လက်ပံပင်ရဲ့ ခံစားမှု အသံ
(မဒါလေး)
နွေဦးဝင်စ အညာဒေသ၏ အလှသည် လက်ပံပွင့်များ ရှိမှသာ ပြည့်စုံ သည်ဟု ရွှေညာမြေမှ သူငယ်ချင်း တစ်ယောက်က ရွာအလည် လိုက်သွားစဉ် ပြောပြ ဖူးသည်။ အဆိုပါရွာ အဝင်လမ်း တစ်လျှောက် လုံး၌ လက်ပံပင်များ ပေါလှသည်။ နွေဦးတွင် ရိုးတံကျဲကျဲ အပင်ထက်၌ တစ်ပင်လုံး လွှမ်းအောင် နီရဲစွာ ပွင့်တတ်သော လက်ပံပွင့် များက မြင်ရသူ ငေးမဆုံးအောင် ဆွဲဆောင်မှု ရှိလှသည်။ ပွင့်ဖတ်စိမ်း များထက်မှ ပွင့်ချပ် အနီလေးများ ကြားတွင် ဝတ်မှုန်ရဲရဲ လေးများ ထွက်နေပုံမှာ ရဲရင့်မှု ရှိလှသည်။ အပင်ထက် တည်နေပုံ ကလည်း ဝံ့ဝံ့ကြွားကြွား ရှိလှသည်ဟု မြင်မိသည်။ တစ်ရက် လက်ပံပင်တန်း အောက်တွင် အနားယူရင်း လက်ပံ ပွင့်များ ကောက်နေခိုက် '' ဒီက မိန်းကလေးက လက်ပံပွင့်တွေ ဘာလို့ ကောက်တာလဲ ''ဟု အသံသာ ကြားရပြီး လူကို မတွေ့ရပေ။ ''ကျွန်မ ကြိုက်လို့ပါ'' ဟု ပြန်ဖြေရာ ''ဘာလို့ ကြိုက်တာ လဲကွဲ့'' ဟု မေးသဖြင့် ကျွန်မ ဘယ်လို ဖြေရ မည်နည်း။ ''ဘာလို့ကြိုက် တာလဲ ဆိုတော့ အပွင့်လေးတွေက လှတယ်။ ပြီးတော့ သူ့ကို ဟင်းအဖြစ် ချက်စားလို့ ရတယ်။ ပြီးတော့ ဆေးဖော်လို့လဲ ရသေးတယ်'' ဟု ပြန်အဖြေမှာ အသံခဏ ပျောက်သွားသည်။
ပတ်ဝန်းကျင် ကို ကြည့်တော့လည်း အဝေးတွင် လက်ပံပွင့် ကောက်နေကြသော ကလေးများမှ အပ လူကြီးဟူ၍ မရှိ။ အသံတိတ် သွားသည်။ ကျွန်မဖြေသော အဖြေက မှားနေလို့လား ဟု စိတ်ထဲတွင် တွေးနေစဉ် ''မိန်းကလေးက ဒီလောက်ပဲ သိတာကိုး၊ ဒါက အခြေခံ သဘောတရား တွေပဲ ရှိပါသေးတယ်'' ဟု ကြားရသဖြင့် ကျွန်မ ထပ်ပြော မိသည်။ ''အင်း...အရိပ်လည်း ရသေးတယ်။ နွေရာသီမှာ ဒီအရိပ်က အေးတယ်။ ပြီးတော့ လက်ပံပွင့်ချိန် ခွေးရူးချိန် လို့တော့ ငယ်ငယ်က ကြားဖူး တယ်''။ ''ဟား ဟား ဟား'' ရယ်သံနှင့် အတူ ကျွန်မ၏ အဖြေကို သဘောကျ သွားဟန် တူပါသည်။ '' ဒီမှာ မိန်းကလေး အပြောသာ လွယ်တာ။ လက်တွေ့က ဒီလောက် မလွယ်ပါဘူး။ တို့ လက်ပံပင် ဆိုတာ အပင်ငယ် တုန်းကလည်း ငယ်သလောက် နွားစားလိုက်၊ ဆိတ်စားလိုက်နဲ့ အပင်ကြီး ဖြစ်အောင် မနည်းကို ရှင်သန် နေထိုင်ခဲ့ ရတာကွဲ့။ ပြီးတော့ ငါတို့လို လက်ပံပင် တွေကို အပင်သေးစဉ် တုန်းက ဘယ်သူမှ ဂရုတစိုက်
ပြုစု ပျိုးထောင် ခဲ့တာ မရှိ ပါဘူးကွယ်။ နေပူမိုးရွာ ထဲမှာ ကြမ်းတစ်ခါ သာတစ်လှည့် ဘဝကို ရှင်သန်အောင် ထိုးထွက် ခဲ့ရတာပါ'' ဟူသော အသံကို ကြားရ ပါသည်။
''ဒီအသံကို ကြားရတော့ ကျွန်မတို့ ပတ်ဝန်းကျင်က လူတွေ ပြောပြော နေတဲ့ လူကြီးဖြစ်ရတာ မလွယ်ပါဘူး ဆိုတဲ့ စကားကို ပြေးပြီး ကြားယောင် မိသည်။ ကျွန်မတို့ မှာလဲ လူငယ် ဖြစ်ရတာ မလွယ်တဲ့ အပိုင်းတွေ ရှိခဲ့တာပဲ။ ယခု လက်ပံပင် လိုပဲ ကျွန်မတို့ ငယ်ငယ် တုန်းက ကြိုးစား ရုန်းကန် ခဲ့ရတဲ့ အချိန်တွေ၊ ထိုးနှက်မှု တွေကြားထဲက ဖောက်ထွက် ခဲ့ရ တာလဲ ရှိခဲ့တာပဲ။ အဲဒီလိုပဲ အခု လူကြီး ဖြစ်နေတဲ့ သူတွေလဲ ဒီအတိုင်း ဖြစ်မှာပါ။ ဟူး... ဘယ်အရာမှ မလွယ်ပါလား။
ကျွန်မ လေးတွဲ့စွာ သက်ပြင်း ချမိသည့် အဆုံးတွင် ''ဒါနဲ့တင် ဘယ်ကဦး မှာလဲ မိန်းကလေးရဲ့၊ လက်ပံပွင့် တစ်ပွင့် ပွင့်ဖို့အတွက် အရင်ဆုံး ဘာလုပ်ရသလဲ သိလား'' ဟုမေးရာ အမှန်တကယ် ကျွန်မ မသိပါ။ ကျွန်မ သိသည်က လက်ပံပင်သည် မြင့်ပါသည်။ လက်ပံပွင့်သည် လှပါသည်။ ကြိုက်သူများ အတွက် အရသာမှာ ကောင်းပါသည်။ မနှစ်သက် သူများ အတွက်ကတော့ အမှိုက်ရှုပ်သည် ဟုသာ သိပါသည်။ ''ကျွန်မ မသိပါဘူး'' ဟု ဖြေလိုက်ရာ ''အင်း မသိရင် မှတ်ထားကွဲ့၊ လက်ပံပွင့် ပွင့်ဖို့အတွက် အရင်ဆုံး ပွင့်ဖတ် အစိမ်းလေး တွေကို ခွဲထွက် ရတယ်၊ အဲဒီ ပွင့်ဖတ်လေး တွေကိုခွဲပြီး ထွက်လာမှ အခုလူတွေ လှတယ်လို့ ပြောပြော နေကြတဲ့ ပွင့်ဖတ် အနီရောင်လေး တွေကို မြင်နိုင် တာကွဲ့''။ ဟူသော အဖြေကို ကြားလိုက်ရမှ ''အော်...ကျွန်မ အခုမှ ခံစားမိတော့ သည်။ လှပတဲ့ ဘဝတွေ မှာလဲ ကြမ်းတမ်းတဲ့ နေ့ရက်တွေ ဆိုတာ ရှိခဲ့ တာပါပဲ။ ကျွန်မတို့က အလှအပကို အမြင်နဲ့သာ တွေးပြီး ကိုယ်လိုရာ
ဆွဲခံစား ခဲ့ကြတာ မဟုတ်ပါလား။ ဆက်လက်ပြီး ''အေး... ပြီးတော့ တို့လက်ပံပင်ရဲ့ အရိပ်ကိုခို အပွင့်ကိုစား၊ ဒါတွေ ထားတော့ တချို့ပဉ္စ လက်သမား တွေက လက်ပံခေါက် ကိုခွာ၊ ထွက်လာတဲ့ အစေးနဲ့ လူတွေကို မျက်လှည့် ပြကြ သေးတယ်ကွဲ့''။ ''ဘယ်လို ဘယ်လို ဘုရား ဘုရား'' ကျွန်မ အံ့သြစွာ ရေရွတ်မိသည်။ ''ဘယ်လိုများ လဲရှင်။ ကျွန်မ မသိရ ပါလား''ဟုမေးရာ ''အေး...လက်ပံခေါက် ကထွက်တဲ့ အစေးက အပူခံ တယ်ကွဲ့။ ပြီးတော့ မီးလောင်နိုင်တဲ့ သတ္တိရှိတယ်။ တချို့လူတွေ က အဲဒါကို ကိုယ်မှာ သုတ်လိမ်းပြီး တစ်ကိုယ်လုံး မီးရှို့ပြတယ်။ မီးရှို့ တာတောင် မီးမလောင်ဘူး ဆိုပြီး မျက်လှည့်ပြတဲ့ နေရာမှာ အသုံးချ ကြသေး တယ်ကွဲ့''။ သြော်...အလိမ်အညာ မကင်းတဲ့ လောကထဲမှာ သစ်ပင်တောင် မနေရအောင် ဆွဲသွင်း နေကြ တာပါလား''ဟု ကျွန်မ ခံစားမိသည်။ လောကတွင် အရိပ်နေနေ အခက်ချိုးချိုး လူတွေရှိ နေသရွေ့ အပင်တွေရဲ့ ရှင်သန်ခြင်း ကလဲ မျက်နှာပန်း မလှနိုင်ပေ။
အပင်မြင့်လျှင် လေတိုက်ခံ ရမည် မှန်သော်လည်း ထိုအပင် ဘယ်က စခဲ့သည် ကိုတော့ သိစေချင်သည်။ အရိပ်ရလျှင် ခိုမည်။ အရိပ် မလိုလျှင် ခုတ်မည်။ ထိုသို့သော သဘော ကိုတော့ မနှစ်မြို့ လှပေ။ ကျွန်မတို့ အနေဖြင့်လည်း မြင့်သော သူတို့ အောင်ပွဲခံ နေချိန်တွင် နိမ့်သော နေရာမှ သူတို့ဘဝ တွေကို ခဏပြန်ကြည့် စေချင်သည်။ သူတို့လည်း အမြင့် ရောက်သည်နှင့် ပျော်နေမည်ဟု မထင်ပေ။ လက်ပံပင် လိုပဲ အရိပ်လိုသူ က အရိပ်ခိုမည်။ အရသာ ကြိုက်သူက စားသုံးမည်။ ကောင်းမွန်စွာ အသုံးချ တတ်သူက ဆေးအဖြစ် သုံးမည်။ ပဉ္စလက် သမားက အားသာ ချက်ကို အသုံးချကာ ကိုယ်ကျိုး အတွက် သုံးမည်။ မည်သို့ပင် ဆိုစေလက်ပံ ဆိုသော အပင်ကြောင့် တစ်ယောက်ချင်းစီ ၏ လိုအပ်ချက်များ ကိုက်ညီ သွားကြပြီး လိုဘ ပြည့်သွား ကြသည် မဟုတ်ပါလား။
အတွေးတွေ လွန်နေခိုက် လေတစ်ချက် အတိုက်တွင် လက်ပံပွင့် တွေ တဖုန်းဖုန်းနှင့် ကြွေကျ လာသည်။ ထိုအသံသည် သာယာသံ တော့ မဖြစ်နိုင်ပေ။ လက်ပံပင်၏ မမြင်နိုင်သော တစ်နေရာမှ ခံစားမှုအသံ ''ရင်ထုသံ'' သာ ဖြစ်ပေ လိမ့်မည်။
No comments:
Post a Comment