www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 29, 2014

မက္ကဆီကိုနိုင်ငံ ကလေးထိန်းဂေဟာ တစ်ခုမှ ရင်နင့်ဖွယ် ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်


Children rest in one of the rooms of the La Gran Familia in Zamora, Michoacan State, Mexico, after the federal police raid which rescued 607 adults and children who prosecutors said were kept in deplorable conditions



မက္ကဆီကိုနိုင်ငံ ကလေးထိန်းဂေဟာ တစ်ခုမှ ရင်နင့်ဖွယ် ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်

ကိုကိုဟန်

မက္ကဆီကို နိုင်ငံ ဇာမိုရာမြို့ရှိ La Gran Familia ဂေဟာသည် ကလေးများကို အခကြေးငွေ ယူ၍ ပြုစု စောင့်ရှောက် ထိန်းကျောင်း ပေးသည့် ဂေဟာတစ်ခု ဖြစ်သည်။ ဤ ဂေဟာကြီးကို ၁၉၄၇ ခုနှစ်က တည်ထောင် ခဲ့သည်ဟု သိရသည်။

La Gran Familia ဂေဟာသည် ဇာမိုရာမြို့ရှိ လူတိုင်းက ပညာသင်ကြား ပေးနေသော ကလေးထိန်း ဂေဟာတစ်ခုဟု သိနေကြသည်။ ထို့အပြင် ကလေးများ၏ လှုပ်ရှားမှု ပန်းချီ၊ ဖက်ရှင်၊ အလုပ်ရုံ ဆွေးနွေးပွဲ၊ သတ္တု လုပ်ငန်းများ၊ အုတ်စီလုပ်ငန်း နှင့် တေးဂီတ စသည်တို့ကို သင်ပြ ပေးနေသော ဂေဟာကြီး ဟု သိထားကြသည်။

သို့သော် ၄င်းဂေဟာရှိ ကလေး အတော် များများမှာ အနိုင်ကျင့်ခံ ပြန်ပေးဆွဲခံ ထားရကြောင်း သိရသည်။ မိဘများနှင့် မိသားစု များက အဆိုပါ ဂေဟာသည် သူတို့၏ ကလေးများကို လုံခြုံ ဘေးကင်းစွာ စောင့်ရှောက် ပြုစု ထိန်းကျောင်း ပေးရမည့် အစား ကြောက်စရာ ကောင်းပြီး ယူကျုံးမရ ဖြစ်အောင် ပြုလုပ်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

ကလေးပေါင်း ၄၅၈ ဦး အပါအဝင် လူဦးရေ စုစုပေါင်း ၅၉၆ ဦးရှိသော ကလေး ထိန်းကျောင်း ဂေဟာ La Gran Familia ကို မက္ကဆီကို ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းကာ ကြွက်များ၊ အင်းဆက် ပိုးမွှားများ အကြား ညစ်ပတ် စုတ်ပေသော အခြေအနေ မှ ခက်ခက်ခဲခဲ ကယ်ဆယ် ခဲ့ရကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ဂေဟာကို ဝင်ရောက် စီးနင်းစဉ် မက္ကဆီကို စစ်သားများက အပြင်ဘက်မှ လုံခြုံရေး ရယူပေးထား ရသည်ဟု သိရသည်။ မက္ကဆီကို တစ်နိုင်ငံလုံးရှိ မိဘများက ၄င်းတို့၏ ကလေးများကို ပြန်လည် ခေါ်ယူနိုင်ရေး အတွက် စုဝေး ရောက်ရှိ နေကြသည်။ အဆိုပါ ဂေဟာကို အာဏာပိုင်တို့ လက်အောက်တွင် ထားရှိလိုက်သည်။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က အဆိုပါ ဂေဟာကို တည်ထောင် ခဲ့သူ Rosa del Carmen Verduzco နှင့် ဝန်ထမ်းရှစ်ဦး တို့ကို ဖမ်းဆီး ခဲ့သည်။

ဂေဟာကို တည်ထောင်ခဲ့သူ Rosa del Carmen Verduzco

ဒေသခံတွေက Verduzco သည် တစ်ခါတစ်ရံ အလွန် လေးစားစရာ ကောင်းကြောင်း၊ သို့သော် တစ်ခါတစ်ရံ တွင် ကြောက်စရာ ကောင်းသူအဖြစ် ဇာမိုရာမြို့ ၌ ထင်ရှား ကျော်ကြားသူ ဖြစ်ကြောင်း ပြောကြသည်။ ဇာမိုရာမြို့ သည် မီချီကန် ပြည်နယ်တွင် ရှိပြီး လူဦးရေ ၁၈၆ဝဝဝ ရှိကြောင်း သိရသည်။ မီချီကန် ပြည်နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း တွင် နာမည်ကြီးသော ပြည်နယ်ဖြစ်ရာ မီချီကန် ပြည်နယ်မှ ပြည်နယ် နိုင်ငံရေး သမားများ မဲဆွယ် စည်းရုံးရေး ဆင်းလျှင် Verduzco ၏ ဂေဟာတွင် ပုံမှန် လာရောက် တည်းခိုနားနေ ကြသည်အထိ သြဇာကြီးမား လေသည်။

''ကျွန်မထင်တာ တခြားဂေဟာ တွေမှာလို ကလေးကို အပတ်စဉ် သွားကြည့် တာပေါ့။ ဒါပေမဲ့ ဒီဂေဟာမှာက တွေ့လို့ မရပါဘူး။ ဒါကြောင့် ကျွန်မ တိုင်တန်းဖို့ ရှေ့နေ ရှာကြည့် သေးတယ်။ ဒါပေမဲ့ ဘယ်ရှေ့နေ ကမှ ဒေသတွင်း သြဇာအာဏာ ကြီးမားတဲ့ မစ္စစ် Verduzco ကို ဘာမှ မလုပ်ရဲဘူး'' ဟု ဂေဟာမှ ကလေး၏ မိခင်တစ်ဦးက ပြောပြခဲ့သည်။ ကလေးမိဘ များ၏ တိုင်ကြားခြင်း များကြောင့် ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်း လိုက်သည့်အခါ ကြွက်များ၊ အင်းဆက် ပိုးမွှားများ ၏ ကြားမှာ နေကြရသော အရွယ် ရောက်သူ ကလေး ၁၃၈ ဦးအပါအဝင် စုစုပေါင်း ၅၉၆ ဦးကို တွေ့ရှိရပြီး ကယ်ဆယ် ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

စောစောပိုင်း စုံစမ်း စစ်ဆေးချက် အရ Verduzco နှင့် သူ၏ ဝန်ထမ်းများသည် ဂေဟာတွင် နေထိုင်ကြ သူများအပေါ် စိတ်ပိုင်းဆိုင်ရာ သာမက ရုပ်ပိုင်းဆိုင်ရာ ပါ အနိုင်ကျင့်မှုများ ပြုလုပ်ခဲ့ ကြကြောင်း ရှေ့နေချုပ်ရုံး ၏ စုံစမ်း စစ်ဆေးရေးမှူး ထောမက် ဇာရွန်ဒီ လူစီယို က ပြောကြား ခဲ့သည်။ ''ကလေးတွေကို အတင်းအဓမ္မ လမ်းတွေ မှာ တောင်းရမ်း ခိုင်းတယ်။ ကြမ်းပြင်ပေါ်မှာ အိပ်ခိုင်းတယ်။ စားဖို့ မသင့်တဲ့၊ မကောင်းတဲ့ အစားအစာ တွေကို စားခိုင်းတဲ့ အထိ ရက်စက် ပါတယ်'' ဟု ၄င်းက သတင်းထောက် များကို ဆက်လက် ပြောပြခဲ့သည်။

ဂေဟာတွင် ယခင်က နေခဲ့ဖူးသော ဘာသာဆော့ဆီဒို က ''ဂေဟာ နေစဉ်က သမီးကလေးကို မွေးခဲ့တယ်။ အဲဒါကို Verduzco က သမီးကို သူ့ကိုပေးဖို့ အတင်း တောင်းယူခဲ့ပြီး သမီးလေး သုံးနှစ်ပြည့်တဲ့ အခါ အတင်း အဓမ္မ ခေါ်သွား ကြပါတယ်'' ဟု ပြောပြသည်။ သမီး ခြောက်နှစ်ပြည့် လို့ တွေ့ရအောင် သွားတဲ့အခါ သူတို့က ကလေးနဲ့ ကျွန်မကို ပေးမတွေ့ ပါဘူး။ နှစ်စဉ် ပေးရမယ့် ငွေကို မပေးရင် သမီးနဲ့ ဘယ်တော့မှ မတွေ့ရ တော့ဘူးဟု ခြိမ်းခြောက်ခံ ရတယ်။ သက်ဆိုင်ရာ ကို တိုင်ချင်ပေမယ့် ကလေးကို ရိုက်မှာ၊ အစာမကျွေးဘဲ ထားမှာ၊ ဒုက္ခပေးမှာ စိုးလို့ မတိုင်ဝံ့ကြောင်း ပြောပြ လေသည်။

အချို့ မိသားစုများက ပြောပြရာတွင် Verduzco ၏ နိုင်ငံရေး သြဇာ အရှိန်အဝါကို ကြောက်ကြသဖြင့် ဂေဟာမှ သူတို့ကလေး များကို ပြန်ခေါ်ရန် အတိုက်အခံ မလုပ်ရဲကြ ဟုဆိုသည်။ ယခု ဂေဟာကို ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက် စီးနင်း ပြီးနောက် ကလေးများ၏ မိဘဆွေမျိုး များသည် ဂေဟာ အပြင်ဘက်တွင် ကလေးများ ၏ သတင်းကို ကြားရအောင် စောင့်နေကြကြောင်း သိရသည်။

နာမည်ကျော် မက္ကဆီကို စာရေးဆရာ နှင့် သမိုင်းဆရာ အင်းရစ် တို့သည် Verduzco အား မိဘမဲ့ ကလေးများကို ဂေဟာဖွင့် စောင့်ရှောက် ထားသော ဂုဏ်သရေရှိ အမျိုးသမီး ကြီးအဖြစ် ထုတ်ဖော် ချီးကျူး ပြောဆိုခဲ့ ဖူးကြောင်း သိရသည်။ La Gran Familia ဂေဟာ၏ ဖေ့ဘွတ်ခ် တွင် Verduzco သည် မက္ကဆီကို သမ္မတဟောင်း ဖီးလစ်ကာလဒရွန် နှင့် မီချီကန် ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း တို့နှင့် တွဲရိုက်ထား သော ဓာတ်ပုံများ ပြသထားသည်။ ထို့အပြင် တေးဂီတ တီးမှုတ်ေ နကြပုံများ၊ စစ်ရေးပြ အခမ်းအနား ၌ ချီတက်နေပုံ များနှင့် အပျော်စီး ရထားများ အတူတကွ စီးနေကြပုံ များကို ပြသထားသည်။

La Gran Familia ဂေဟာ၏ ဝက်ဘ်ဆိုက်တွင် Verduzco သည် ကလေး အားလုံးကို မွေးစား ထားကြောင်း၊ သို့ဖြစ်၍ ကလေး အားလုံး၏ နောက်ဆုံး နာမည် တစ်လုံးမှာ သူမ၏ နာမည်ဖြစ်သော Verduzco ဟူ၍ အသီးသီး ပါနေကြ သည်ဟု သိရသည်။

ဤသို့ဖြင့် La Gran Familia ဂေဟာသည် ကလေးများကို သနား ကြင်နာ၍ မွေးစားသည် ဆိုသည်မှာ အမှန်အကန် မဟုတ်ဘဲ ကိုယ်ကျိုး အတွက် တောင်းရမ်း ခိုင်းစားခြင်း နှင့် အလုပ်များကို အတင်းအဓမ္မ ခိုင်းစေခြင်း များကိုသာ အံ့သြဖွယ်ရာ ပြုလုပ် နေကြောင်း သိရသည်။

ထို့ကြောင့် ကလေးများ၏ အနာဂတ် သာယာ လှပရေးသည် မိဘများ အပေါ် အများကြီး မူတည် နေသောကြောင့် မိဘများ အနေဖြင့် အရာရာကို အလွယ်တကူ မယုံသင့်ဘဲ သေချာစွာ စဉ်းစားလေ့လာ ပြီးမှသာ ပြုမူ အပ်နှံသင့်ကြောင်း ဤ ရင်နင့်ဖွယ်ရာ ဖြစ်ရပ်မှန် ဇာတ်လမ်းကို သင်ခန်းစာ ယူရန် အလို့ငှာ ရေးသား တင်ပြ လိုက်ရပါသည်။ ။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger