www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 11, 2014

ထာဝရ စိမ်းလန်း စိုပြည်စေရေး


ထာဝရ စိမ်းလန်း စိုပြည်စေရေး

မြန်မာနိုင်ငံ တစ်ဝန်းတွင် တောင်ပေါ် မြေပြန့်၊ လေကွယ် လေတင် စသည့် အရပ်ဒေသတို့၏ ပကတိ အခြေအနေကို လိုက်၍ အပူ၊ အအေး၊ မိုးနည်း၊ မိုးများ ကွာခြားမှု ရှိသည်။ ထို ကွာခြားမှုကို ညီမျှစေရန် အမိ ဧရာဝတီက စွမ်းဆောင်ပေး နိုင်သည်။ ဧရာဝတီ မြစ်သည် မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ရေခဲတောင် ပေါ်မှ မြစ်ဖျားခံပြီး အေးမြသော ရေကြည်များကို သယ်ဆောင် လာသည်။

ထိုကဲ့သို့ သယ်ဆောင် လာသော ရေကြည်များကို နိုင်ငံ အလယ်ပိုင်း မိုးနည်းရပ်ဝန်း ဒေသများတွင် ဖြန့်ဝေပေးသည်။ ဧရာဝတီမှ ရေသည် ဧရာဝတီ အလယ်ပိုင်း မြစ်ဝှမ်းဒေသ များနှင့် သဘာဝ သစ်တော သစ်ပင်များ စိမ်းလန်းစိုပြည် စေရေးကို ယနေ့ထက်တိုင် အကျိုးပြုလျက် ရှိသည်။

ထို့ကြောင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည် စေရန် သစ်တောသစ်ပင် များကို ထိန်းသိမ်း စောင့်ရှောက်ခြင်း များ ဆောင်ရွက်ကြ ရမည် ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် အမိ ဧရာဝတီ လှပရေး နှင့် သစ်တောသစ်ပင် ဖွံ့ဖြိုးတိုးတက် ရေးသည် ဒွန်တွဲလျက် ရှိသည်။ သစ်တောသစ်ပင် ဖွံ့ဖြိုးမှသာ အမိ ဧရာဝတီ အလှတိုးမည် ဖြစ်သည်။

သစ်တောသစ်ပင် တို့သည် မြေဆီလွှာကို ထိန်းညှိပေးပြီး ရေ အရင်းအမြစ်ကို စုစည်း ပေးသည်။ တမာ၊ ထနောင်း၊ မန်ကျည်း စသည့် အပူပိုင်း သစ်ပင်များက အေးမြသည့် အရိပ်အာဝါသ အပြင် ဒေသ၏ သဘာဝ ပတ်ဝန်းကျင် ကိုပါ ထိန်းညှိ ပေးသည်။

ထို့ကြောင့် အပူပိုင်းဒေသ သဘာဝ ပတ်ဝန်းကျင် မျှတမှု ဖြစ်စေရန် သစ်တောသစ်ပင် များကို ပြုစုပျိုးထောင် စိုက်ပျိုးကြ ရမည်ဖြစ်သည်။ သဘာဝ တရား၏ အလိုအရ သက်ရှိနှင့် သက်မဲ့ ဝန်းကျင်တို့သည် အပြန်အလှန် အကျိုးပြုလျက် ရှိပြီး ညီညွတ်သည့် မျှတမှုရှိမှသာ ထာဝစဉ် ရှင်သန် ဖွံ့ဖြိုးသော ပတ်ဝန်းကျင် နှင့် သစ်တော သစ်ပင်များ ဖွံ့ဖြိုးနေမည် ဖြစ်သည်။

သစ်ပင်၏ ရေသောက်မြစ် အတိုအရှည်သည် မြေဆီလွှာမှ ရေစုပ်ယူ သုံးစွဲမှုကို မျှတ စေသည်။ အမြစ် ဖြန့်ကြက်မှု အဝန်းအဝိုင်းသည် မြေဆီလွှာ တိုက်စားမှုကို ထိန်းညှိ ပေးသည်။ သစ်ရွက်ကြွေ များကလည်း မြေဆီလွှာ ရေတိုက်စားမှု ကို ခုခံ ကာကွယ်ပေးရင်း သစ်ပင်များကို တစ်ဖန် မြေသြဇာ ပြန်ကျွေးသည်။ ထိုသို့ အပြန်အလှန် အလုပ်အကျွေး ပြုခြင်းသည် မြစ်ကြောင်းကို သာမက ပတ်ဝန်းကျင် ကိုလည်း လှပစေသည်။

ယနေ့ မြစ်ကြောင်းကြီးများ တိမ်ကော နေခြင်းမှာ သစ်ပင်သစ်တော များ ယိုယွင်းခဲ့၍ မြေလွှာကို မထိန်းသိမ်း နိုင်ဘဲ ရွေ့လျားလာသော မြေမှုန်၊ သဲမှုန်၊ ကျောက်မှုန်များ မြစ်အတွင်းသို့ စုပုံလာခြင်း ဖြစ်သည်။ ထို့ကြောင့် မြစ်ကြောင်းများ ယိုယွင်းပျက်စီး ရကာ ပတ်ဝန်းကျင် နှင့် လူတို့အပေါ် အကျိုးပြုမှုများ လျော့နည်း လာရသည်။

သို့ဖြစ်ရာ လူတို့ကို အကျိုးပြု နေသော မြစ်ကြောင်း ကြီးများ မတိမ်ကော စေရန်အတွက် အပူပိုင်း သစ်တောသစ်ပင် များကို ဝိုင်းဝန်း ထိန်းသိမ်း ပြုပြင် စောင့်ရှောက် ခြင်းဖြင့် မြေဆီလွှာများ မပျက်ယွင်း အောင် လူတိုင်း ဆောင်ရွက်မှသာ ထာဝရ စိမ်းလန်းစိုပြည် အကျိုးပြု နေမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger