နွေရာသီ ကောက်ကြောင်းအစ
နွေရာသီ ပန်းချီကား တစ်ချပ်ဆွဲရန် ကျွန်မ စတင် ပြင်ဆင် လိုက်သည်။ သည်တစ်ချပ် နှင့်ဆိုလျှင် နွေရာသီ ပန်းချီကား (၃၁)ချပ် ပြည့်ပြီ။ တစ်နှစ် နှင့် တစ်နှစ် မတူနိုင်သော ဆေးရောင် များဖြင့် ပြောင်းလဲ ရေးဆွဲ ခဲ့ရသည်။အဘယ့်ကြောင့် ဆိုသော် ရာသီဥတု နှင့် နွေရာသီမှာ ဆက်စပ် နေခြင်း ကြောင့်ပင်။ ထို့အတူ ပန်းချီ ဆိုသည် မှာလည်း ထိုအရာ များနှင့် ဆက်စပ် နေသည် မဟုတ်ပါလား။
ပန်းချီကား များမှာ တစ်နှစ်ထက် တစ်နှစ် အရောင်တွေ ပို၍လင်း လာသည်။ နေရောင်၏ စူးရှမှုမှာ ပန်းချီကား တစ်ချပ်လုံး ကို ပိုမို စိုးမိုးလာ ခဲ့သည်။ နောင်နှစ် များတွင် ပန်းချီကားမှာ ပတ်ဝန်းကျင် အနေအထား၊ သဘာဝ ပုံရိပ်များ မမြင်ရ လောက်အောင်ပင် အဝါရောင်၊ အဖြူရောင် များဖြင့် ပြည့်နေ မည်လား မပြောတတ်ပေ။ ယခုတော့ နွေဦး အစမို့ ဝါ၊ စိမ်း၊ ကြား သစ်ရွက်လေး တွေနှင့် လှပ နေပေဦးမည်။ အရွက်ဗလာ ကျင်းသည့် ရိုးတံရင်း အပင်များ ကလည်း တစ်မျိုး အလှဆင် ဦးမည်။ ကောင်းကင်၏ ကြည်လင်မှု ကိုလည်း ကောင်းစွာ မြင်ရ သေးသည်။ သည်အထဲ တွင်မှ ထူးထူးခြားခြား ပုံရိပ်အချို့ လည်း ပါဝင် ပေဦးမည်။
နွေရာသီ စလျှင် ကလေးတွေလည်း ကျောင်းပိတ်ချိန် ရောက်လေပြီ။ ကလေးများ ပြေးလွှား ဆော့ကစား နေကြသည့် မြင်ကွင်းကတော့ ရိုးမသွားပေ။ တချို့ ကလေးများ နွေရာသီ ဗုဒ္ဓဘာသာ သင်တန်း၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာ စသည်ဖြင့် မိဘများ လက်ကို ဆွဲလျက် တစ်မျိုး၊ ကိုယ်တိုင် စက်ဘီး ကလေးများဖြင့် တစ်ဖုံ၊ အမျိုးမျိုး အစုံစုံသော အနေအထား များဖြင့် သင်တန်းသွား နေကြသည်။ တစ်နေ့ ကျွန်မတို့ အနီးနား ရှိ ကွန်ပျူတာ သင်တန်း တစ်ခုသို့ ကလေးများ အဖွဲ့လိုက် ရောက်လာသည်။ သင်တန်း မစခင် သင်တန်းရှေ့ ခုံတန်းလျားတွင် ကလေး အသီးသီး မုန့်စား၍ သော်လည်းကောင်း၊ နှစ်သက်ရာ စကားပြော ငြင်းခုံ ကြရင်းဖြင့် စောင့်နေ ကြသည်။ ထိုအချိန်တွင် ကလေး သုံးယောက် အပြေးရောက် လာပြီး တစ်ယောက်က ထိုင်နေသော ကလေးများ ဘက်သို့ ''မင်းတို့ သင်တန်း လာတက် တာလား'' ကလေး တစ်ယောက်က ''အေး ဟုတ်တယ်။ မင်းကရော အင်္ကျီတွေ ကလဲ ပေလို့ပါလား။ ကစားလာတာ လား'' ဟုမေးရာ ထိုကလေး ပြန်အဖြေတွင် အနီးမှ ကျွန်မပင် မျက်ရည် ကျမိသည်။ ''မဟုတ်ပါ ဘူးကွ။ ငါတို့က ဟိုနားက ဆိုင်ကယ် ပြင်ဆိုင်မှာ အလုပ် လာကူတာ။ ကျောင်းတက်ရင် စရိတ် ရအောင်။ မင်းတို့ ကွန်ပျူတာ သင်တန်း တက်တာ ကောင်းတယ်။ ငါတို့ဆိုင်ကနေ သင်တန်းလာ တက်တဲ့ သူငယ်ချင်း တွေကို အမြဲကြည့် နေတာကွ။ အလုပ် မအားလို့ မလာရတာ'' ။ ထိုကလေး ထံတွင် အားငယ်သော၊ သိမ်ငယ်သော အကြည့်
နှင့် အမူအရာမျိုး မတွေ့ရ။ အရွယ်နှင့် မလိုက်အောင်ပင် ဘဝကို ကျရာ တာဝန်ယူရင်း ကျော်ဖြတ် သွားရန် ပြင်ဆင် ထားပုံရသည်။
ကျွန်မတို့ အစ်ကို၊ အစ်မများ ကျောင်းနေစဉ် ရှစ်တန်း၊ ကိုးတန်း ဆိုလျှင် ကျောင်းသား ကြီးများ ဖြစ်နေကြပြီး ကိုယ်တိုင် ရပ်တည် နိုင်သော အနေအထားမှာ ကျောင်းမှ သော်လည်းကောင်း၊ မိဘမှ သော်လည်း ကောင်း အားထား ရသော အသွင်သဏ္ဌာန် ပေါ်လွင် လှသည်။ ကျွန်မတို့ ရှစ်တန်း၊ ကိုးတန်း အချိန်မှာတော့ ရင်ခွင်ပိုက် ကလေးငယ် ပမာ မိဘနောက်က တကောက်ကောက် လိုက်ကာ မိဘ ညွှန်ကြားချက် အတိုင်း လိုက်နာ ခဲ့ရသည်။ ယခု ကလေးများမှာ ကျွန်မတို့ ထက်ပင် ငယ်ရွယ်လွန်း လှသည်။ သို့သော် သူတို့ ကိုယ်တိုင် ဘဝကို တည်ဆောက် နေကြရသည်က ဘာကို အကြောင်းရှာ အပြစ်ဖွဲ့ ရမည်နည်း။ ကျွန်မတို့ ငယ်ငယ် အဖေ တစ်ယောက်တည်း ရှာတာကို မိသားစု တစ်စုလုံး ဝမ်းဝရုံ အပြင် လှအောင်ပါ ဆင်နိုင် ခဲ့သည်။ ယနေ့ အချိန်တွင် မိသားစု အားလုံး အရွယ်ရောက် သူတိုင်း အလုပ်လုပ်မှ ဝမ်းဝအောင် စားနိုင်သည့် အခြေ အနေ၊ အရင်က ဒီအရွယ် ဆိုလျှင် မိဘ အရိပ်အောက် မုန့်ဖိုးတောင်း၊ ကစား နေရမည့် အရွယ်၊ အခုတော့ အများ လက်ခံ မထားသည့် ''ကလေး အလုပ်သမား'' အဖြစ် နွေရာသီ အချိန်များကို ထို ကလေးများ မှာ ကျော်ဖြတ် ကြရမည် ဖြစ်သည်။
မနှစ်က ကျွန်မ ပန်းချီကားတွင် မူလတန်း အဆင့်ထိ ကျောင်းဝင်ကြေး ကင်းလွတ်ခွင့် သတင်းကြောင့် ကလေး မိဘများ ပျော်ရွှင် နေကြသည့် ပုံရိပ်လေး များကို ထည့်သွင်း ရေးဆွဲ ထားသည်။ နွေရာသီ၏ အပူရောင် သန်းသည့် နေရာများတွင် အပြုံးများဖြင့် အစားထိုးကာ အလှဆင် ခဲ့သည်။ ယခု ပန်းချီကား တွင်တော့ ပတ်ဝန်းကျင် တွင် အရွက်ကြွေများ များလွန်း လှသည်။ နေရောင်မှာ ပိုမို တောက်ပ နေသည်။ ရိုးတံပေါ်မှာ အရွက် ဗလာဖြင့် သစ်ပင်များ ပါဝင်လာသည်။ စိမ်းတစ်ဝက် ဝါတစ်ဝက် အပင်တွေ အထက်က နွေဥသြ၏ ပုံမှာတော့ သာယာသော သံစဉ် သင်္ကေတ လေး ချန်ထား ခဲ့သည်။ နောက်တော့ သင်တန်း သွားသော ကလေးအချို့ ပုံနှင့် သင်တန်းကြို၊ ပို့သော မိဘများ။ အဲဒီနောက် မှာတော့ ဆိုင်ကယ် ပြင်ဆိုင်မှ ကလေးငယ် များ၏ ပုံကိုတော့ ခပ်ရေးရေး ဆွဲထည့် ရန် ကောက်ကြောင်း ကို ဖွင့်လိုက် သည်ဆိုလျှင်ပင် အော်... ဒီနှစ်
ကောက်ကြောင်း မှာ စကတည်း ကပင် လေးလံလွန်း လှပါလား ....
မဒါလေး
No comments:
Post a Comment