www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 27, 2018

UPR လုပ်ငန်းစဉ်သည် မိမိတို့နိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ ဖွံ့ဖြိုးတိုးတက်မှုများကို ကမ္ဘာကသိစေရန် စနစ်တကျ ဖော်ထုတ်ပြသခွင့်ရမည့် အခွင့်အရေးဖြစ်

UPR လုပ်ငန်းစဉ်သည်  မိမိတို့နိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ ဖွံ့ဖြိုးတိုးတက်မှုများကို ကမ္ဘာကသိစေရန် စနစ်တကျ ဖော်ထုတ်ပြသခွင့်ရမည့် အခွင့်အရေးဖြစ်
-
နေပြည်တော် ဒီဇင်ဘာ ၂၆ 
-
ကမ္ဘာ့နိုင်ငံ အားလုံး၏  လူ့အခွင့်အရေး အခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review-UPR) အကြံပြု တိုက်တွန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး အမျိုးသားအဆင့် ကော်မတီ၏  ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထဲရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြား သည်။ 
-
အစည်းအဝေးသို့ ကော်မတီဒုတိယဥက္ကဋ္ဌ များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒေါက်တာဝင်းမြတ်အေး၊ ဦးကျော်တင်နှင့် ပြည်ထောင်စုရှေ့နေချုပ်  ဦးထွန်းထွန်းဦး၊ ကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ  ဦးဝင်းမြ၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသော ဗိုလ်ချုပ်အောင်သူ၊ ဗိုလ်ချုပ်မြင့်နွယ်၊ ဗိုလ်ချုပ်သန်းထွဋ်၊ ဦးခင်မောင်တင်၊ ဦးအောင်လှထွန်း၊ ဒေါက်တာမြလေးစိန်နှင့် ဦးဆက်အောင်၊  အမြဲတမ်း အတွင်းဝန်များ၊  ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး၊ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 
-
အစည်းအဝေးတွင်  ဒုတိယသမ္မတက Universal   Periodic Review(UPR) ဆိုသည်မှာ ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေး အခြေအနေကို  ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ်ဖြစ်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အမှတ်(၆၅/၂၅၁) အရ  ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် UPRပထမအကျော့ (First Cycle)ကို ၂ဝ၁၁ ခုနှစ်တွင် လည်းကောင်း၊ ဒုတိယအကျော့ (Second Cycle)ကို ၂ဝ၁၅ ခုနှစ်တွင် လည်းကောင်း အစီရင်ခံစာများကို သက်ဆိုင်ရာ အကျော့အလိုက် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးသို့ ပေးပို့တင်ပြခဲ့ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီတွင်    သုံးသပ်မှု ခံယူခဲ့သည်ကို တွေ့ရှိရကြောင်း။ 
-
ဒုတိယအကျော့ (Second Cycle) သုံးသပ်မှု ခံယူခဲ့စဉ်က အဖွဲ့ဝင်နိုင်ငံပေါင်း ၉၃ နိုင်ငံ၏ အကြံပြု တိုက်တွန်းချက်ပေါင်း  ၂၈၁ ချက်တွင် ၁၆၆ ချက်ကို လက်ခံခဲ့ကြောင်း၊ လက်ခံခဲ့သည့် အကြံပြုချက်များနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ၂ဝ၁၆ ခုနှစ် သြဂုတ် ၉ ရက်နှင့် ၁ဝ ရက်တို့တွင် နေပြည်တော်၌ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဦးဆောင်၍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း။ 
-
ထို့အတူ ၂ဝ၁၈ ခုနှစ် ဇွန် ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် နေပြည်တော်၌ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်နှင့် The Lutheran World Federation(Myanmar) တို့ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကိုလည်း ထပ်မံကျင်းပခဲ့ကြောင်း၊ အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲများမှ ရရှိခဲ့သည့် ရလဒ်များအပေါ် အခြေခံ၍ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ နိုင်ငံတော်သမ္မတရုံးသို့ အကြံပြုတင်ပြခဲ့ရာနိုင်ငံတော်သမ္မတရုံးက ၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၁၉ ရက်တွင် Universal Periodic Review(UPR) အကြံပြု တိုက်တွန်းချက်များ  အကောင်အထည်ဖော် ဆောင်ရွက်ရေး အမျိုးသားအဆင့်  ကော်မတီကို လုပ်ငန်းတာဝန်(၅)ရပ် ချမှတ်ကာ အဖွဲ့ဝင် ၂၅ ဦးဖြင့်   ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ကြောင်း။ 
-
၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၁၂ ရက်တွင် အမျိုးသားအဆင့် ကော်မတီ၏ အကြိုလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကော်မတီ အတွင်းရေးမှူး  ပြည်ထဲရေး ဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးဆောင်၍ တာဝန်ရှိသူများနှင့် ကျင်းပခဲ့ကြောင်း၊ အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံက လက်ခံခဲ့သည့် အကြံပြုတိုက်တွန်းချက်များနှင့် ပတ်သက်၍  အကောင်အထည် ဖော်ဆောင်ရွက်ရမည့် ကဏ္ဍ(၁၂)ရပ်အတွက် တာဝန်ခံဝန်ကြီးဌာန၊ အဖွဲ့အစည်းများကို သတ်မှတ်နိုင်ခဲ့ကြောင်း၊ အဆိုပါကဏ္ဍ(၁၂)ရပ် အတွက် တာဝန်ခံ ဆောင်ရွက်ရမည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှာ''အဓိက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စာချုပ်များတွင်ပါဝင်ချုပ်ဆိုရန် ကိစ္စရပ်(၄၁)ရပ်''နှင့်စပ်လျဉ်း၍ နိုင်ငံခြားရေး ဝန်ကြီးဌာနက လည်းကောင်း၊ ''အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် စပ်လျဉ်းသည့် ကိစ္စရပ်(၇)ရပ်'' နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်က လည်းကောင်း၊ ''ကုလသမဂ္ဂ လူ့အခွင့်အရေး ယန္တရားနှင့် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်(၄)ရပ်'' နှင့် စပ်လျဉ်း၍  အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက လည်းကောင်း၊ ''ဒီမိုကရေစီရေး၊  ငြိမ်းချမ်းရေး၊  တရားဥပဒေစိုးမိုးရေးနှင့်   လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်(၁၉)ရပ်'' နှင့်စပ်လျဉ်း၍   ပြည်ထောင်စုရှေ့နေချုပ်ရုံးက လည်းကောင်း၊''စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး ကိစ္စရပ်(၁၂)ရပ်'' နှင့်စပ်လျဉ်း၍  စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက လည်းကောင်း၊ ''ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖော်ဆောင်ရေး ကိစ္စရပ်နှင့် မြေသိမ်းမှုကိစ္စရပ်(၁ဝ)ရပ်''နှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာနက လည်းကောင်း၊ ''ကျား/မ တန်းတူရည်တူရှိမှုမြှင့်တင်ရေးကိစ္စနှင့် ထိခိုက်ခံစားလွယ်သော အုပ်စုများ ကာကွယ်ရေး ကိစ္စရပ်(၁၅)ရပ်၊ ခွဲခြားမှုမပြုရေး ကိစ္စရပ်(၁၅)ရပ်''တို့နှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက လည်းကောင်း၊ ''ကျန်းမာရေးနှင့် ပညာရေး ကိစ္စရပ်(၁၃)ရပ်'' နှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာနကလည်းကောင်း၊ ''ဘာသာပေါင်းစုံ ချစ်ကြည်ရေးကိစ္စ၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်ကိစ္စရပ်(၁၈)ရပ်'' နှင့်စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကလည်းကောင်း၊''နိုင်ငံသားစိစစ်ရေးကိစ္စ၊ ပြည်တွင်းနေရပ် စွန့်ခွာရွှေ့ပြောင်းနေရသူများ ကိစ္စနှင့် လူကုန်ကူးခြင်း ကိစ္စရပ်(၇)ရပ်'' နှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက လည်းကောင်း၊ ''အပစ်အခတ်ရပ်စဲရေးနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ကိစ္စရပ်(၅)ရပ်''နှင့်စပ်လျဉ်း၍ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတို့က လည်းကောင်း တာဝန်ယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။ 
-
၂ဝ၂ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက တတိယ အကျော့အဖြစ် သုံးသပ်မည်ဖြစ်ရာ ဒုတိယအကျော့၏ အကြံပြု တိုက်တွန်းချက်များအား အကောင်အထည်ဖော်မှုဆိုင်ရာ National Report ကို ၂ဝ၂ဝ ပြည့်နှစ် ဇူလိုင်လ နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်ပြီး National  Report မူကြမ်းအား ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလကုန်တွင် အမျိုးသားအဆင့် ကော်မတီသို့ တင်ပြနိုင်ရေး လျာထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စနစ်တကျ ရှိစေရန်နှင့် သတ်မှတ်ကာလအတွင်း ပြီးပြည့်စုံသည့် National Report ရရှိစေရန်အတွက် သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ အနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြစေလိုကြောင်း၊ UPR လုပ်ငန်းစဉ်သည် မိမိတို့နိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ ဖွံ့ဖြိုးတိုးတက်မှုများကို  ကမ္ဘာကသိစေရန်  စနစ်တကျ ဖော်ထုတ်ပြသခွင့်ရမည့် အခွင့်အရေးဖြစ်သည့် အတွက် သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအနေဖြင့်မိမိတို့၏ လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများကို ပီပီပြင်ပြင်နှင့် ကျစ်လျစ်စွာ ဖော်ပြနိုင်ရန် အလေးထား ဆောင်ရွက်ပေးစေလိုကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများနည်းတူ လူ့အခွင့်အရေး အခြေအနေများ တိုးတက်မှု ရှိစေရေးအတွက် ဘက် ပေါင်းစုံမှ အစွမ်းကုန်ကြိုးစား ဆောင်ရွက်လျက်ရှိသည်ကို ဖော်ပြနိုင်ရေးအတွက် National  Report တွင် ပါဝင်သင့်ပါဝင်ထိုက်သည့် ကိစ္စရပ်များ ပါဝင်စေရေးနှင့် ကျန်ရှိမှုမရှိစေရေးကို အထူးဂရုပြု ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း၊ ယခုအစည်းအဝေးသို့     တက်ရောက်လာကြသူများ အနေဖြင့်ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းများ၊ လုပ်ငန်းကော်မတီများ အလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း အကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။ 
-
ထို့နောက် ကော်မတီအတွင်းရေးမှူး ဗိုလ်ချုပ်အောင်သူက  ယခင်ဆောင်ရွက်ခဲ့သည့် UPR လုပ်ငန်းစဉ်များ၊ အကြိုလုပ်ငန်း ညှိနှိုင်းမှု အစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ထားရှိမှုများနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
-
ယင်းနောက် UPR အကြံပြု တိုက်တွန်းချက် ၁၆၆ ချက်နှင့် စပ်လျဉ်း၍ ကဏ္ဍ(၁၂)ရပ်အတွက် တာဝန်ခံ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ ဖြစ်ကြသည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ''အဓိကအပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စာချုပ်များတွင် ပါဝင်ချုပ်ဆိုရန် ကိစ္စရပ်(၄၁)ရပ်'' နှင့်''ကုလသမဂ္ဂ လူ့အခွင့်အရေးယန္တရားနှင့် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ် (၄)ရပ်''  တို့နှင့်စပ်လျဉ်း၍ လည်းကောင်း၊  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ  ဦးဝင်းမြက ''အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် စပ်လျဉ်းသည့် ကိစ္စရပ်(၇)ရပ်''နှင့် စပ်လျဉ်း၍ လည်းကောင်း၊     ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ''ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်(၁၉)ရပ်''နှင့် စပ်လျဉ်း၍ လည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဦးဆက်အောင်က ''စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်(၁၂)ရပ်'' နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတင်မြင့်က ''ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖော်ဆောင်ရေး ကိစ္စရပ်နှင့်  မြေသိမ်းမှုကိစ္စရပ်(၁ဝ)ရပ်'' နှင့်စပ်လျဉ်း၍ လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ''ကျား/မ တန်းတူရည်တူ ရှိမှုမြှင့်တင်ရေးကိစ္စနှင့်  ထိခိုက်ခံစားလွယ်သော အုပ်စုများ ကာကွယ်ရေး ကိစ္စရပ်(၁၅)ရပ်၊ ခွဲခြားမှုမပြုရေး ကိစ္စရပ်(၁၅)ရပ်''တို့နှင့်စပ်လျဉ်း၍လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့်   လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က ''ကျန်းမာရေးနှင့် ပညာရေး  ကိစ္စရပ်(၁၃)ရပ်'' နှင့်စပ်လျဉ်း၍ လည်းကောင်း၊ သာသနာရေးနှင့်   ယဉ်ကျေးမှုဝန်ကြီးဌာန  အမြဲတမ်း အတွင်းဝန် ဦးထွန်းအုံက ''ဘာသာပေါင်းစုံ ချစ်ကြည်ရေးကိစ္စ၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်ကိစ္စရပ်(၁၈)ရပ်'' နှင့် စပ်လျဉ်း၍ လည်းကောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အား ဝန်ကြီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရှိန်ဝင်းက ''နိုင်ငံသား စိစစ်ရေးကိစ္စ၊ ပြည်တွင်းနေရပ်စွန့်ခွာ ရွှေ့ပြောင်းနေရသူများကိစ္စနှင့် လူကုန်ကူးခြင်း ကိစ္စရပ်(၇)ရပ်'' နှင့် စပ်လျဉ်း၍လည်းကောင်း၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန  ဒုတိယဝန်ကြီး  ဦးခင်မောင်တင်က  ''အပစ်အခတ် ရပ်စဲရေးနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကိစ္စရပ် (၅)ရပ်''နှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်း တင်ပြကြသည်။ 
-
ထို့နောက် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ၊ ကာကွယ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊  ပြည်ထဲရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ဦးတင်မြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့က ကမ္ဘာ့နိုင်ငံအားလုံး၏  လူ့အခွင့်အရေး အခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review-UPR) အကြံပြု တိုက်တွန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးကြသည်။ 
-
ယင်းနောက်  ကမ္ဘာ့နိုင်ငံအားလုံး၏  လူ့အခွင့်အရေး အခြေအနေကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် (Universal  Periodic Review-UPR) အကြံပြု တိုက်တွန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး အမျိုးသားအဆင့် ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ  ဦးမြင့်ဆွေက ရှင်းလင်းဆွေးနွေး တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းလိုက်ကြောင်း  သိရသည်။ 
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger