www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 24, 2014

ပညာရေး ဖွံ့ဖြိုးတိုးတက်စေရန် ၀ိုင်းဝန်းဖော်ဆောင်


ပညာရေး ဖွံ့ဖြိုးတိုးတက်စေရန် ၀ိုင်းဝန်းဖော်ဆောင်

မြန်မာနိုင်ငံ သည် အေးချမ်း တည်ငြိမ်၍ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် စက်မှုနိုင်ငံ ဖြစ်စေရန် ဒီမိုကရေစီ စနစ်ဖြင့် အဘက်ဘက်မှ အရှိန်အဟုန်မြှင့် ကြိုးပမ်း ဆောင်ရွက် နေချိန်တွင် နိုင်ငံတကာ မှ ရင်းနှီး မြှုပ်နှံမှုများ မြန်မာနိုင်ငံ အတွင်း စီးဝင် လာပြီ ဖြစ်သည်။ ထိုသို့ စီးဝင် လာချိန်တွင် မြန်မာနိုင်ငံ အတွင်း လူဦးရေ နှင့် သဘာဝ သယံဇာတများ အများအပြား ရှိသော်လည်း အရည်အချင်း ပြည့်ဝသည့် လူသား အရင်းအမြစ် များ လုံလောက်မှု မရှိသေးဘဲ ဖြစ်နေသည်။

၂၁ ရာစုတွင် နိုင်ငံများ၏ စီးပွားရေး နှင့် လူမှုရေး သာယာ ဝပြောမှုများ ကောင်းစွာ ရရှိနိုင်ရေး အတွက် နိုင်ငံသား များ၏ လက်ရှိ ပညာရေး စွမ်းရည် အပေါ်များစွာ မူတည်လျက် ရှိသည်။ ထို့ပြင် သဘာဝ သယံဇာတ များကိုသာ အခြေခံသည့် စီးပွားရေး စနစ်မှ လူသား အရင်းအမြစ် ကို အခြေခံ သည့် စီးပွားရေး ဆီသို့  ဦးတည် လျှောက်လှမ်း ရာတွင် ပညာရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရန် လိုသည်။

လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ် ပေးသည့် အခြေခံ အဆောက်အအုံ များ ဖွံ့ဖြိုး တိုးတက် လာမှသာ အေးချမ်း တည်ငြိမ်၍ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် စက်မှုနိုင်ငံ တည်ဆောက်ရေး ဖော်ဆောင် နိုင်မည် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်သည် နှစ် ၃ဝ နှစ်ရှည် စီမံကိန်းများ ချမှတ်၍ ဆောင်ရွက် ခဲ့ရာ အခြေခံ ပညာရေးနှင့် အဆင့်မြင့် ပညာရေး အဖြစ် နှစ်ခု ခွဲထားပြီး အခြေခံပညာ ရေးတွင် Grade-11 အထိ သင်ကြားစေပြီး အဆင့်မြင့် ပညာရေးတွင် တက္ကသိုလ် ပညာသင်နှစ် လေးနှစ် သတ်မှတ် ခဲ့သည်။ ထိုသို့ ပြောင်းလဲ သင်ကြား စေခြင်းဖြင့် အရည်အချင်း ပြည့်ဝသည့် လူသား အရင်းအမြစ်များ ပေါ်ထွန်း လာမည် ဖြစ်သည်။

ထို့ပြင် အခြေခံ ပညာရေးတွင် ယခင်နှစ်က မူလတန်း အဆင့်ကို အခမဲ့ ပညာရေးစနစ် ထူထောင် ခဲ့ပြီး လာမည့် ၂ဝ၁၄- ၂ဝ၁၅ ပညာ သင်နှစ်တွင် မူလတန်း အဆင့်မှ အလယ်တန်း အဆင့် တိုးမြှင့်၍ အခမဲ့ ပညာရေး စနစ်ကို ကျင့်သုံး သွားရန် စီစဉ် ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။ ထိုသို့ ပညာရေး အဆင့်မြှင့်တင် ဆောင်ရွက်မှု နှင့်အတူ အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက ဟူသည့် ဆောင်ပုဒ်နှင့် အညီ ပညာရေး လောကမှ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူ များ၊ မိဘများ၏ စည်းကမ်းတကျ ပညာသင်ကြား၊ သင်ယူမှု၊ ထောက်ပံ့မှု များ ဖြစ်စေရန် လည်း ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်သည်။

ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် လိုအပ် နေသော ငွေကြေး အရင်းအနှီး ရုပ်ပိုင်း ဆိုင်ရာ အရင်းအနှီးများ အပြင် လူသား အရင်းအမြစ်၊ အရင်းအနှီး များသည်လည်း အဓိက အရေးကြီးသည့် အရင်းအနှီး ဖြစ်၍ လူသား အရင်းအနှီး ပြည့်ဝရေး ကြိုးစား ရမည် ဖြစ်သည်။ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ စသည့် နိုင်ငံများသည် သဘာဝ သယံဇာတ နည်းပါး သော်လည်း လူသား အရင်းအမြစ် ပြည့်စုံမှု ကြောင့် ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံအဖြစ် ရပ်တည် လာနိုင်သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ တွင် လုပ်အား အရင်းအမြစ်၊ သဘာဝ သယံဇာတ အရင်းအမြစ် များ ပြည့်စုံစွာရှိ နေပြီးဖြစ်ရာ အရည်အချင်း ပြည့်ဝသည့် လူသား အရင်းအမြစ်များ ပြည့်စုံ လာပါက ခေတ်မီ ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်သစ် တည်ဆောက် ရေးမှာ အခက်အခဲ မရှိ အောင်မြင်မည် ဖြစ်သည်။

ထို့ကြောင့် မြန်မာ့ ပညာရေးကို အာဆီယံ နိုင်ငံများ၊ ကမ္ဘာ့ နိုင်ငံများမှ ပညာရေး စနစ်ကို နမူနာ ယူ၍ ထိုနိုင်ငံများ နည်းတူ တိုးတက် အောင် ဆောင်ရွက် သွားရန် လိုသည်။

သို့ဖြစ်ရာ နိုင်ငံသား များ၏ လူ့စွမ်းအား အရင်းအမြစ် တိုးတက်စေရန်၊ ပညာရည် ထူးချွန်၍ ယဉ်ကျေးသည့် နိုင်ငံသားများ ပေါ်ထွန်း လာစေရန် နိုင်ငံတော် က သာမက မိဘ၊ ဆရာ နှင့် ကျောင်းသား၊ ကျောင်းသူများ ကလည်း ကျရာ နေရာမှနေ၍ ပညာရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက် လာစေရန် ဝိုင်းဝန်း ဖော်ဆောင် သွားကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger