ရန်ကုန် ၊ ၁၁-၁၂-၂၀၁၄
နိုင်ငံတကာ ခရီးသွားများ ကြိုက်နှစ်သက်သည့် ကမ္ဘာတစ်ဝန်း မြစ်ကြောင်း ခရီးစဉ်များတွင် မြန်မာနိုင်ငံမှ ဧရာဝတီ မြစ်ကြောင်း ခရီးစဉ် ပါဝင်လာကြောင်း နိုင်ငံတကာ ခရီးသွား လာရေး အေဂျင်စီ တစ်ခု ဖြစ်သည့် Cruise Holidays ခရီးသွားလာရေး အေဂျင်စီ၏ စစ်တမ်း ကောက်ယူမှု တစ်ခုက ဆိုသည်။
ကမ္ဘာလှည့် ခရီးသွား အများဆုံး သွားလာလေ့ ရှိသည့် ကမ္ဘာတစ်ဝန်း မြစ်ကြောင်း ခရီးစဉ်များစွာ ရှိသည့်အနက် မြန်မာနိုင်ငံရှိ ဧရာဝတီ မြစ်ကြောင်း ခရီးစဉ်ဖြင့် မန္တလေးမြို့ မှ ပြည်မြို့သို့ သွားရောက်သည့် ရေကြောင်း ခရီးစဉ်သည် နိုင်ငံတကာ ခရီးသွားများ အနေဖြင့် စတုတ္ထ အကြိုက်ဆုံး ခရီးစဉ်အဖြစ် ရပ်တည် နေကြောင်း သိရသည်။
အဆိုပါ စစ်တမ်းကို Cruise Holidays ခရီးသွားလာရေး အေဂျင်စီက ၂ဝ၁၄ ခုနှစ် တစ်နှစ်တာ ကာလအတွင်း ကောက်ယူခဲ့ခြင်း ဖြစ်ပြီး ၂ဝ၁၄ ခုနှစ် ကုန်ဆုံးလု ဖြစ်သည့် ယခုလတွင် ထုတ်ပြန် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကမ္ဘာတစ်ဝန်း လူကြိုက်အများဆုံး ရေကြောင်း ထိပ်တန်း ခရီးစဉ်များတွင် ဟော်လန်နိုင်ငံ အမ်စတာဒမ် မြို့မှ မိုးဇယ် မြစ်ကြောင်း တစ်လျှောက် ခရီးစဉ်သည် လူကြိုက် အများဆုံး ရေကြောင်း မြစ်တွင်းသွား ခရီးစဉ်ဖြစ်ပြီး ဒုတိယ အနေဖြင့် ဥရောပ အလယ်ပိုင်း ဒေသရှိ ရိုင်းမြစ်၊ မိန်းမြစ်နှင့် ဒင်ညု မြစ်တွင်းသွား ရေကြောင်း ခရီးစဉ်များ ဖြစ်သည် ဟုလည်း သိရသည်။
မြန်မာနိုင်ငံ မန္တလေးမြို့မှ ပြည်မြို့သို့ ဧရာဝတီ မြစ်ကြောင်း အတိုင်း စုန်ဆင်း သွားလာသည့် မြစ်တွင်းသွား ရေကြောင်း ခရီးစဉ်သည်လည်း စတုတ္ထ လူကြိုက် အများဆုံး စာရင်းတွင် ပါဝင်နေသည် ဟုလည်း သိရသည်။
အာရှနှင့် အရှေ့တောင် အာရှ ဒေသတွင် တရုတ်နိုင်ငံရှိ မြစ်နှစ်စင်း၊ ဗီယက်နမ် နိုင်ငံမှ မဲခေါင် မြစ်ကြောင်း ခရီးစဉ် သည်လည်း တတိယ လူကြိုက် အများဆုံး မြစ်တွင်းသွား ရေကြောင်း ခရီးစဉ်များ ဖြစ်ကြောင်း သိရသည်။
အိအိအောင်
#Yadanarpondaily
#ရတနာပုံနေ့စဉ်
No comments:
Post a Comment