သိကြားမင်းမှာတမ်း
ဂိမှာန်နွေလ ၊ သင်္ကြန်ကျလျှင်
မာဃမည်ခေါ် ၊ နတ်ဘိုးတော်သည်
မိုးပေါ်ကဆင်း ၊ လူ့ပြည်ချဉ်း၍
သတင်းထောက်လှမ်း တတ်သည်တဲ့ .. ။
ခွေးရေပုရပိုက်
ရွှေပုရပိုက်တွင် ၊ လူမိုက်လူကောင်း
မပူးပေါင်းဘဲ ၊ တန်းစားခွဲပြီး
ရေးဆွဲမှတ်သား ၊ ဆောင်ယူသွားကာ
တရားစီရင် တတ်သည်တဲ့ .. ။
ကြံကာဖန်ကာ ပြောတတ်ပါဘိ
လူ့ရွာမြေဖွား ၊ သူကောင်းသားတို့
ငါ့အားနတ်အ ၊ မမှတ်ကြနှင့်
ဘ၀ထိုထို ငါအံတိုပြီ။
လောဘဒေါသ
မောဟထွေပြား ၊ တဏှာများဖြင့်
ပျော်ပါးကြပေ ၊ သင်တို့တွေသည်
ရွှေပုရပိုက် ၊ ရေးတင်လိုက်ဖို့
ထိုက်တန်ရဲ့လား ၊ ပြန်စဉ်းစားဦး။
ငါးပါးသီလ ၊ ဆိုမပြနှင့်
ငါကဥဿုံ ၊ ကြားမြင်စုံမို့
မလုံသည့်အိုး ၊ တုတ်မထိုးဘဲ
မမိုးဘဲနှင့် ၊ လန့်ကွဲနေမှ
အရှက်ရလိမ့်။
မေတ္တာရှေ့ထား ၊ ငါသိကြားက
ကောင်းစားစေမှု ၊ အကြံပြုမည်
မုသာဝါဒါ ၊ တစ်ခုသာလျှင်
ဝေရာမဏိ ၊ ရှောင်ကြဉ်ကြည့်လိုက်
သေမည့်ဘယာ ၊ ရှိစေကာမူ
သေသာသေမည် ၊ မလိမ်ပြီဟု
တည်ကြည်ရှေးရှု ဓိဋ္ဌာန်ပြုလော့။
ဤသို့ပြုရ ၊ မြတ်သီလကြောင့်
အောက်ကမြေကြီး ၊ ရွှေပင်သီးအောင်
ကောင်းချီးပေးကာ ၊ ငွေမိုးရွာမည်
ဣန္ဒာဒေ၀ မှာတမ်းတည်း ။ ။
( မိုးခေါင်မြေ ကျောက်စိမ်း )
၂၀၁၄ ခုနှစ် ၊ ဧပြီလထုတ် မြ၀တီရသစုံမဂ္ဂဇင်း ကဗျာကဏ္ဍမှ
No comments:
Post a Comment