www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 24, 2014

လက်ဖက်ခင်း မှ တောက်ခေါက်သံ


လက်ဖက်ခင်း မှ တောက်ခေါက်သံ

မဒါလေး

ရိုးရှင်းသော ရွာလေး တစ်ရွာကို ရောက်ခဲ့စဉ် ကပေါ့။ ရွာကလည်း ရိုးသကဲ့သို့ လူတွေကလည်း ရိုးလှသည်။ နေထိုင် သွားလာမှု ကအစ အရာအားလုံး ရိုးရှင်းလွန်း သဖြင့် မြင်ရသူ ရင်ထဲတွင်လည်း ရိုးရှင်းသည့် ခံစားမှု တစ်မျိုး တိုးစေသည်။ ခြေကျင် ခရီးကိုသာအားပြုလျက် နေထိုင် ကြသော သည်လို နေရာဒေသမှ လူများကို မြင်တွေ့ ရသောအခါ တစ်နေရာမှ တစ်နေရာသို့ ဟိုနား သည်နား ဆိုလောက်သော နေရာကို ဆိုင်ကယ်နှင့် တွင်တွင် သွားခဲ့သော မြို့ကြီးသား များကို ပြေးမြင်မိသည်။

နံနက် မိုးမလင်းခင် ကတည်းက ခြေသံများ ကြားနေ ရသည်။ အလျှိုလျှို ယာထဲ သွားကြသော အသံများ ဖြစ်သည်။ ပလိုင်းခြင်း လေးများ ကျောနောက်မှ လွယ်ကာ စုဖွဲ့လျက် ယာထဲ သွားကြပုံက တစ်မျိုး ကြည်နူးစရာ။ သည်လိုရှုခင်း သည်လို အလှမျိုး ဘယ်ဓာတ်ပုံ ဆရာတို့ ယှဉ်နိုင်လိမ့် မည်နည်း။ သည်လို မြင်ကွင်းက သဘာဝ စစ်စစ် အလှတရား များဆိုတာ မြင်သူတိုင်း ငြင်းနိုင်မည် မထင်ပေ။ လေငွေ့ အေးအေးမှာ အငွေ့ တထောင်းထောင်း နှင့် ရှမ်း ကောက်ညှင်းပေါင်း နှင့် ဆတ်သား ခြောက်ဖုတ် ကလည်း လိုက်ဖက် သကဲ့သို့ လက်ဖက်ခြောက် လှိုင်လှိုင် နှင့် ရေနွေးကြမ်း၏ သဘာဝ အနံ့စစ်စစ် ကလည်း နံနက်ခင်းကို ပြည့်စုံစေသည်။

နံနက်ခင်း လမ်းလျှောက်ရင်း လက်ဖက်ခင်း များကို ရှုမျှော်မဆုံး ကြည့်ရ သည်မှာလည်း အရသာက တစ်မျိုးပင်။ သည်လို နေရာဒေသမှ အပေါင်း အဖော်များနှင့် ခင်မင်မိတ်ဖွဲ့ ရသည်ကိုက ကံထူးခြင်း ပေလား။ သည်လို လှပသော လက်ဖက်ခင်းများ၊ ရှုမဆုံး နိုင်သော တောင်တန်းများ၊ အကွေ့ အကောက် မြေနီလမ်း လေးများဖြင့် အေးချမ်းလှသော သည်နေရာတွင် ဘယ်သို့သော ပူပင်သောကများ ရှိနိုင် လိမ့်မည်နည်း။ အလိုလောဘ နည်းသော ဒေသစရိုက်နှင့် စကားပြောဟန် ကိုက မြင်ရသူအဖို့ အေးချမ်း လွန်းလှသည်။ ကြည်နူးမှု များဖြင့် လှမ်းလျှောက် လာခိုက် လက်ဖက်ခင်း တစ်နေရာ အရောက် မှာတော့ ''တောက်'' ခပ်ပြင်းပြင်း တောက်ခေါက်သံ တစ်ချက် နားထဲမှာ ကြားလိုက် ရသည်။ လက်ဖက်ခူး ချိန်တွင် အများစုမှာ အမျိုးသမီး များသာ ဖြစ်ကြသဖြင့် အမျိုးသားတစ်ယောက် အသံ မဖြစ်နိုင်။ တစ်ဖက်သို့ လှမ်းကြည့် လိုက်သည်။ တစ်ယောက် လက်ကို တစ်ယောက် ကိုင်လျက် မိန်းမရွယ် နှစ်ဦး။ တစ်ယောက်က တစ်ယောက်ကို နှစ်သိမ့်လျက်။ ဘာဖြစ်သည် ကိုမသိ။ ဧည့်သည်ပီပီ သူများကိစ္စကို ဝင်မမေးတာ ကောင်းမည်။ သို့သော် သိချင်စိတ် တို့မှာ ငယ်ထိပ် တက်လျက်။

ထိုအခိုက် မသိမသာ လှမ်းဆွဲ လိုက်သော လက်တစ်စုံ နောက် ခပ်သုတ်သုတ် လိုက်သွား မိသည်။ အလည် ဖိတ်သော သူငယ်ချင်း ဖြစ်သည်။ ''နင်စိတ်ဝင်စား နေတယ်ဆိုတာ သိလို့ ခေါ်လာတာ။ အကြောင်းစုံ ကို နောက်မှ ပြောပြမယ် ... '' ဟု ထိုသူငယ်ချင်းက ပြောသည်။ အပြန်လမ်း တွင် သဘာဝ ပတ်ဝန်းကျင် နားမှ ခဏပြေးထွက် လိုက်ရသည်။ အကြောင်းမှာ မြို့ပေါ်တွင် လက်ဖက်ဈေးများ ကောင်းနေ သောကြောင့် ဖြစ်သည်။ မြို့ပေါ်တွင် လက်ဖက်ဈေး ကောင်းသည်နှင့် တောရွာမှ မိန်းကလေး တစ်ယောက်၏ တောက်ခေါက်သံမှာ ဆက်စပ်မှု ရှိလားဟု တွေးစရာ ရှိမည်။ ထို့ကြောင့် တရားခံသည်ကား ပွဲစားဟု ခေါ်သောသူ များကိုပင် ပုံချ ရမည်ဖြစ်သည်။

လက်ဖက်ခူးချိန် မရောက်ခင်တွင် ပွဲစားများ တစ်ရွာဝင် တစ်ရွာထွက် လက်ဖက်ခြံ လိုက်သိမ်း ကြသည်။ ခြံသိမ်းသည် ဆိုရာဝယ် အပိုင်သိမ်းခြင်း မဟုတ်။ သည်ခြံမှ ထွက်သည့် လက်ဖက်ရွက် များကို အခြား ပွဲစားများ နောက်သို့ ပါမသွားရေး ငွေကြိုပေး ကြသည်။ အရင်းအနှီး များသော တောင်သူများ အဖို့ လက်ဖက် ပေါ်ချိန်အထိ ငွေပေါ်အောင် မစောင့်နိုင် သည်က တစ်ကြောင်း၊ ခရီးစရိတ်၊ ထုပ်ပိုးစရိတ် များကြီး လွန်းလှ သည်က တစ်ကြောင်း၊ မြို့ပေါ်မှ ပွဲရုံများ၏ ပံ့ပိုး ပေးမှုဖြင့် ပွဲစားများ၏ စကားလုံးများ အောက်တွင် ယုံကြည်မိခြင်း ကတစ်ကြောင်း အကြောင်း ကြောင်းကြောင့် ကာလပေါက်ဈေး အတိုင်း မရဘဲ ကြိုတင် ငွေယူခြင်းဖြင့် ဈေးနှိမ်ခံ ကြရသည်။

ယခုလည်း လက်ဖက်ဈေးက တက်နေသည်။ ကြိုပေး ထားသည့် ဈေးက အလွန်နည်း နေသောကြောင့် ဈေးတက်ပေးရန် ပြောသည်။ ပွဲစားကလည်း မပေးနိုင်ဟုသာ တွင်တွင် ငြင်းလျက်။ မြို့ပေါ် ကိုယ်တိုင်တက် ရောင်းရန်လည်း လည်လည် ဝယ်ဝယ် သွားနိုင်သူ မရှိ။ ကိုယ်တိုင်လမ်း စဖောက်ရန် ကြုံလာမည့် ကြိုမမြင် နိုင်သော အခက်အခဲများ အတွက် တာဝန်မယူ ရဲကြ။ ထို့ကြောင့် ပွဲစား လက်တွင်းသာ ထိုးအပ်ဖို့က လွဲပြီးအခြား ဘာမျှမရှိ။ သည်လိုနှင့် တစ်နှစ်ရှာတာ တစ်နှစ် ကြိုစားရင်း ကိုယ်ပိုင် ယာခင်းရှိပြီး အထွက်ကောင်း သော်လည်း အကြွေး သံသရာလည် နေကြသည်။ 

ကျေးရွာများတွင်ယခုဆိုလျှင် မြို့နှင့်အလှမ်းမဝေးလှ။ အခြေအနေ ဗဟုသုတမှ စကာ တစ်စတစ်စ အားယူကုန်းထ နေကြပြီ။ ထို့ကြောင့် ယခင်လို ပွဲစားများ ဈေးမကစား နိုင်ပေမယ့် စကား တည်သော တိုင်းရင်းသား တို့၏ ရိုးသားမှု အပေါ် ကစား နေကြဆဲ။ ထိုအရာကို တွန်းလှန်ဖို့ သူတို့မှာ အင်အားမရှိ။ အတွေ့အကြုံ နှင့် ဗဟုသုတ က လက်တွေ့ကျကျ ဖြစ်ရန်အတွက် တွန်းအားတစ်ခု လိုနေသေးသည်။

သူငယ်ချင်း ပြောပြမှ အစောက တောက်ခေါက်သံ အတွက် ရင်ထဲမှာ ဘဝင်ကျ သွားသည်။ သြော်... သူတို့ခမျာ မှာလည်း မချိတင်ကဲ ဖြစ်နေ ကြရှာသည်။ ဈေးကောင်း ရတာလည်း သိသိကြီးနှင့် အကြွေးများ ကျေပါစေ ဟုသာ ဆုတောင်း ပေးရုံက လွဲလို့ ဘာများ တတ်နိုင်ဦး မည်နည်း။ ညနေခင်း ထမင်းဝိုင်းတွင် လူစုံသလောက် ဟင်းများလည်း စုံသည်။ ဒေသ အစားအစာ များအပြင် သားကောင်သား များလည်း ထူးထူးခြားခြား ပါသည်။ ဧည့်သည် လာလျှင် အိမ်နီးချင်း များပါ ဝိုင်းဧည့်ခံ တတ်သော ဒေသဓလေ့ ကို ချစ်စရာ တွေ့မြင် ရသည်။ '' စားလို့ချိုလား '' ဟု မေးလိုက်သော အသံလာရာ ဘက်ကို ကြည့်လိုက် သောအခါ နံနက် လက်ဖက်ခင်းမှ တောက်ခေါက် လိုက်သော မိန်းကလေး ဖြစ်သည်။  ပြုံးရွှင်စွာဖြင့် ဖော်ရွှေသော မျက်နှာလေးက အပြစ်ကင်း လှသည်။ ပြည့်တက် လာသော ရင်အစုံကို လက်ဖက်ခြောက် လှိုင်လှိုင် ခတ်ထားသည့် ရေနွေးကြမ်းဖြင့် မျှောချရင်း ခေါင်းတစ်ချက် ညိတ်ကာ ဖြေလိုက် ရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page