www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 18, 2015

မြဝတီ - သင်္ဃန်းညီနောင် - ကော့ကရိတ်လမ်းသစ် ဖွင့်လှစ်လွှဲပြောင်း နိုင်ရေး နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့


မြဝတီ - သင်္ဃန်းညီနောင် - ကော့ကရိတ် နယ်မြေအတွင်း တိုက်ပွဲဖြစ်စဉ်များ နေရာပြပုံ

ကျော်သက် နှင့် စောဆန်းအောင် အဖွဲ့က လှိုင်ကွယ်ကျေးရွာ အနီး ရော်ဘာခြံအတွင်းရှိ အဆောက်အအုံ အား မီးရှို့ဖျက်ဆီး ထားမှုကို တွေ့ရစဉ်

ကျော်သက် နှင့် စောဆန်းအောင် အဖွဲ့ထံမှ သိမ်းဆည်းရမိ မူးယစ်ဆေးဝါး များကို တွေ့ရစဉ်

နေပြည်တော် ၊ ၁၈-၉-၂ဝ၁၅

ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်၊ ကောင်းမူကျေးရွာ နှင့် အနီးတစ်ဝိုက်တွင်အ ခြေပြုသည့် ကျော်သက်နှင့် စောဆန်းအောင် ခေါင်းဆောင်သော ကလိုထူးဘော ကရင် အစည်းအရုံး (KKO) အဖွဲ့သည် နိုင်ငံတော် အစိုးရနှင့် တပ်မတော်၏ မူဝါဒများကို ဆန့်ကျင်လျက် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း၊ မြဝတီ- သင်္ဃန်းညီနောင်- ကော့ကရိတ် ကားလမ်းများ ပေါ်တွင် တရားမဝင် အကောက်စခန်း များဖွင့်လှစ်၍ ခရီးသွား ပြည်သူလူထု ထံမှ ငွေကြေးအဓမ္မ ကောက်ခံခြင်းများ ဆောင်ရွက်နေခြင်း၊ အခြေပြုကျေးရွာ ဝန်းကျင်များမှ အဓမ္မဆက်ကြေးငွေ ကောက်ခံခြင်းနှင့် လူသစ် စုဆောင်းခြင်းများ ပြုလုပ်လျက် ရှိခြင်း စသည့် သတင်းများ ဖြစ်ပေါ်ခြင်းကြောင့် ယင်းသို့ မလုပ်ဆောင်ရန် ပြည်နယ်အစိုးရ နှင့် နယ်မြေခံ တိုင်းစစ်ဌာနချုပ် တို့က အကြိမ်ကြိမ် သတိပေး အကြောင်းကြား ခဲ့သော်လည်း လိုက်နာ ဆောင်ရွက်ခြင်း မရှိဘဲ လုပ်ဆောင်မှုများ ဆက်လက် ဖြစ်ပေါ်နေခြင်း အပေါ် စိတ်ရှည် သည်းခံလျက် ဟန့်တားခြင်း၊ ပညာပေး ပြောကြားခြင်း၊ နောင် မပြုလုပ်ရန် စည်းရုံး ပြောဆိုခြင်းများ ပြုလုပ်ခဲ့သည်။

သို့ရာတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင် များသည် ၂ဝ၁၅ ခုနှစ် မေ ၂၆ ရက်တွင် မြဝတီမြို့ရှိ ရွှေတိဂုံပုံတူ စွယ်တော်ပွား စေတီ ဌာပနာသွင်း အခမ်းအနား တက်ရောက်ရန် နှင့် အရှည် ၂၈ မိုင် ၄ ဖာလုံရှိ ကော့ကရိတ် - မြဝတီ- မဲဆောက် အာရှလမ်းမသစ် ဖောက်လုပ်ပြီးစီးမှု အခြေအနေ တို့အား စစ်ဆေး ကြည့်ရှုရန် ကော့ကရိတ်မြို့မှ အထွက် ကျော်သက်နှင့် စောဆန်းအောင် ခေါင်းဆောင်သည့် KKO အဖွဲ့က ကရင်ပြည်နယ် ဝန်ကြီးချုပ် လိုက်ပါ လာသည်ကို သိရှိလျက်နှင့် အကြောင်းမဲ့ မင်းမဲ့စရိုက် ဆန်ဆန်ဖြင့် ရပ်တန့် တားဆီးခဲ့သဖြင့် တပ်မတော်က ငြိမ်းချမ်းရေး လုပ်ငန်းများ မပျက်စီး စေရေးအတွက် နောင် အလားတူ မပြုလုပ်ရေး သတိပေး ပြောကြား ခဲ့သည်။

ထပ်မံ၍ နိုင်ငံတော် အဆင့် အကြီးအကဲ၏ အာရှ လမ်းမသစ်ကြီး ဖွင့်လှစ်ရေး ခရီးစဉ်အတွက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့ဝင်များက နယ်မြေနှင့် လမ်းကြောင်း လုံခြုံရေး စစ်ဆေးရန် ဇူလိုင် ၂ ရက်တွင် ဘားအံ- ကော့ကရိတ်- မြဝတီ လမ်းကြောင်း အတိုင်း ထွက်ခွာလာစဉ် ကော့ကရိတ် မြို့မှအထွက် ကျော်သက် နှင့် စောဆန်းအောင် အဖွဲ့က အကြောင်းမဲ့ စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တိုင်းမှူးယာဉ်တန်း အပါအဝင် လုံခြုံရေး စစ်သည်များမှ ပြန်လည် သတိပေး ပစ်ခတ်ခဲ့ သော်လည်း တပ်မတော် လုံခြုံရေး စစ်သည်များ ရှိနေသည့် နေရာသို့ လက်နက်ကြီးများ တိုးမြှင့် ပစ်ခတ်ခဲ့သည်။ ၄င်းအဖွဲ့၏ မင်းမဲ့စရိုက် ဆန်ဆန် အကြိမ်ကြိမ် ဆောင်ရွက်နေမှု များကို တပ်မတော် အနေဖြင့် လုံးဝ ဆက်လက် သည်းခံနိုင်ခြင်း မရှိခြင်းကြောင့် တပ်မတော် စစ်ကြောင်းများနှင့် နယ်ခြားစောင့် တပ်(BGF) တို့ပူးပေါင်း၍ ဇူလိုင် ၂ ရက်မှ စတင်၍ နယ်မြေ ရှင်းလင်းခြင်းများ စတင်ဆောင်ရွက် ခဲ့ရသည်။ တိုက်ပွဲစတင် ဖြစ်ပွားသည့်နေ့မှ စ၍ မြဝတီ- သင်္ဃန်းညီနောင်- ကော့ကရိတ် လမ်းဟောင်း နှင့် လမ်းသစ်အား ကျော်သက်နှင့် စောဆန်းအောင် အဖွဲ့က စတင်ပိတ်ဆို့ ထားခဲ့ပြီး စစ်ရေးနှင့် မသက်ဆိုင်သော ချောင်းတောင် ကျေးရွာရှိ အခြေခံပညာ အထက်တန်း ကျောင်းအား လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ အစိုးရပိုင် ပစ္စည်းဖြစ်သော လှိုင်ကွယ်ကျေးရွာ အနီး ရော်ဘာခြံ အတွင်းရှိ အဆောက်အအုံ နှစ်လုံးအား မီးရှို့ဖျက်ဆီးခြင်း နှင့်ဒေသခံ ပြည်သူလူထုများ အထိတ်တလန့် ဖြစ်စေရန် ရည်ရွယ်၍ ကော့ကရိတ်မြို့ လူနေရပ်ကွက် များအတွင်းသို့ လက်နက်ကြီး များဖြင့် သုံးကြိမ် နှောင့်ယှက် ပစ်ခတ်ခြင်းများ ပြုလုပ် ခဲ့သည်။

ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ် လုံခြုံရေး၊ ဒေသအတွင်း လမ်းပန်း ဆက်သွယ်မှု လုံခြုံချောမွေ့ စေရေးအတွက် တပ်မတော် စစ်ကြောင်းများနှင့် နယ်ခြားစောင့် တပ် (BGF)တို့ ပူးပေါင်း၍ နယ်မြေ ရှင်းလင်းခြင်းများ ဇူလိုင် ၂ ရက်မှ ၉ ရက်အထိ ဆောင်ရွက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု မြဝတီ- သင်္ဃန်းညီနောင်- ကော့ကရိတ် ကားလမ်းဟောင်း ပေါ်၌ ၁၅ ကြိမ်၊ ကားလမ်းသစ် ပေါ်၌ ၁၇ ကြိမ် ဖြစ်ပွားခဲ့ပြီး လမ်းဟောင်း အား ဇူလိုင် ၈ ရက်တွင် လည်းကောင်း၊ လမ်းသစ်အား ဇူလိုင် ၉ ရက်တွင် လည်းကောင်း ထိန်းချုပ် နိုင်ခဲ့ကာ ပြန်လည်ဖွင့်လှစ် ပေးနိုင်ခဲ့သည်။

ထို့အပြင် ကျော်သက်နှင့် စောဆန်းအောင် အဖွဲ့ အကြွင်းအကျန်များ ခိုအောင်း နေထိုင်မှု မရှိစေရေးအတွက် တပ်မတော် စစ်ကြောင်းများနှင့် နယ်ခြားစောင့် တပ်(BGF) တို့က နယ်မြေရှင်းလင်း ခြင်းများ ဆောင်ရွက်ခဲ့ရာ ၄င်းတို့ အခြေပြုခဲ့သော နေရာများ၌ မူးယစ်ဆေးဝါး ထုတ်လုပ်မှု များကို စုစုပေါင်း ၄ ကြိမ် ဖော်ထုတ်နိုင်ခဲ့ပြီး ကာလတန်ဖိုး ခန့်မှန်း ငွေကျပ် သိန်းပေါင်း ၂၅၉၂၁ သိန်းကျော်ရှိ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား စုစုပေါင်း ၈၆၄ဝ၅၇ ပြားနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသော စက်ပစ္စည်း အစိတ်အပိုင်း များအား သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွား ချိန်အတွင်း ဆုံဆည်းမြိုင် နယ်မြေ၌ အခြေပြုလျက် ရှိသည့် ကလိုထူးဘော ကရင် အစည်းအရုံး (KKO) အဖွဲ့ဌာနချုပ် ကလည်း ကျော်သက်နှင့် စောဆန်းအောင် ၏ လုပ်ရပ်များကို လက်မခံ
နိုင်ခြင်းကြောင့် ၄င်းတို့အဖွဲ့မှ ဇူလိုင် ၂၁ ရက်တွင် ထုတ်ပယ်ခဲ့ကြောင်း ကြေညာခဲ့သည်။

ကျော်သက်နှင့် စောဆန်းအောင် ၏ လက်အောက် အဖွဲ့များ အနေဖြင့်လည်း တပ်မတော် စစ်ကြောင်းများ၏ နယ်မြေ ရှင်းလင်းမှု၊ ပြည်သူလူထုမှ မထောက်ခံမှု တို့ကြောင့် ၄င်းအဖွဲ့မှ တပ်ဖွဲ့ဝင် ၈၉ ဦးတို့သည် လက်နက်/ ခဲယမ်း များနှင့် အတူ တပ်မတော် စစ်ကြောင်း အသီးသီးထံသို့ ဥပဒေဘောင် အတွင်း လက်နက်ဖြင့် ဝင်ရောက်ခိုလှုံ ခဲ့ကြသည်။

အဆိုပါဖြစ်စဉ် အတွင်း ကျော်သက်သည် နောက်လိုက် အနည်းငယ်ဖြင့် မူလ အခြေပြုရာ ကောင်းမူရွာ မြောက်ခြမ်းမှ တစ်ဆင့် မဲသဝေါပြန့်သို့ လည်းကောင်း၊ စောဆန်းအောင် ခေါင်းဆောင်သော အဖွဲ့သည် ကောင်းမူရွာ တောင်ဘက်ခြမ်းမှ တစ်ဆင့် KKO ဌာနချုပ် ရှိရာသို့ ဆုတ်ခွာ၍ ပူးပေါင်းရန် သွားရောက်သော်လည်း KKO ဌာနချုပ် အနေဖြင့် ၄င်းတို့အား ထုတ်ပယ်ထားပြီး လက်မခံခဲ့ သဖြင့် အဖွဲ့များကွဲကာ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခြင်းနှင့် စောဆန်းအောင် မှာမူ နောက်လိုက် အနည်းငယ်ဖြင့် မဲသဝေါပြန့် သို့ ထွက်ပြေး လွတ်မြောက် သွားခဲ့သည်။

မြဝတီ- သင်္ဃန်းညီနောင်- ကော့ကရိတ် လမ်းဟောင်းအား မူလအတိုင်း ပြန်လည် သွားလာနိုင်ရေး၊ လမ်းသစ်အား ဖွင့်လှစ်လွှဲပြောင်း နိုင်ရေးနှင့် နယ်မြေဒေသ အတွင်း တည်ငြိမ် အေးချမ်းရေးတို့ အတွက် တပ်မတော် စစ်ကြောင်းများနှင့် နယ်ခြားစောင့်တပ် (BGF) တို့ ပူးပေါင်း၍ နယ်မြေရှင်းလင်း ခဲ့ရာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု စုစုပေါင်း ၄၈ ကြိမ်ဖြစ်ပွား ခဲ့ကာ တပ်မတော်မှ အရာရှိ၊ စစ်သည် ခုနစ်ဦး နိုင်ငံတော် အတွက် အသက်ပေးလှူ ခဲ့၍ ၂၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး တစ်ဦး ပျောက်ဆုံးခဲ့သည်။ ကျော်သက်နှင့် စောဆန်းအောင်အဖွဲ့ ထံမှ ဖမ်းဆီးရမိ ၂၆ ဦး၊ အလောင်း ခြောက်လောင်း၊ ဥပဒေဘောင် အတွင်း ဝင်ရောက်သူ ၈၉ ဦး၊ လက်နက်မျိုးစုံ ၁၆၅ လက်၊ ကျည်မျိုးစုံ ၂၁၆၅၆ တောင့်၊ ဗုံးသီးမျိုးစုံ ၄ဝဝ လုံး၊ မိုင်းမျိုးစုံ ၃၂၆ လုံး၊ ကျည်အိမ်မျိုးစုံ ၃၅၈ ခု၊ လက်ပစ်ဗုံးမျိုးစုံ ရှစ်လုံး၊ ယာဉ်မျိုးစုံ ၁၄ စီးနှင့် WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၈၆၄ဝ၅၇ ပြားတို့အား သိမ်းဆည်း ရမိခဲ့သည်။

တပ်မတော်နှင့် နယ်ခြားစောင့်တပ် (BGF) တို့က နယ်မြေရှင်းလင်း ဆောင်ရွက် နိုင်ခဲ့ခြင်း တို့ကြောင့် မြဝတီ- သင်္ဃန်းညီနောင်- ကော့ကရိတ် လမ်းသစ် လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို သြဂုတ် ၃ဝ ရက်တွင် ကျင်းပနိုင် ခဲ့ပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း နှင့်ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Dr.Somkid Jatusripitak တို့ တက်ရောက်၍ အောင်မြင်စွာ ဖွင့်လှစ် လွှဲပြောင်း နိုင်ခဲ့သည်။

ယခင်က လမ်းအရှည် ၃၉ မိုင် ၄ ဖာလုံရှိသော မြဝတီ- ကော့ကရိတ် ကားလမ်းဟောင်းမှာ အတက်တစ်ရက် အဆင်းတစ်ရက် စနစ်ဖြင့် သွားလာရပြီး ယာဉ်မောင်းချိန် မှာလည်း ယာဉ်ကြီး ၈ နာရီနှင့် ယာဉ်ငယ် ၆ နာရီ ကြာမြင့် ခဲ့သည့်အပြင် လမ်းကြောင်း ပေါ်တွင် ယာဉ်တစ်စီးစီး ပိတ်ဆို့ပါက အဆိုပါ ယာဉ်ပိတ်ဆို့မှု မဖြေရှင်းနိုင်သည့် အချိန်အတွင်း ယာဉ်တန်းများ ရပ်တန့်မှုဖြစ်ပေါ် စေခဲ့၍ ကုန်စည် စီးဆင်းမှုနှင့် ခရီးသွား ပြည်သူလူထု များ၏ ခရီးသွား အဆင်ပြေမှုအား များစွာ ထိခိုက်မှု ရှိစေခဲ့သည်။

ယခုအခါ အရှည် ၂၈ မိုင် ၄ ဖာလုံရှိ ကော့ကရိတ်- မြဝတီ- မဲဆောက် အာရှလမ်းမ နိုင်လွန်ကတ္တရာ လမ်းမကြီးမှာ ယာဉ်ကြော အသွား၊ အပြန်ပါဝင်ပြီး ၄၅ မိနစ်အတွင်း သာ မောင်းနှင် ရမှုကြောင့် ခရီးသွား ပြည်သူများ အတွက် ခရီးသွားလာမှု လွယ်ကူလျင်မြန် အဆင်ပြေ စေခြင်းနှင့် ကုန်စည်စီးဆင်းမှု သွက်လက်မြန်ဆန် ထိရောက် စေသည့်အပြင် အသက်စည်းစိမ် ဥစ္စာ လုံခြုံရေး အရလည်း အန္တရာယ် ကင်းရှင်းစွာဖြင့် သွားလာနိုင်ပြီ ဖြစ်၍ ဒေသခံ ပြည်သူများက နိုင်ငံတော်နှင့် တပ်မတော် အပေါ် များစွာ ကျေးဇူးတင် ဝမ်းမြောက်လျက် ရှိကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger