www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 24, 2014

နှစ် ၅၀ ပြည့်တော့မည့် ဂျပန်ကျည်ဆန်ရထား



နှစ် ၅၀ ပြည့်တော့မည့် ဂျပန်ကျည်ဆန်ရထား

( TMK ဘာသာပြန်သည် )

၁၉၆၄ ခုနှစ် တိုကျို အိုလံပစ်ပွဲတော် စတင်ရန် ၉ ရက်အလို။ ဂျပန်ဧကရာဇ် ဟီရိုဟီတို သည် ဂျပန်နိုင်ငံ၏ ပထမဆုံး ကျည်ဆန်ရထား စတင် ပြေးဆွဲခြင်း ဖွင့်လှစ်ပွဲ အခမ်းအနားသို့ တက်ရောက် ခဲ့သည်။ အဖြူရောင် နောက်ခံတွင် အပြာရောင်မျဉ်း ဆွဲထားသော ကျည်ဆန် ရထားကြီးက တိုကျို ဘူတာရုံ မှ အိုဆာကာ ဘူတာရုံ သို့  တစ်နာရီလျှင် မိုင် ၁၃ဝ နှုန်းဖြင့် စတင် ပြေးဆွဲ ခဲ့သည်။ အောက်တိုဘာလ ၁ ရက်နေ့တွင် ကမ္ဘာ့ ပထမဆုံး ကျည်ဆန်ရထား စတင် ပြေးဆွဲခဲ့ပြီး ယခု ၂ဝ၁၄ ခုနှစ်တွင် နှစ် (၅ဝ) တိတိ ပြည့်မည် ဖြစ်သည်။

ဂျပန်နိုင်ငံ၏ အထင်ကရ ဖူဂျီတောင်ကြီးကို နောက်ခံ ထားပြီး ကျည်ဆန် ရထားကြီး ဖြတ်သန်း သွားသော ဓာတ်ပုံမှာ ကမ္ဘာကျော် ပုံတစ်ပုံ ဖြစ်ခဲ့ပြီး တိုကျိုမှ အိုဆာကာ အထိ ရထားဂူ ၆၇ မိုင်၊ တံတား အစင်း ၃၀၀၀ တို့ကို ဖြတ်သန်းကာ သတ်မှတ် ထားသည့် အချိန်အတိုင်း ဆိုက်ရောက်ခဲ့ပြီး ကမ္ဘာ့ အမြန်ဆုံး ရထား ခရီးစဉ် အဖြစ် စံချိန်တင် နိုင်ခဲ့သည်။

ယနေ့ ဂျပန်ဘာသာ စကားဖြင့် Shinkansen ဟုခေါ်သည့် ကျည်ဆန်ရထား ပြေးဆွဲမှုသည် ဂျပန်နိုင်ငံတွင် အတွင်ကျယ်ဆုံး သယ်ယူ ပို့ဆောင်ရေး စနစ်တစ်ခု ဖြစ်သည်။ ရထား တစ်စီးလျှင် ၁၆တွဲပါဝင်ပြီး တိုကျို - အိုဆာကာ ခရီးစဉ်ကို သုံးမိနစ်လျှင် ရထား တစ်စီးနှုန်း၊ ရထား တစ်စီးလျှင် ထိုင်ခုံ ၁၃၂၃ လုံး၊ တစ်နာရီ လျှင် ၁၆၈ မိုင်နှုန်းဖြင့် ပြေးဆွဲပေး နေသည်။

လွန်ခဲ့သော နှစ်ပေါင်း ၅ဝ အတွင်း အထူးအမြန် ရထားလိုင်း ခြောက်လိုင်း ဖွင့်လှစ်ခဲ့ပြီး Tohuku Shinkansen သည် ဂျပန်နိုင်ငံ၏ တောင်တန်း ထူထပ်သော ဒေသများ အတွင်း တစ်နာရီလျှင် ၁၉၉ မိုင်နှုန်းဖြင့် ပြေးဆွဲနေသည်။ မြန်ဆန် လွယ်ကူသော ကျည်ဆန်ရထား များကြောင့် ဂျပန်နိုင်ငံ၊ ပြည်တွင်း လေကြောင်း ခရီးစဉ် များမှာ အပိုသက်သက် နီးပါးဖြစ်ခဲ့ကာ ကာဗွန်ဒိုင် အောက်ဆိုဒ် ထုတ်လွှတ်မှု နှုန်းမှာလည်း ကားများမှ လွှတ်ထုတ်သော ပမာဏနှင့် နှိုင်းယှဉ် လျှင် ၁၆ ရာခိုင်နှုန်းသာ ရှိသည်။

ထို့ ပြင် ၁၉၆၄ ခုနှစ်တွင် စတင်ပြေးဆွဲ ခဲ့စဉ်မှ ယနေ့ အချိန်အထိ ရထား မတော်တဆ ဖြစ်ပြီး လူအသေ အပျောက် ရှိခဲ့ခြင်း မရှိပေ။ နှစ် ၅ဝ အတွင်း ရထား လမ်းချော်မှု နှစ်ကြိမ် ဖြစ်ခဲ့ရာ၂ဝဝ၄ ခုနှစ် မြေငလျင်တွင် တစ်ကြိမ်၊ ၂ဝ၁၃ ခုနှစ် နှင်းမုန်တိုင်း တွင် တစ်ကြိမ် ဖြစ်ခဲ့ သော်လည်း လူ အသေအပျောက် လုံးဝ မရှိအောင် လုံခြုံ စိတ်ချရသော ရထား သယ်ယူ ပို့ဆောင်ရေး အဖြစ် စံချိန်တင် ခဲ့သည်။

ဂျပန် ကျည်ဆန်ရထား က ဂျပန် နိုင်ငံတွင် သာမက ကမ္ဘာတစ်ဝန်း ရှိ ရထား သယ်ယူ ပို့ဆောင်ရေး များ အားလုံးကို ခေတ်နောက်ကျ စေခဲ့သည်။ ဗြိတိန်နိုင်ငံ၏ အမြန်ဆုံး မီးရထား များက တစ်နာရီလျှင် မိုင် ၁ဝဝ နှုန်း အမြန်ဆုံးဖြင့် ခရီးတိုများ ကိုသာ ပြေးဆွဲ နိုင်ချိန်တွင် ဂျပန် ကျည်ဆန် ရထားများက ခရီးရှည်များ ကို တစ်နာရီလျှင် မိုင် ၂ဝဝ နီးပါးဖြင့် အစီး အရေအတွက် များစွာ ပြေးဆွဲ နေခြင်း ဖြစ်သည်။

ဒုတိယ ကမ္ဘာစစ် အတွင်း မဟာမိတ် များက ဟီရိုရှီးမား နှင့် နာဂါစကီ တို့ကို အဏုမြူဗုံး ကြဲချ ခဲ့သည့်တိုင် နှစ်ပေါင်း ၂ဝ အတွင်း ကျည်ဆန်ရထား နှင့်အတူ ဂျပန်နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး အခြေအနေ မှာ တစ်ဟုန်ထိုး တိုးတက် မြင့်မား ခဲ့သည်။

၁၉၆၄ ခုနှစ် အိုလံပစ်ပွဲတော် သို့ရောက်ရှိ လာကြသော နိုင်ငံတကာ မှ ဧည့်သည်တော် များက ဂျပန်နိုင်ငံ အတွင်း ဗိသုကာ လက်ရာများ၊ ကားလမ်းများ၊ ဆိုင်ကယ်များ၊ ရုပ်ရှင်ရုံများ၊ ကင်မရာများ၊ ကမ္ဘာ့ အမြန်ဆုံး ကျည်ဆန် ရထားများဖြင့် စည်ကား သိုက်မြိုက် နေသည်ကို အံ့သြဘနန်း တွေ့ရှိ ချီးမွမ်းခဲ့ကြ ရသည်။

နှင်းဖုံးလွှမ်း နေသော တောင်တန်း များကို နောက်ခံထားပြီး ပန်းပွင့်လန်း နေသော ချယ်ရီပင် များကြား လှစ်ခနဲ ပြေးဆွဲ နေသော ကျည်ဆန် ရထားများမှာ ဧကရာဇ်နိုင်ငံ နှင့် ဒီမိုကရေစီ နိုင်ငံတို့၏ အသွင်နှစ်မျိုး ကို စိတ်ဝင်စားဖွယ် ပေါင်းစပ် ပေးသည့်နှယ် ဖြစ်ခဲ့သည်။

သို့သော် ပထမဆုံး ကျည်ဆန် ရထားလမ်းကို တည်ဆောက် ခဲ့သော အင်ဂျင်နီယာ ဟီဒီယိုရှီးမား နှင့် အမျိုးသား ရထားလမ်း ဥက္ကဋ္ဌ ရှင်ဂျီဆိုဂျို တို့ နှစ်ဦးလုံးမှာ ရထားလမ်း ကုန်ကျစရိတ် က မူလ ခန့်မှန်း ထားသည်ထက် ၁ဝဝ ရာခိုင်နှုန်း ပိုကုန်ကျ ခဲ့သဖြင့် ရာထူးမှ နုတ်ထွက် ခဲ့ရပြီး ရထားလမ်း ဖွင့်ပွဲ အခမ်းအနား ကိုလည်း တက်ရောက်ခွင့် မရခဲ့ချေ။

၁၉၅၉ ခုနှစ်တွင် အင်ဂျင်နီယာ ဟီဒီယိုရှီးမား ကို ရထားလမ်းသစ် ဆောက်လုပ်ရန် ကမ်းလှမ်းခဲ့ရာ ရှီးမားက သမားရိုးကျ မဟုတ်သော ရထားလမ်း အသစ် တစ်မျိုးကို တည်ဆောက်ရန် အကြံရ ခဲ့သည်။ တောင်စဉ်၊ တောင်တန်း အတိုင်း မသွားဘဲ အကွေ့ အကောက်ကို နည်းနိုင်သမျှ နည်းကာ အတက်၊ အဆင်း ကိုလည်း အတတ်နိုင်ဆုံး လျှော့ချပြီး မျဉ်း တစ်ဖြောင့်တည်း၊ ရေပြင် တစ်ညီတည်း ပြေးဆွဲနိုင်မည့် ရထားလမ်းကို ဆောက်လုပ်ရန် အကြံရကာ ယင်း ရထားလမ်းကို တည်ဆောက်ခဲ့ရာ ကျည်ဆန် ရထားလမ်း၏ အစဖြစ်ခဲ့ သော်လည်း သမားရိုးကျ မဟုတ်၊ အသွင်အသစ် ဖြစ်သောကြောင့် ကုန်ကျမှု များစွာ ပိုခဲ့သည့် အပြင် ရထားလမ်း အကျယ်မှာ ၄ ပေ၊ ၈ ဒသမ ၅ လက်မ ရှိသောကြောင့် မူလ လက်ဟောင်း ရထားများလည်း ပြေးဆွဲနိုင်မည် မဟုတ်သဖြင့် အထင်အမြင် လွဲမှားမှုများ ဖြစ်ပေါ်ပြီး အင်ဂျင်နီယာ နှင့် ဥက္ကဋ္ဌ နုတ်ထွက် ခဲ့ရခြင်း ဖြစ်သည်။

သို့သော်လည်း ထိုအချိန်မှ စတင်ပြီး ဂျပန်နိုင်ငံ ၏ ရေနွေးငွေ့သုံး ရထားစက်ခေါင်း များ ထုတ်လုပ်မှုမှာ လုံးဝနီးပါး ရပ်ဆိုင်း သွားခဲ့ပြီး ကျည်ဆန် ရထားခေါင်း များကိုသာ အစဉ်တစိုက် ကောင်းသည်ထက် ကောင်းလာအောင် တိုးတက် ပြုပြင် ထုတ်လုပ် ခဲ့သည်။ ယနေ့ အင်ဂျင်နီယာ ဟီဒီယိုရှီးမား  ကို ကျည်ဆန် ရထား၏ ဖခင်ကြီး အဖြစ် ဂျပန်နိုင်ငံ က မှတ်တမ်းတင် ဂုဏ်ပြု ထားသည်။

၁၉၆၄ ခုနှစ်တွင် စတင် ဖွင့်လှစ် ခဲ့ချိန်မှ ယနေ့ အချိန်အထိ တွင် ပထမဆုံး ကျည်ဆန်ရထား လိုင်းတို ကိုင်ဒိုရှင်ကန်ဆင် တစ်ခုတည်းက ခရီးသည်ပေါင်း ၅ ဒသမ ၅ ဘီလျံကို သယ်ယူ ပို့ဆောင် ပေးနိုင်ခဲ့ပြီး ရထားများ မှာလည်း ကောင်းသည်ထက် ကောင်းလာကာ အချိန်ကုန် သက်သာခြင်း၊ ရထားစရိတ် နည်းပါးခြင်း၊ ခုံဖြင့် စီးနင်း လိုက်ပါနိုင်ခြင်း၊ သုံးမိနစ်ခြား တစ်စီး ပြေးဆွဲပေးခြင်း တို့ကြောင့် ဂျပန်နိုင်ငံတွင် ကား၊ တက္ကစီ၊ လေယာဉ်များ အားလုံးထက်
ကျည်ဆန် ရထားကိုသာ အားလုံးက ရွေးချယ် စီးနင်း ကြသည်။ 

စတင် ထွက်ခွာပြီး သုံးမိနစ် အတွင်း ၁၆၈ မိုင်နှုန်းအထိ အရှိန်မြှင့်တင် နိုင်ပြီး ၁၉၉ မိုင်နှုန်းဖြင့် ပြေးဆွဲနိုင်ကာ အတွင်းထဲတွင် လေအေးပေးစက် ဖွင့်ထားခြင်း၊ ရထားစက်သံ ဆူညံစြွာ ကားရခြင်း မရှိခြင်း၊ တုန်ခါမှုမရှိ၊ သန့်ရှင်းသော ရေအိမ်များ၊ ရှေ့နောက်လို မှီချနိုင်ပြီး ရထား ဦးတည်ရာ ဘက်သို့ မျက်နှာမူ ထားသော ထိုင်ခုံများ၊ စားစရာ သောက်စရာ များဖြင့် တည်ခင်း ဧည့်ခံပေးသော ရထားမယ်များ၊ သန့်ရှင်း သပ်ရပ်စွာ ဝတ်စားထားပြီး မွန်ရည် သန့်ပြန့်သော ဝန်ထမ်းများ၊ အချိန် အလွန် တိကျခြင်း တို့ဖြင့် ဂျပန်နိုင်ငံ၏ ကျည်ဆန် ရထားသည် မကျေနပ် စရာမရှိ၊ ကျေနပ်စရာ အတိသာ ပြီးသော သယ်ယူ ပို့ဆောင်ရေး စနစ်တစ်ခု ဖြစ်သည်။

ယခု နောက်ဆုံးပေါ် ကျည်ဆန် ရထား စက်ခေါင်းများမှာ E5 နှင့် E6 တို့ဖြစ်ပြီး နှာခေါင်းရှည် များကြောင့် အရှိန်မြှင့်တင် ရာတွင် မြန်ဆန်သလို ရထားစက်သံ၊ ရထားလမ်း နှင့် ပွတ်တိုက်သံ ကိုလည်း လျှော့ချနိုင်သည့် အပြင် လိုဏ်ဂူများမှ ထွက်လာသော အခါတွင် ထွက်လာလေ့ ရှိသော ဝုန်းခနဲ အသံကိုလည်း သိသာစွာ လျှော့ချ နိုင်ကြသဖြင့် ရထားစီး ခရီးသည်များ အတွက် သာမက ရထား လမ်းအနီးတွင် နေထိုင်ကြ သူများ အတွက်ပါ အဆင်ပြေ စေသည်။

နှစ်(၅ဝ) ပြည့်ပြီ ဖြစ်သော ဂျပန် ကျည်ဆန်ရထား ဆက်ကြောင်းကား ကျယ်ပြန့် လာနေပေသည်။ ၂ဝ၁၆ ခုနှစ်တွင် ဂျပန်နိုင်ငံ တောင်ပိုင်းနှင့် မြောက်ပိုင်းကို ဆက်သွယ် ပေးမည့် မြေအောက် ရထားဥမင် လိုဏ်ခေါင်း ကို ဖွင့်လှစ် ပြေးဆွဲမည် ဖြစ်သည်။ 

တိုကျိုနှင့် အိုဆာကာ ရထား လမ်းတွင်မူ သံလိုက် တွန်းအားသုံး ကျည်ဆန်ရထား Maglev များဖြင့် ပြောင်းလဲ ပြေးဆွဲမည် ဖြစ်ပြီး တစ်နာရီ လျှင် ၃၁၁ မိုင်နှုန်းခန့် ပြေးဆွဲနိုင်မည် ဖြစ်ပါကြောင်း ဂျပန်နိုင်ငံ၏ ကျည်ဆန်ရထား ပြေးဆွဲမှု သက်တမ်း နှစ် (၅ဝ) ပြည့်ခြင်းကို ဂုဏ်ပြု လေ့လာ ရေးသား တင်ပြ လိုက်ရပါသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger