www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, December 1, 2013

လွှတ်တော် နှင့် လွှတ်တော်ကိုယ်စားလှယ်များ ကဏ္ဍ


လွှတ်တော် နှင့် လွှတ်တော်ကိုယ်စားလှယ်များ ကဏ္ဍ

အယ်ဒီတာ့အာဘော်
(၁-၁၂-၂၀၁၃)

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် တည်ငြိမ် အေးချမ်းမှု နှင့် ဖွံ့ဖြိုး တိုးတက်ရေး ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု နှင့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အရှိန် အဟုန် မြှင့် ဆောင်ရွက်ရေး တို့ကို ပြည်ထောင်စု လွှတ်တော် က ဆောင်ရွက်လျက် ရှိသည်။ လုပ်ငန်းစဉ်များ ဆောင်ရွက် ရာတွင် ပြည်သူတို့၏ ဆန္ဒ သဘောထား နှင့်အညီ ရွေးချယ် ထားသည့် လွှတ်တော် ကိုယ်စားလှယ်များ နှင့်အတူ ပြည်သူတို့က အတည်ပြု ပေးလိုက်သော ၂ဝဝ၈ ခုနှစ် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည် စာရင်း တင်သွင်းသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် များလည်း ပါဝင်၍ ဥပဒေများ ပြင်ဆင်ခြင်း ၊ ပယ်ဖျက်ခြင်း နှင့် အသစ် ပြဋ္ဌာန်းခြင်း တို့ကို ခေတ်စနစ် နှင့် လိုက်လျော ညီထွေ ရှိစေရန် ဆောင်ရွက် နေကြသည်။

လွှတ်တော် ကိုယ်စားလှယ် များသည် လွှတ်တော် အတွင်း၌ ပြည်သူများ၏ ဆန္ဒများကို မေးခွန်းများ မေးမြန်းခြင်း ၊ အဆိုများ တင်သွင်းခြင်း ၊ ဥပဒေကြမ်း အတည်ပြုခြင်း စသည့် တာဝန်တို့ကို ထမ်းဆောင် ကြရာ၌ ပါတီစွဲ ၊ ဝါဒစွဲ ၊ ဒေသစွဲ ၊ လူမျိုးစွဲ ၊ ဘာသာစွဲ မထားကြဘဲ နိုင်ငံတော်တွင် ဒီမိုကရေစီ စနစ် ပိုမိုရှင်သန် ခိုင်မာရေး ကို တူညီသော ရည်မှန်းချက် ထား၍ ဒီမိုကရေစီ ကျင့်စဉ်များ နှင့်အညီ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက် ခဲ့ကြသဖြင့် အောင်မြင်မှုများ ရရှိနေပြီ ဖြစ်သည်။

ဒီမိုကရေစီ စနစ် ကျင့်သုံး ခဲ့သည့်ကာလ နှစ်ပေါင်း ၂ဝဝ ကျော်ခဲ့ပြီ ဖြစ်သော အမေရိကန် ပြည်ထောင်စု တွင် ယခုနှစ် စက်တင်ဘာ အတွင်းက ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ ဥပဒေ မူကြမ်းတွင် ဝန်ဆောင်မှု အသုံး စရိတ်နှင့် စပ်လျဉ်း၍ ရီပတ်ဘလီကန် အမတ်များ နှင့် ဒီမိုကရက် အမတ်များ သဘောထား ကွဲလွဲခဲ့ ကြသည်။ မစ်ဆိုရီ ပြည်နယ်ရှိ ဖို့ဒ် မော်တော်ကား စက်ရုံသို့ စက်တင်ဘာ ၂ဝ ရက်တွင် သမ္မတ ဘားရက် အိုဘားမား ရောက်ရှိစဉ် ၄င်းကိစ္စ နှင့် ပတ်သက်၍ ပြောကြားရာ ၌ ရီပတ်ဘလီကန် အမတ်များသည် အမေ မှာသည့် ဆန်တစ်ခွဲ သုံးစိတ်နှင့် မလဲ ဆိုသည့် သဘောထား ( brinkmanship ) ကို ရပ်တန့် ကြရန်နှင့် နိုင်ငံ စီးပွားရေး အတွက် ထိခိုက် နိုင်သော ကြမ္မာဆိုးကို မိမိတို့ ကိုယ်တိုင် ဖန်တီးသည့် လုပ်ရပ်များမှ ရှောင်ရှား ကြရမည် ဖြစ်ကြောင်း ပြောကြား လိုက်ပြီး ရီပတ်ဘလီကန် အမတ်များ သည် စီးပွားရေး ထက် နိုင်ငံရေးကို ပို၍ စိတ်ဝင်စား ကြသူများ ဖြစ်ကြောင်း ( The Republicans are more interested in polities than the ecomomy ) ကောက်ချက်ချ ပြောကြား သွားသည်။

အမေရိကန် ပြည်သူတို့ အတွက် ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ အသုံးစရိတ် နှင့် စပ်လျဉ်းသော ဥပဒေ ကို သမ္မတ အိုဘားမား က တင်သွင်းခြင်း သည် သူကြီးဘုရား ရွာသား ကောင်းမှု ဆိုသော အဓိပ္ပာယ် ဖြင့် Obamacare ဟု ရီပတ်ဘလီကန် တို့ သရော် ကြသည်။ ယခု အချိန်တွင် ထိုဥပဒေ အတည်ပြုရန် ထောက်ခံမဲ ၆ဝ လိုနေ သေးကြောင်း သိရသည်။

ဤ ဥပဒေသည် အမေရိကန် ပြည်သူတို့နှင့်သာ သက်ဆိုင် သော်လည်း သမ္မတ အိုဘားမား ပြောသွားသော ရီပတ်ဘလီကန် တို့သည် စီးပွားရေးထက် နိုင်ငံရေးကို ပို၍ စိတ်ဝင်စား ကြသူများ ဖြစ်သည် ဆိုသော စကားအရ ဒီမိုကရေစီ သက်တမ်းရင့် နေပြီဖြစ်သော အမေရိကန် ပြည်ထောင်စု ရှိ လွှတ်တော်အမတ် (ကိုယ်စားလှယ်) တို့သည် ပင်လျှင် စွယ်စုံရ ပုဂ္ဂိုလ်များ မဟုတ်ကြ သည်ကို သတိပြု ရမည် ဖြစ်ပါကြောင်း။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger