွားမှု မရှိတော့သဖြင့် လုပ်ကိုင် စားသောက်၍ မရတော့ဘဲ မွေးမြူရေး ငါးများလည်း မွေးမြူ၍ မရတော့ကြောင်း သိရသည်။ ထိုသို့ မြေဆီလွှာ ထိခိုက်ပျက်စီးမှု များနှင့် ရေသယံဇာတ ဆုံးရှုံးခြင်း များသည် တစ်နှစ်ထက် တစ်နှစ် ပိုမိုဆိုးရွား လာသောကြောင့် ထိုအင်းများကို အမှီပြု၍ လုပ်ကိုင် စားသောက် နေကြသော ဒေသခံ တောင်သူများ အခက်အခဲ များဖြင့် ရင်ဆိုင် နေရကြောင်း သိရသည်။

ကိုထူးအံ့ (အမရ)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger