www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label တပ်မတော်သတင်း. Show all posts
Showing posts with label တပ်မတော်သတင်း. Show all posts

Thursday, April 11, 2019

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ဖွင့်လှစ်သော နွေရာသီ သင်တန်းများ ဆင်းပွဲပြုလုပ်

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ဖွင့်လှစ်သော နွေရာသီ သင်တန်းများ ဆင်းပွဲပြုလုပ်
-
နေပြည်တော်​ ဧပြီ ၁ဝ 
-
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အတွင်းရှိ တပ်မတော်သား မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအတွက်ဖွင့်လှစ်သည့်ယဉ်ကျေးလိမ္မာ၊အင်္ဂလိပ်စာအခြေခံနှင့်ကွန်ပျူတာအခြေခံသင်တန်းဆင်းပွဲများကိုယနေ့နံနက်ပိုင်းတွင် တိုင်းစစ် ဌာနချုပ်၊ အမ်းတောင်ခန်းမ၌ ပြုလုပ်ရာတိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။ 
-
ဦးစွာ တာဝန်ရှိသူတစ်ဦးက သင်တန်း ဆင်းအမှာစကားပြောကြားသည်။ ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိသည့် ကျောင်း သား၊ ကျောင်းသူများကို ဂုဏ်ပြုမှတ်တမ်းလွှာ နှင့်ဂုဏ်ပြုဆုများပေးအပ်သည်။ 
-
အဆိုပါသင်တန်းများတွင် ယဉ်ကျေးလိမ္မာသင်တန်းကိုသင်တန်းသား၊ သင်တန်းသူ ၁၅ဝ ဦး၊ အင်္ဂလိပ်စာ အခြေခံသင်တန်းကိုသင်တန်းသား၊ သင်တန်းသူ ၁၂ဝ ဦး၊ ကွန်ပျူတာအခြေခံသင်တန်းကို သင်တန်း သား၊ သင်တန်းသူ ၉၁ ဦးတို့ဖြင့် မတ် ၂၅ရက်မှ ယနေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။  
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, April 9, 2019

အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၌ နွေရာသီ သင်တန်းများ ဖွင့်လှစ်

အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၌ နွေရာသီ သင်တန်းများ ဖွင့်လှစ်
-
နေပြည်တော်   ဧပြီ   ၈ 
-
အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဖွင့်လှစ်သည့် နွေရာသီအခြေခံကွန်ပျူတာ သင်တန်းနှင့် အင်္ဂလိပ်စာ အခြေခံ သင်တန်း ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ခိုလမ်တပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်းခန်းမ၌ ပြုလုပ်ရာတိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။ 
-
ဦးစွာ တိုင်းမှူးက အဖွင့် အမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများ၏ သင်တန်းများအလိုက် သင်ခန်းစာသင်ကြားပို့ချနေမှုများကိုလိုက်လံကြည့်ရှုအားပေးကြသည်။အဆိုပါသင်တန်းများတွင်ကွန်ပျူတာ အခြေခံသင်တန်းကို သင်တန်းသား၊ သင်တန်း သူ ၂၈ ဦး၊ အင်္ဂလိပ်စာ အခြေခံသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၃၆ ဦးတို့ဖြင့် မေ ၁ဝ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်ပြီးတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီး၌လည်း ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

ရွှေမြောင်းမြ အခက်အခဲ ရေကြောင်းက လက်တွဲ သယ်ပို့ကူညီေ ဆာင်ရွက်ခဲ့ပြီ

ရွှေမြောင်းမြ အခက်အခဲ ရေကြောင်းက လက်တွဲ သယ်ပို့ကူညီေ ဆာင်ရွက်ခဲ့ပြီ
-
နွေရာသီနေ့လယ်က ပူပြင်းခဲ့သောအပူရှိန်တို့သည်ညလေပြည်အေးတိုက်ခတ်နေမှုကြောင့် နေသာထိုင်သာ ရှိသွားခဲ့ရသည်။  မြစ်ပြင်၏လှိုင်းကြက်ခွပ်လေးများသည် သစ်လွင်သောမြောင်းမြတံတားတစ်လျှောက် ထွန်းထားသည့် ရောင်စုံမီးအလှများ၏ ရောင်ပြန်ဖြင့် ရေပြင်တွင် ရောင်စံကယ် ပွင့်လေးများပမာ လှုပ်ခါယမ်းနေသကဲ့သို့ ကြည့်ကောင်းလှသည်။
-
သြော်... သည်နေရာသို့ ရောက်၍ တာဝန်ထမ်းဆောင်ခဲ့သည်မှာ တစ်နှစ်ပြည့်ပေတော့မည်။ ၂ဝ၁၈ ခုနှစ် ဧပြီ ၁ ရက် တွင် အရှည် ၈၃ဝ မီတာရှိမြောင်းမြကြိုး တံတားသည် သက်တမ်းနှစ် ၂ဝ ကျော်ခဲ့ပြီးအကြောင်းအမျိုးမျိုးကြောင့် ပြိုကျပျက်စီး သွားခဲ့သည်။ ဤအရပ် ဤဒေသကားသည်တံတားကိုအားကိုးနေရ၏။မြောင်းမြမြို့နယ်အတွင်းရှိရွေးမြစ်ကိုဖြတ်၍ဘုရားချောင်းရပ်ကွက်နှင့်မြဟေမာရပ်ကွက်ကိုဆက်သွယ်ထားသော ကြိုးတံတားဖြစ်ခဲ့ပြီး လပွတ္တာမြို့သို့ သွားရောက်နိုင်သကဲ့သို့ လပွတ္တာမြို့မှလည်း ဤတံတားကိုဖြတ်ကာ ပုသိမ်-ရန်ကုန်နှင့် အခြားမြို့များသို့ သွားလာရာတွင် ဖြတ်သန်းရသည့် တံတား ဖြစ်ပေသည်။ မော်တော်ယာဉ်၊မော်တော်ဆိုင်ကယ်များနေ့စဉ်ဥဒဟိုသွားလာကူးသန်းဖြတ်သွားနေရသောတံတားဖြစ်ရကား တံတားကျိုးကျ ပျက်စီးသည်နှင့် ကူးသန်းသွားလာမှုအားလုံးရပ်ဆိုင်း၍ ပြည်သူလူထု ဒုက္ခရောက်ကြရသည်။ လူချည်းပဲဆိုလျှင် စက်တပ်လှေငယ်များဖြင့်ကူးနိုင်သော်လည်း မော်တော်ယာဉ်များ၊ ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်များအတွက် အခက်အခဲကြုံခဲ့ရသည်။ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ  ဇက်ရေယာဉ်နှစ်စင်းဖြင့် ပို့ဆောင်ပေးသော်လည်း ဆင့်ပါးစပ်နှမ်းပက်သကဲ့သို့ လုံလောက်မှုကား မရှိခဲ့ပေ။
-
ဤတံတားကျိုး ကျမှုကြောင့် ဒေသခံပြည်သူ လူထုများ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကအစ ကြန့်ကြာ တုံ့နှေးမှု ဖြစ်ရတော့မည့်အခြေအနေသို့ ရောက်ရှိခဲ့ပါသည်။ သို့သော် ဤအခက်အခဲကိုကူညီဖြေရှင်းကျော်လွှား နိုင်ရန် တပ်မတော်အကြီးအကဲ၏လမ်းညွှန်မှု၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)၏   ညွှန်ကြားမှုတို့ဖြင့်  ဟိုင်းကြီးကျွန်းရှိ ပမ္မဝတီ ရေတပ်စခန်းဌာနချုပ်မှ ကမ်းထိုးရေယာဉ်နှစ်စင်းအလျင်အမြန်ထွက်ခွာခဲ့ပြီး ဤနေရာသို့ ၂ဝ၁၈ခုနှစ် ဧပြီ ၁၄ ရက်တွင် ရောက်ရှိကာ ပြည်သူလူထုသွားလာမှုလွယ်ကူချောမွေ့စေရေး၊ ကုန်စည်စီးဆင်းမှုမပြတ်တောက်စေ ရေးအတွက် နေ့စဉ် အခေါက်ခေါက်အခါခါ အခမဲ့တင်ဆောင်၍ ဟိုဘက်ကမ်း သည်ဘက်ကမ်းလူးလာစုန်ဆန် ပို့ဆောင်ပေးခဲ့ကြရသည်။သို့အတွက်လည်း ဒေသခံပြည်သူ လူထု၏ ယုံကြည်ကိုးစားကျေးဇူးတင်မှုတို့ကိုရရှိခဲ့သည်။
-
တကယ်တော့ ကျေးဇူးတင်ရန်မလိုပါ။မိမိတို့တပ်မတော်သည် ပြည်သူလူထုအခက်အခဲမှန်သမျှကို ကူညီ ဖြေရှင်း ပံ့ပိုးပေးရမည်ဟူသော ခံယူချက်က တပ်မတော်သားတိုင်း၏စိတ်တွင် သန္ဓေတည်ပြီး သားပင်ဖြစ်ပေသည်။ လိုအပ်သည့် နေရာတိုင်းတွင် အစွမ်းကုန်ကူညီဆောင် ရွက်ပေးမည့် ပြည်သူတို့၏တပ်မတော်သားများပေတည်း။ မိမိတို့ရေယာဉ်မှစစ်သည်နှစ်ဦးမှာလည်း မြောင်းမြသားများဖြစ်နေရာသူတို့အရပ်သူတို့ဒေသမှဆွေမျိုးသားချင်းများနှင့် တွေ့ဆုံ ရသည့်အပြင် တပ်မတော်သည် ပြည်သူလူထု အတွက်  အရေးကြုံလာပါက ရှေ့ကအမြဲရပ်တည်၍ကူညီဆောင်ရွက် ပေးလျက်ရှိသည်ကိုမိတ်ဆွေသူငယ်ချင်းဆွေမျိုးရင်းများအားလက်တွေ့ပြသခွင့်ရခဲ့သည့်အတွက် ဝမ်းသာ ဂုဏ်ယူပျော်ရွှင်မဆုံးဖြစ်ကြရသည်။
-
မိမိတို့ကမ်းထိုးရေယာဉ်များက မြစ်ပြင်ကိုဖြတ်၍ အကြိမ်ကြိမ်အခါခါသယ်ဆောင်ပေးနေကြချိန်တွင်လည်း တံတားတည်ဆောက်ရေးလုပ်ငန်းခွင်၌အင်ဂျင်နီယာနှင့်ဝန်ထမ်းများကအားကြိုးမာန်တက်တည်ဆောက်နေ ကြပြီး လုပ်ငန်း တိုးတက်မှုများကို နေ့စဉ် ဝမ်းပန်းတသာကြည့်ရှုမြင်တွေ့ခဲ့ကြရသည်။
-
သြော်...ယနေ့ ၂ဝ၁၉ ခုနှစ် ဧပြီ ၁ ရက်တွင် မြောင်းမြတံတားသစ်ကြီးကို အောင်မြင်စွာဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းကို မိမိတို့ တပ်မတော်သားများအနေဖြင့် ပြည်သူလူထုနှင့်အတူ ဝမ်းသာကြည်နူးခဲ့ရပေသည်။ တံတားမဖွင့်မီ ၂ဝ၁၉ ခုနှစ် မတ် ၂၉ ရက်က မြောင်းမြ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်တက်ရောက် ၍ မိမိတို့စစ်ရေယာဉ်မှ အရာရှိ၊ စစ်သည်များအားနှုတ်ဆက်ညစာစားပွဲ ကျင်းပပေးခဲ့သည်။ ကျေးဇူးတင်စကားပြောကြား၍ ပုဆိုးတစ်ယောက်တစ်ထည်စီ လက်ဆောင် ပေးခဲ့သည်။   ဒေသခံပြည်သူလူထု၏ကျေးဇူးတင် နှုတ်ဆက်စကားများကြားခဲ့ရ၍ဝမ်းသာဂုဏ်ယူမိသော်လည်း မိမိတို့တပ်မတော်သားများမှာ မိမိတို့တာဝန်ကိုကျေပွန်စွာထမ်းဆောင် ခဲ့ကြခြင်းမျှသာဖြစ်ပါသည်။
-
တစ်နှစ်တာနေထိုင်ခဲ့ရသော ဒေသ၊ မြစ်ပြင်၊ ဒေသခံတိုင်းရင်းသားပြည်သူလူထုတို့နှင့် မိသားစုဝင်များသဖွယ် သံယောဇဉ်ယှက်နွှယ်ခဲ့ကြပြီး ရင်တွင်းကိုယ်စီမှရင်းနှီးချစ်ကြည်မှုများက ခိုင်မြဲနေခဲ့ပြီဖြစ်သည်။သို့သော်လည်း တံတားကြီးလည်းအပြီး မိမိတို့ တပ်မတော်သားများ၏တာဝန်မှာလည်း ကျေပွန်ခဲ့ပြီဖြစ်၍ ဧပြီ ၂ ရက်တွင် ပမ္မဝတီ ရေတပ်စခန်း ဌာနချုပ်တည်ရှိရာဟိုင်းကြီး ကျွန်းသို့ ပြန်ကြရပေတော့မည်။မိမိတို့စစ်ရေယာဉ်များပြန်လည်ထွက်ခွာခါနီး လာရောက်နှုတ်ဆက်ကြသူများအနက်မှတစ်ချိန်ကအရေးပေါ်လူနာတင်ကားနှင့် အတူ ညအချိန်မတော် မိမိတို့စစ်ရေယာဉ်ဖြင့်တစ်ဖက်ကမ်းသို့ပို့ဆောင်ပေးခဲ့သဖြင့် အချိန်မီကလေး မွေးဖွားခွင့်ရရှိခဲ့သည့် မွေးလူနာတစ်ဦး၏မိခင်ဖြစ်သော ဒေါ်လေးသောင်းကလည်းမျက်ရည်တရွှဲရွှဲနှင့် သူမ၏ ၆ လ သားအရွယ် မြေးမလေးအားပွေ့ချီကာ ''လွမ်းနေတော့မှာပဲသားတို့ရယ်''ဟု ပြောမဆုံး ဖြစ်နေခဲ့ပါသည်။
-
မိမိတို့စစ်ရေယာဉ် ပို့ဆောင်ပေးနေခဲ့စဉ်က လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးမိုးကျော်သည် စက်တပ်လှေငယ်ဖြင့်သာ ကူးနေခဲ့သည်ကို တွေ့ရ၍ မိမိရေယာဉ်မှ   မြောင်းမြသား ရဲဘော်လေးကလူချင်းသိနေသည့်အားလျော် စွာ မိမိတို့ကမ်းထိုးရေယာဉ်ဖြင့် လုံခြုံစိတ်ချစွာလိုက်ပါစီးနင်းရန် ခေါ်ခဲ့သော်လည်း ''မင်းတို့စစ်သင်္ဘောမို့ မစီးဘူးကွာ''ဟု ခါးခါး သီးသီးငြင်းဆန်ခံခဲ့ရသည်။ သို့သော် ဦးမိုးကျော်ကိုယ်တိုင်အူအတက်ပေါက်၍ ပြည်သူ့ဆေးရုံသို့ အရေးပေါ်ပို့ ဆောင်ရန် လိုအပ်လာချိန်တွင် ရေယာဉ်ရပ်နားချိန်ဖြစ်သော်လည်း မိမိတို့တပ်မတော်(ရေ)မှ ကမ်းထိုးရေယာဉ်ဖြင့်ပင် လူနာတင်ကားအား ညအချိန်မတော် အရေးပေါ်သယ်ယူပို့ဆောင်ပေးခဲ့မှုကြောင့် အချိန်မီခွဲစိတ်ကုသနိုင်ပြီး အသက်ချမ်းသာရာ ရခဲ့သည်။ ထို့ကြောင့် လည်း မိမိတို့ ရေယာဉ်ပြန်လည်ထွက်ခွာ တော့မည့်နေ့တွင်ဒေသထွက်လက်ဆောင်ပစ္စည်းများ တစ်ပွေ့တစ်ပိုက်ဖြင့် မိသားစုလိုက် လာရောက်နှုတ်ဆက်သော ဦးမိုးကျော်တို့မိသားစုကို မျက်ရည် အဝဲသားဖြင့် တွေ့မြင်ခဲ့ရသေးသည်။
-
''ဒီကပုစွန်ချဉ်တွေက လတ်တာ၊ စားဖို့ ယူသွားနော်'' ဟု အတန်တန်ငြင်းနေသည့်ကြားမှ ပုစွန်ချဉ်ထုပ်များ လက်ထဲ အတင်းလာထည့်ပေးသော ဦးမြင့်စိန်ကိုလည်း မမေ့နိုင်ပါ။ အချိန်ရရင် ရသလိုအင်္ဂလိပ်စာသင်ပေးခဲ့ရသော ကမ်းထိုးရေယာဉ်ပေါ်တွင် ရေသန့်နှင့် အအေးဘူး ရောင်းချသည့် မောင်မျိုး၏ မျက်နှာချိုချို အပြုံးရွှင်ရွှင်လေးအားလည်း သတိရလျက်ပါ။
-
တကယ်တော့ တစ်နှစ်နီးပါးကာလအတွင်း မိမိတို့တပ်မတော်(ရေ)၏ ဇက်ယာဉ်များက ဤမြစ်ပြင်ကိုဖြတ်၍ အသွား အပြန်အကြိမ်ပေါင်း ၁၂၄၃၂ ကြိမ်ပို့ဆောင်ပေးခဲ့ပြီး မော်တော်ယာဉ်  ၁၁၅၁၇၁ စီး၊ မော်တော်ဆိုင်ကယ် ၈၉၆၃၈ စီးနှင့်  ပြည်သူလူထု  ၅၅၅၂၃၇ ဦးအား အခမဲ့သယ်ယူပို့ဆောင်ပေးနိုင်ခဲ့၍ ပြည်သူလူထုနှင့် ဝမ်းမြောက် ဝမ်းသာဖြစ်ခဲ့ကြပါသည်။ တပ်မတော်သည် တိုင်းရင်းသားပြည်သူလူထုအကျိုးစီးပွားကို အစဉ်အမြဲကာကွယ်စောင့်ရှောက်လျက် ပြည်သူတို့၏ အခက်အခဲနှင့် သဘာဝဘေးအန္တရာယ်များကျရောက်၍  ဒုက္ခခံစားရလျှင် မိမိတို့၏မိဘဆွေမျိုး ရင်းချာများသဖွယ်သဘောထားကာ ကူညီ ဆောင်ရွက်ခဲ့သည့်   သာဓကများစွာရှိခဲ့ပါသည်။ ထိုသို့ ကောင်းမွန်သောအစဉ်အလာများကို ထိန်းသိမ်းလျက်  ပြည်သူ့အတွက် အမြဲအသင့်ရှိနေကြပါသည်။
-
ယခုလည်း မြောင်းမြတံတားသစ်ကြီး အောင်မြင်စွာဖွင့်လှစ်နိုင်ပြီဖြစ်သောကြောင့်မိမိတို့ စစ်ရေယာဉ်များမှာ တာဝန်များ ပြီးဆုံး ၍ ပြန်လည်ထွက်ခွာလာခဲ့ကြရပြီဖြစ်သော်လည်း ပြည်သူလူထုအတွက်ကူညီစောင့်ရှောက်ကာကွယ်ရန် မိမိတို့  ကြည်း၊ ရေ၊  လေ တပ်မတော်သားများက အမြဲအသင့်ရှိနေကြမည်သာဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
-
ဆောင်းပါးရှင် -ဗိုလ်ရွှေမင်းသိမ်း
-
#မြ၀တီနေ့စဉ်သတင်းစာ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပေကျင်းမြို့ရှိ တရုတ်နိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံသံရုံး၊ စစ်သံရုံးမိသားစုများအားတွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပေကျင်းမြို့ရှိ တရုတ်နိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံသံရုံး၊ စစ်သံရုံးမိသားစုများအားတွေ့ဆုံ
-
နေပြည်တော်၊ ဧပြီ - ၈ 
-
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့်ပူးတွဲစစ်ဦးစီးဌာနစစ်ဦးစီးချုပ်Gen. LiZuocheng ၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံပေကျင်းမြို့တွင် ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သောမြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည်ယနေ့ညနေ ပိုင်းတွင်တရုတ်နိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံရုံးသို့ရောက်ရှိကြရာသံရုံး၊ စစ်သံရုံး မိသားစုများနှင့် ပညာတော်သင် သင်တန်းသားအရာရှိများက ကြိုဆိုနှုတ်ဆက်ကြသည်။
-
ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကသံရုံး၊စစ်သံရုံးမိသားစုများနှင့်သင်တန်းသားများအားတွေ့ဆုံ အမှာစကား ပြောကြားရာတွင် မိမိယခုလာရောက်သည့် ချစ်ကြည်ရေးခရီးစဉ်သည်နှစ်နိုင်ငံနှင့် တပ်မတော် နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုကိုမြှင့်တင်ရန်အတွက် လာရောက်သည့် ခရီးစဉ်ဖြစ်ကြောင်းပြောကြားပြီး မြန်မာနိုင်ငံအနေဖြင့် ပထ၀ီအနေအထားအရ အရေးပါသည့် တည်နေရာတွင်တည်ရှိသဖြင့်နိုင်ငံအားလုံးနှင့် ဆက်ဆံရေးကောင်းမွန်ရန် လိုအပ်မှုအခြေအနေများ၊ မိမိတို့နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်ပသို့ ပို့ကုန်များတင်ပို့ရာတွင်အရည်အသွေးပြည့် မီရန်လိုအပ်မှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ အဓိက နယ်စပ် ကုန်သွယ်မှုအနေဖြင့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့ဖြစ်ပြီး နယ်စပ်ကုန်သွယ်မှုများပြုလုပ်ရာတွင် မျှတသော ကုန်သွယ်မှုစနစ်အကောင်အထည်ဖော်ဆောင်ရန်လိုအပ်မှုအခြေအနေများ၊ မြန်မာနိုင်ငံနှင့်တရုတ် နိုင်ငံတို့၏ နယ်စပ်ဒေသကုန်သွယ်မှုမြှင့်တင်ရန် အတွက် မိမိတို့အနေဖြင့်သက်ဆိုင်ရာဌာနများမှ တိုက်တွန်းဆောင်ရွက်ရမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏နိုင်ငံရေး ပြောင်းလဲမှုများနှင့် လက်ရှိလျှောက်လှမ်းလျက်ရှိသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်လျှောက်လှမ်းရာတွင် တပ်မတော်မှ ပါဝင်ကူညီ ဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် တပ်မတော်မှဆောင်ရွက်နေမှု အခြေအနေများနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရာ၌ နိုင်ငံရေးအရတည်ငြိမ်အေးချမ်းမှုရှိရန်နှင့် လုံခြုံရေးအရတည်ငြိမ် အေးချမ်းမှုရှိရန်လိုအပ်မှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။
-
-
ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သံရုံး၊ စစ်သံရုံးမိသားစုများနှင့် ပညာတော်သင်သင်တန်းသား အရာရှိများအတွက် စားသောက်ဖွယ်ရာများ၊ လက်ဆောင်ပစ္စည်းများအားပေးအပ်ရာသံအမတ်ကြီး၊ စစ်သံမှူး နှင့် သံရုံး၊ စစ်သံရုံးမိသားစုများ၊ သင်တန်းသားအရာရှိများက လက်ခံရယူကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား သံရုံး၊ စစ်သံရုံးမိသားစုများကညစာဖြင့်တည်ခင်းဧည့်ခံခဲ့ကြ ကြောင်းသတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သို့ချစ်ကြည်ရေးခရီးထွက်ခွာ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သို့ချစ်ကြည်ရေးခရီးထွက်ခွာ
-
နေပြည်တော်၊ ဧပြီ - ၈ 
-
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့်ပူးတွဲစစ်ဦးစီးဌာနစစ်ဦးစီးချုပ်Gen. LiZuocheng ၏ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် လေဆိပ်မှ တရုတ်နိုင်ငံသို့ ထွက်ခွာကြသည်။
-
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး  H.E. Mr. Hong liang နှင့် တာဝန်ရှိသူများက လေဆိပ်တွင်ပို့ဆောင်နှုတ်ဆက်ကြသည်။
-
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တရုတ်နိုင်ငံ၊ ကူမင်းမြို့ရှိ Chagshui   လေဆိပ်သို့ ရောက်ရှိကြရာ ယူနန်ပြည်နယ်စစ်ဒေသ၊ နိုင်ငံရေးမှူး Maj. Gen. Yu Kun၊ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Zhanguo Hua နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှအရာရှိကြီးများ၊ ကူမင်းကောင်စစ်ဝန်ချုပ်ဦးစိုးပိုင်၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်တင့်ဆန်းနှင့် တာဝန်ရှိသူများက လေဆိပ်တွင်ကြိုဆိုနှုတ်ဆက်ကြသည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ယူနန်ပြည်နယ်ပါတီအတွင်းရေးမှူး Mr. Chen Hao က နေ့လယ်စာဖြင့်တည်ခင်းဧည့်ခံသည်။ နေ့လယ်စာ သုံးဆောင်အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယူနန်ပြည်နယ်ပါတီအတွင်းရေးမှူးနှင့် တာဝန်ရှိ သူများအား လက်ဆောင် ပစ္စည်းများပေးအပ်သည်။
-
-
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည်နေ့လည်ပိုင်းတွင်ကူမင်းမြို့ရှိ Chagshui  လေဆိပ်မှ ဆက်လက်ထွက်ခွာကြပြီး ညနေပိုင်းတွင် ပေကျင်းမြို့၊ Nanyuan တပ်မတော်လေဆိပ်သို့ ရောက်ရှိကြရာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ တရုတ်ပြည်သူ့ လွတ်မြောက် ရေးတပ်မတော် နိုင်ငံတကာစစ်ဘက်ပူးပေါင်း ဆောင်ရွက်ရေးရုံးမှတာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ခေတ္တတည်းခို နေထိုင်မည့် ကျောက်ယုထိုင် နိုင်ငံတော်ဧည့်ဂေဟာသို့ ရောက်ရှိခဲ့သည်။
-
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ အဖွဲ့ဝင်အဖြစ်လိုက်ပါသွားကြသည်။ အဆိုပါ ချစ်ကြည်ရေးခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တရုတ်နိုင်ငံအစိုးရနှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ သင်တန်းကျောင်းများ၊ စက်ရုံများနှင့် အထင်ကရနေရာများအားလှည့် လည်ကြည့်ရှုလေ့လာခြင်းများဆောင် ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, April 4, 2019

ဖားကန့်မြို့နယ်၊ ဘန်ကောက်ကျေးရွာရှိ ရွာသားလေးဦးအား ကေအိုင်အေ အဖွဲ့မှ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်

ဖားကန့်မြို့နယ်၊ ဘန်ကောက်ကျေးရွာရှိ ရွာသားလေးဦးအား ကေအိုင်အေ အဖွဲ့မှ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်
-
နေပြည်တော်   ဧပြီ  ၃ 
-
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာအုပ်စု၊ ဘန်ကောက်ကျေးရွာနေ ဦးဖော်လီဆာ၊ မောင်နော်လီဒွေ့၊ ဦးဒီယော်ဆာနှင့် မောင်ဖူယော်ဒွေ့တို့ လေးဦးသည် မတ် ၄ ရက်တွင် ကျေးရွာအနီးရှိနွမ်နချောင်းဖျား၌ ရွှေတူးဖော် လုပ်ကိုင်လျက်ရှိစဉ် မတ် ၁၁ ရက်တွင် ကေအိုင်အေအဖွဲ့မှ အင်အား ၂ဝ ဦးခန့်က လက်နက်ငယ် ကိုယ်စီဖြင့် ရောက်ရှိလာပြီး ၎င်းတို့လေးဦးအားတနိုင်းယန်နေရာသို့အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ 
-
ထို့နောက် ၎င်းတို့လေးဦးအနက်မှ ဦးဖော်လီဆာသည်မတ် ၂၁ ရက်တွင် တနိုင်းယန်မှ တောလမ်းအတိုင်း ပြန်လည်ထွက်ပြေး လွတ်မြောက်လာခဲ့ပြီး ကေအိုင်အေ အဖွဲ့၏  ညှဉ်းပန်း နှိပ်စက်မှုကြောင့်ဒဏ်ရာများရရှိခဲ့ရာ မတ် ၃၁ ရက်တွင် မြစ်ကြီးနားမြို့ရှိ တပ်မတော် ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူး တပ်နယ်သို့ သွားရောက်ကြည့်ရှု စစ်ဆေး

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)  ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူး တပ်နယ်သို့ သွားရောက်ကြည့်ရှု စစ်ဆေး
-
နေပြည်တော်  ဧပြီ   ၃ 
-
ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေး ဦးစီးချုပ် ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော် အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ဗထူး တပ်နယ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
-
ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များအား တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး)ရှိ သုံးထပ် စာသင်ဆောင်၊ ရှင်းလင်းဆောင်၌တပ်မတော်(ကြည်း) တိုက်ခိုက်ရေး ကျောင်း(ဗထူး)၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ တပ်မတော်(ကြည်း)အရာခံနှင့် အကြပ်ကြီးသင်ကျောင်း ကျောင်းအုပ်ကြီးများက နယ်မြေလုံခြုံရေး ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ တပ်တည်ဆောက်ရေး လုပ်ငန်းကြီး (၄)ရပ်နှင့် လေ့ကျင့်သင်ကြားရေးဆိုင်ရာကိစ္စရပ်များအား ရှင်းလင်း တင်ပြသည်။
-
ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က သင်တန်း ကျောင်းများအလိုက် လေ့ကျင့်ရေး တာဝန်အားထိရောက် အောင်မြင်စွာဆောင်ရွက်နိုင်ရေး၊ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေနှင့် ကိုက်ညီအောင် လေ့ကျင့်သင်ကြား ပေးနိုင်ရေး၊ ကျောင်းများအလိုက် ရည်မှန်းချက်တာဝန်ပြည့်မီစွာ လေ့ကျင့် ပေးနိုင်ရေး၊ သင်တန်းသားများနှင့်တာဝန်ရှိသူများက စဉ်ဆက်မပြတ် ထိတွေ့စေရေး၊ တပ်တည်ဆောက်ရေး လုပ်ငန်းကြီး (၄)ရပ်အား ပီပြင်စွာဆောင်ရွက်ရေး၊ တပ်မိသားစုများနှင့် သင်တန်းသားများ စားဝတ်နေရေးအတွက်စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများအား အောင်မြင်စွာဆောင်ရွက်နိုင်ရေး၊ တပ်နယ်နှင့်နယ်မြေဒေသအတွင်းစာမျက်နှာလုံခြုံ ရေးအတွက်  သတင်းလက်ဦးမှုရရှိအောင် ဆောင် ရွက်ပြီး လုံခြုံရေးအား စနစ်တကျစီမံဆောင် ရွက်ရေး၊ မလိုလားအပ်သော အုပ်ချုပ်မှုကိစ္စများ မဖြစ်ပွားစေရေး၊ တရားမဝင်လုပ်ငန်းများ နှင့် မူးယစ်ဆေးဝါးများတွင် ပါဝင်ပတ်သက်မှုမရှိစေရေး၊ ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရေး၊ ကျေးရွာများအလိုက် သစ်တောမပြုန်း တီးစေရေးနှင့် ကျေးရွာသုံးထင်းစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းစေရေးစည်းရုံးရေးနယ်မြေရှိ ကျေးရွာအလိုက်စည်းရုံးစိုက်ပျိုးရေး တို့အား အသေးစိတ်မှာကြားပြီးလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
-
ထို့နောက် ဒုတိယ တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အဖွဲ့ဝင်များသည် တပ်မတော် (ကြည်း) အရာခံနှင့် အကြပ်ကြီးသင်ကျောင်းရှိ သင်တန်းသား စုပေါင်းစားရိပ်သာ၌သင်တန်းသားများ နှင့်အတူ နေ့လယ်စာ အတူတကွ သုံးဆောင်ကြသည်။ အလားတူ အဖွဲ့ဝင်များအဖြစ် လိုက်ပါ လာသော ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများက တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း(ဗထူး)နှင့် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး)တို့ရှိ စားရိပ်သာ များ၌ သင်တန်းသားများ နှင့်အတူ နေ့လယ်စာ အတူတကွ သုံးဆောင်ကြသည်။
-
-
ယင်းနောက် ဒုတိယ တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တပ်မတော်(ကြည်း)အရာခံနှင့် အကြပ်ကြီးသင် ကျောင်းရှိ နို့စားနွားနှင့်ဝက်မွေးမြူရေးခြံအား သွားရောက် စစ်ဆေးပြီး ရေနှင့်အစာများကို  စနစ်တကျ သတ်မှတ်နှုန်းထားအတိုင်း ကျွေးမွေးရေး၊ တာဝန်ခံများကို မွေးမြူရေးနှင့် ပတ်သက်သည့်သင်တန်းများ တက်ရောက်သင်ကြားရေးတို့ကို မှာကြားသည်။
-
-
ဆက်လက်၍ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည်အဖွဲ့ဝင်များနှင့်အတူကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေးသင်တန်းဌာနသို့ သွားရောက်၍ Electronic library ဆောင်ရွက်ထားရှိမှုနှင့်သင်ခန်းစာများအလိုက် သင်တန်းပို့ချ နေမှုများကို လိုက်လံ ကြည့်ရှု စစ်ဆေးသည်။ ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က သင်ထောက်ကူပစ္စည်းများ ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ပေးထားမှုအပေါ် ရေရှည်ကောင်းမွန်စွာအသုံးပြုနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး ကောင်းမွန်အောင် ဆောင်ရွက်ရေးနှင့်  သင်တန်းဆောင်တွင်ချိုးရေနှင့် သုံးရေများ စဉ်ဆက်မပြတ် ရရှိအောင် ဆောင်ရွက်ရေးတို့အား တာဝန်ရှိ သူများကို အသေးစိတ်မှာကြားပြီးလိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. MR. SAURABH KUMAR အားလက်ခံတွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Saurabh Kumar အားလက်ခံတွေ့ဆုံ
-
နေပြည်တော်၊ ဧပြီ ၃ 
-
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Saurabh Kumar အား ယနေ့ မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။ 
-
အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့်အတူ မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး Colonel Naveen Mahajan နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 
-
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား လုံခြုံရေးနှင့် ကာကွယ်ရေး ဆိုင်ရာများတွင်ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့်ဆက်လက်မြှင့်တင် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးတက်ခိုင်မာစေရေး အားကစားအဖွဲ့များ၊ ယဉ်ကျေးမှုအဖွဲ့များနှင့် အဆင့်အလိုက် ချစ်ကြည်ရေးအဖွဲ့များ အပြန်အလှန်စေလွှတ်နေမှု အခြေအနေများ၊ ပင်လယ်ရေကြောင်း တိုင်းတာရေးအပါအ၀င် နှစ်နိုင်ငံရေတပ်များအကြားပူးပေါင်း ဆောင်ရွက်နေမှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, April 3, 2019

ဇေယျာသီရိမြို့နယ်ရှိ တပ်မတော် ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူနေသူများအား ကြည့်ရှု အားပေး

ဇေယျာသီရိမြို့နယ်ရှိ တပ်မတော် ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူနေသူများအား ကြည့်ရှု အားပေး
-
နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့် အဖွဲ့ဝင်များကသွားရောက် ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှုများ၊ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်း အားပေးစကား ပြောကြားပြီးစားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, April 2, 2019

ကျောင်းသား၊ ကျောင်းသူများအတွက် နွေရာသီ သင်တန်းများ ဖွင့်လှစ်

ကျောင်းသား၊ ကျောင်းသူများအတွက် နွေရာသီ သင်တန်းများ ဖွင့်လှစ်
-
နေပြည်တော် ဧပြီ ၁ 
-
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အတွင်းရှိ တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအတွက် ဖွင့်လှစ်သည့် နွေရာသီအခြေခံသင်တန်းများဖြစ်သော ယဉ်ကျေးလိမ္မာ သင်တန်း၊ ကွန်ပျူတာ အခြေခံသင်တန်း၊ အင်္ဂလိပ်စကားပြောသင်တန်း၊ ဘောလုံးသင်တန်း၊ ဘော်လီဘောသင်တန်း၊ မြန်မာ့သိုင်း သင်တန်းနှင့် ဂျူဒိုသင်တန်း အမှတ်စဉ် (၁/၂ဝ၁၉)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ဗလမင်းထင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊သင်တန်းသူများ တက်ရောက်ကြသည်။ 
-
ဦးစွာ တိုင်းမှူးက  နွေရာသီအခြေခံ သင်တန်းများ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး အားကစားဝတ်စုံများနှင့် အားကစားပစ္စည်းများ ပေးအပ်ရာ သင်တန်းသား၊သင်တန်းသူများက လက်ခံရယူကြသည်။ထို့နောက် ကချင်ပြည်နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက အားကစားပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။
-
အဆိုပါနွေရာသီ အခြေခံ သင်တန်းများတွင်ယဉ်ကျေးလိမ္မာ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၅၆ ဦး၊ ကွန်ပျူတာအခြေခံ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၄၇ ဦး၊ အင်္ဂလိပ်စကားပြော သင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၄ဝ ဦး၊ ဘောလုံး သင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၄၇ ဦး၊ ဘော်လီဘောသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ခုနစ်ဦး၊ မြန်မာ့သိုင်း သင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၃၂ ဦးနှင့် ဂျူဒိုသင်တန်းကိုသင်တန်းသား၊ သင်တန်းသူ ၂၇ ဦးတို့ဖြင့် ဧပြီ ၂၆ ရက်အထိ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။                    
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

မြဝတီ ရုပ်မြင်သံကြား (၂၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

မြဝတီ ရုပ်မြင် သံကြား (၂၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ
-
နေပြည်တော် ဧပြီ ၁
-
မြဝတီ ရုပ်မြင်သံကြား (၂၄)နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် မြဝတီမီဒီယာမှ ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ ညနေပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ မြဝတီရုပ်မြင်သံကြား၌ကျင်းပသည်။
-
-
အခမ်းအနားသို့ စိတ်ဓာတ်ရေးရာနှင့် လူထုဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ၊ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်သက်ပုံ၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ထွန်းထွန်းညီ၊ တပ်မတော်အရာရှိကြီးများ၊ မြဝတီ မီဒီယာတွင် တာဝန် ထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစား တပ်မတော်အရာရှိများ၊မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ၊ မြန်မာနိုင်ငံဂီတ အစည်းအရုံး၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်း အရုံး၊ မြန်မာနိုင်ငံဓာတ်ပုံအသင်း၊ စာပေ/ ဂီတ/ရုပ်ရှင် အနုပညာရှင်များ၊ (၇၄)နှစ်မြောက်  တပ်မတော်နေ့ဂုဏ်ပြု ''နာရီတစ်ရာ့ တစ်ဆယ်'' ဇာတ်ကားတွင်ပါဝင်ခဲ့ကြသည့် အနုပညာရှင်များ၊ ထူးချွန်ဆု ရရှိကြသည့်  အရာရှိ/ စစ်သည်/ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။
-
-
ဦးစွာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် ဆုချီးမြှင့်ခြင်း အစီအစဉ်ကိုကျင်းပရာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက မြဝတီ ရုပ်မြင်သံကြားမှထူးချွန်ဆုရ စစ်သည်/ ဝန်ထမ်းများကို ဂုဏ်ပြုမှတ်တမ်း လွှာနှင့် ဆုများ ပေးအပ်ချီးမြှင့်သည်။
-
-
-
ဆက်လက်ပြီး ရန်ကုန်တိုင်း စစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံွးှန်ကြားရေးမှူးနှင့်  ဖိတ်ကြားထားသော စစ်ဘက်/ နယ်ဘက်မှအရာရှိကြီးများက မြဝတီရုပ်မြင် သံကြားနှင့် မြဝတီ စာပေတိုက် တို့မှ ထူးချွန်ဆုရစစ်သည်၊ ဝန်ထမ်းများ နှင့် မြဝတီရောင်စုံ ဓာတ်ပုံပြိုင်ပွဲ၊ မြဝတီ/ ငွေတာရီ/ သုတအလင်းမဂ္ဂဇင်း အကောင်းဆုံး ကာတွန်း၊ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို၊ ဝတ္ထု ရှည်ဆုရရှိကြသူများကို လည်းကောင်း၊ မြဝတီ သတင်းစာတိုက်၊ ရတနာပုံသတင်းစာတိုက် နှင့် သဇင်အသံလွှင့်ဌာနတို့မှ ထူးချွန်ဆုရ စစ်သည်/ ဝန်ထမ်းများကို လည်းကောင်းဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။ အခမ်းအနားအပြီးတွင် ဧည့်သည်တော်များအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံပြီး မြဝတီတေးဂီတအဖွဲ့နှင့်တွဲဖက်၍ မြန်မာ နိုင်ငံဂီတအစည်းအရုံးမှ တေးသံရှင်များ၊ အနုပညာ ရှင်များ၊ မြဝတီ ရုပ်မြင်သံကြားမှ တေးသံရှင်များက အဆို/ အကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ 
-
မြဝတီရုပ်မြင်သံကြားကို ၁၉၉၅ ခုနှစ်၊ မတ်လ ၂၇ ရက်၊ နှစ်(၅ဝ)ပြည့်ရွှေရတု တပ်မတော်နေ့တွင် စတင်ဖွင့် လှစ်ခဲ့ ခြင်းဖြစ် ပြီး ယခု ၂ဝ၁၉ခုနှစ်၊ မတ်လ ၂၇ ရက်တွင် (၇၄)နှစ်မြောက် တပ်မတော်နေ့နှင့်အတူမြဝတီရုပ်မြင် သံကြား၏ မီဒီယာသက်တမ်း သည်လည်း (၂၄)နှစ်ပြည့် မြောက်ခဲ့ပြီဖြစ်ကာ ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေး ရန်ဟူသော ရည်ရွယ်ချက်များဖြင့် နိုင်ငံတော်၊ ပြည်သူလူထုနှင့်တပ်မတော်အတွက် တာဝန် ကျေပွန်သော ရုပ်/သံလိုင်း တစ်ခုအဖြစ်အစဉ် ဆက်လက်ကြိုးပမ်း ရပ်တည်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, April 1, 2019

စစ်တက္ကသိုလ် နည်းပြ ဆရာကြီး၊ ဆရာမကြီး များအား အာစရိယပူဇော်၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

စစ်တက္ကသိုလ် နည်းပြ ဆရာကြီး၊ ဆရာမကြီး များအား အာစရိယပူဇော်၊  ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော် မတ် ၃၁ 
-
စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၂၆)မှ (၃၂)အထိ တပည့်များ၏ ဧကာဒသမအကြိမ်မြောက် အာစရိယပူဇော်ပွဲ၊ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၃၃)မှ (၃၇)အထိတပည့်များ၏ ပဉ္စမအကြိမ်မြောက်အာစရိယပူဇော်ပွဲနှင့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၃၈)မှ (၄၂)အထိ တပည့်များ၏ စတုတ္ထအကြိမ် မြောက် အာစရိယပူဇော်ပွဲတို့ကို ယနေ့နံနက်ပိုင်းတွင်ရန်ကုန်တိုင်းဒေသကြီး၊   ဗဟန်းမြို့နယ်ရှိ တပ်မတော် ဓမ္မာရုံ၌ အသီးသီး ကျင်းပပြုလုပ်ကြသည်။ 
-
အာစရိယပူဇော်ပွဲများသို့ စစ်တက္ကသိုလ်အမှတ်စဉ်အလိုက် ဖိတ်ကြားထားသူများ၊ ကန်တော့ခံဆရာကြီး၊  ဆရာမကြီးများ တက်ရောက်ကြသည်။ ဦးစွာဆရာကြီး၊ ဆရာမကြီးများအား တပည့်များကကန်တော့ချိုးဖြင့် စုပေါင်းကန်တော့၍ ဂါရဝပြုလက်ဆောင်များ အသီးသီးပေးအပ်သည်။ ထို့နောက် တက်ရောက်လာကြသူများက ဆရာကြီး၊ ဆရာမကြီး များ၏ သြဝါဒစကားကိုနာယူကြသည်။
-
အဆိုပါ ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများအား ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က သွေးတိုး ရောဂါ၊ ဆီးချို ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။                           
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

မိုင်းခုတ်မြို့နယ်၊ မိုင်းနင်းကျေးရွာရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

မိုင်းခုတ်မြို့နယ်၊ မိုင်းနင်းကျေးရွာရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ
-
နေပြည်တော် မတ် ၃၁ 
-
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းခုတ်မြို့နယ်၊မိုင်းနင်းကျေးရွာရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် အဖွဲ့ဝင်များကအဆိုပါကျေးရွာရှိ   ပြည်သူ့စစ်(ဌာနေ) ကြီးကြပ်ရေးမှူး ရုံးသို့ သွားရောက်တွေ့ဆုံသည်။ 
-
ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးက ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအားဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရေပိုက်များနှင့်ဝတ်စုံများအား ပေးအပ်သည်။ ယင်းနောက် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။   
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, March 5, 2019

တြိဂံဒေသတိုင်း စစ်ဌာနချုပ်၏ (၂၃)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပြုလုပ်

တြိဂံဒေသတိုင်း စစ်ဌာနချုပ်၏ (၂၃)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပြုလုပ်
-
နေပြည်တော် မတ် ၄ 
-
တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၏ (၂၃)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ရေးပြနှင့် ဂုဏ်ပြုဆုပေးပွဲကို မတ် ၃ ရက် နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၌ ပြုလုပ်သည်။
-
ဦးစွာ တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်က အမှာစကားပြောကြားပြီး စစ်ရေးပြ အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် သရုပ်ပြပြိုင်ပွဲများယှဉ်ပြိုင်မှုများကို ကြည့်ရှု အားပေးကြသည်။ 
-

-
ယင်းနောက်ဆုပေးပွဲကို ပြည်ငြိမ်းအေးခန်းမ၌ ပြုလုပ်ရာ စစ်မှုထမ်းကောင်းနှင့် သင်္ဂဟဘွဲ့တံဆိပ် ရရှိသူများ၊ သင်တန်းများနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများတွင်ထူးချွန်ဆုရရှိသူများ၊ အိမ်ထောင်သည်လိုင်း သန့်ရှင်းရေး၊စိုက်ပျိုးရေးနှင့် မွေးမြူရေးဆုရရှိသူများ၊ အားကစားထူးချွန်ဆု ရရှိသူများအား တိုင်းမှူးနှင့် အဖွဲ့ဝင်များကဆုများအသီးသီး ပေးအပ်ခဲ့ကြကြောင်းသတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, February 27, 2019

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို)မှ တပ်မတော်ဆေးရုံ ခုတင်(၅ဝဝ)သို့ ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်း

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို)မှ တပ်မတော်ဆေးရုံ ခုတင်(၅ဝဝ)သို့ ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်း
-
နေပြည်တော် ဖေဖော်ဝါရီ ၂၆ 
-
မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)မှ ဆေးရုံသုံးပစ္စည်းများ၊ ရုံးသုံးပစ္စည်းများ၊ အာဟာရတိုက်ကျွေးခြင်းနှင့် ဆေးပဒေသာပင် ငွေပေးအပ် လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်း တွင် ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော် ဆေးရုံ ခုတင်(၅ဝဝ)၌ ပြုလုပ်ရာ ဗိုလ်မှူးချုပ် စိန်လင်းနှင့် တာဝန်ရှိသူများ၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို)ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် (အငြိမ်းစားသံအမတ်ကြီး)နှင့် အလုပ်အမှုဆောင်များ၊ အသင်းသူ အသင်းသားများတက်ရောက်ကြသည်။ 
-
ဦးစွာ ဦးစိန်ဝင်းအောင်က  ဆေးရုံသုံးပစ္စည်းများ၊ ရုံးသုံးပစ္စည်းများ၊ အာဟာရတိုက် ကျွေးခြင်းနှင့် ဆေးပဒေသာပင် ငွေပေးအပ်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားပြီး အလှူရှင်များက ဆေးရုံသုံးပစ္စည်းများနှင့် ဆေးငွေပဒေသာပင်များကို ပေးအပ်လှူဒါန်းရာ ဗိုလ်မှူးချုပ်စိန်လင်းကလက်ခံရယူပြီး အလှူရှင်များအား ဂုဏ်ပြုလွှာများ ပေးအပ်ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ 
-
အဆိုပါ တပ်မတော်ဆေးရုံ ခုတင်(၅ဝဝ)သို့ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)မှ ECG 3 Channel စက်တစ်လုံး၊ Laser printer တစ်လုံး၊ Bedside  Locker ခြောက် လုံး၊ Drift  Stand ၁ဝ ခု၊ Exhaust fan တစ်လုံးနှင့် ဆေးပဒေသာပင် အတွက် ငွေကျပ်ကိုးသိန်းတို့ကို လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

တပ်မတော်သား အယောင်ဆောင်၍ ဖမ်းဆီးနှိပ်စက်မှု များ ရှိပါက သက်ဆိုင်ရာများသို့ တိုင်ကြားနိုင်

တပ်မတော်သား အယောင်ဆောင်၍  ဖမ်းဆီးနှိပ်စက်မှု များ ရှိပါက သက်ဆိုင်ရာများသို့ တိုင်ကြားနိုင်
-
နေပြည်တော်  ဖေဖော်ဝါရီ ၂၆
-
ရခိုင်ပြည်နယ်၊ မြောက်ဦး-ကျောက်တော်-စစ်တွေကားလမ်း၏ အရှေ့ဘက်တောင်ကုန်းများတွင် AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များက လေ့ကျင့်ရေးစခန်း ဖွင့်လှစ်ရန်နှင့်စည်းရုံးရေးနယ်မြေတည်ဆောက်ရန် အတွက် ရောက်ရှိလာပြီး အများပြည်သူအသုံးပြုလျက်ရှိသော ဆက်သွယ်ရေးလမ်းကြောင်းများကို နှောင့်ယှက် ဖျက်ဆီးမှုများ ဆောင်ရွက် လာသဖြင့် တပ်မတော်စစ်ကြောင်းများက ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်အတွင်း လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ထိုသို့ဆောင်ရွက်ခဲ့ခြင်းကြောင့် AA အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်းများ၊ လက်နက်၊ ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများနှင့် တပ်မတော်သုံးအဆင့်တံဆိပ်၊ ပခုံးဒေါက်နှင့် ကော်လံတံဆိပ်များသိမ်းဆည်းရမိကြောင်းကို ဖေဖော်ဝါရီ ၁၉ရက်နှင့် ယနေ့တို့တွင်သတင်းထုတ်ပြန်မှုများပြုလုပ်ခဲ့ပါသည်။
-
ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာနေ ပြည်သူများနှင့်  ကျောင်းသား၊ ကျောင်းသူများအား တပ်မတော်အသုံးအဆောင်ပစ္စည်းများဝတ်ဆင်၍ တပ်မတော်သား အယောင် ဆောင်ကာ အကြောင်းမဲ့ဖမ်းဆီး နှိပ်စက်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့် မင်းမဲ့စရိုက်ဆန်ဆန်အပြုအမူများပြုလုပ်ခြင်းများကို ဆောင်ရွက်နေကြောင်းဒေသခံပြည်သူများ၏သတင်းပေးချက်အရနှင့် သိမ်းဆည်းရမိခဲ့သော အထောက် အထားများ အရသိရှိရသည့်အပြင် လူမှုကွန်ရက် စာမျက်နှာများ၌လည်း စွပ်စွဲဝါဒဖြန့်မှုများ ပြုလုပ်လျက်ရှိ ကြောင်း တွေ့ရသည်။
-
ထိုသို့ ဆောင်ရွက်မှုများသည် AA အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် တပ်မတော်အပေါ် အထင်မှားအမြင်မှား ဖြစ်စေရန် ရည်ရွယ်၍ လုပ်ဆောင် နေခြင်းဖြစ်ပြီး တပ်မတော်နှင့် ဒေသခံပြည်သူလူထု စိတ်ဝမ်းကွဲ၍ ဒေသမတည်မငြိမ်ဖြစ်စေရန် ဆောင်ရွက်ခြင်းဖြစ်သည်။ သို့ဖြစ်ပါ၍ မြို့နယ်၊ ကျေးရွာများအလိုက် တပ်မတော် သားအယောင်ဆောင်၍ အကြောင်းမဲ့ဖမ်းဆီးခြင်း၊ နှိပ်စက် ခြင်းများပြုလုပ်နေသည်ကိုတွေ့ရှိရပါက သက်ဆိုင်ရာ ရဲစခန်းများနှင့် တိုင်းစစ်ဌာနချုပ်သို့ အထောက်အထား နှင့် တကွ အကြောင်းကြား တိုင်ကြားခြင်းဖြင့် ဒေသလုံခြုံရေးအား တပ်မတော်၊ လုံခြုံရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ကြပါရန် တိုက်တွန်းကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။
-
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
-
#မြ၀တီနေ့စဉ်သတင်းစာ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်မြို့၊ ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ရွှေဘုံသာမုနိစေတီတော် မြတ်ကြီးအား သွားရောက် ဖူးမြော် ကြည်ညို

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်မြို့၊ ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ရွှေဘုံသာမုနိစေတီတော် မြတ်ကြီးအား သွားရောက် ဖူးမြော် ကြည်ညို
-
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆ 
-
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်တာဝန်ရှိသူများလိုက်ပါပြီး ယနေ့ ညနေပိုင်းတွင် ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးသို့ သွားရောက် ဖူးမြော်ကြည်ညိုသည်။
-
-
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓ ရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်းနှင့်ဆီမီးများ ကပ်လှူပူဇော်၍ စေတီ တော်ကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော် ကြည်ညိုပြီး ဘုရားဖူးလာပြည်သူများ သက်တောင့်သက်သာစိတ်ချမ်းမြေ့စွာရှိစေရန်အတွက် ဘုရားကြီး ရင်ပြင်တော်တွင် နေပူခံ ကျောက်ပြားများ ခင်းကျင်းနိုင်ရေးနှင့် ရင်ပြင်တော်အတွင်း၌ရှိသော  သစ်ပင်များ ပတ်လည်၌ အက်ကွဲနေသောအုတ်ခုံများသပ်သပ်ရပ်ရပ် ပြန်လည်ပြုပြင် မွမ်းမံရေးတို့အတွက် လိုအပ်သည်များ ညှိနှိုင်းစီစဉ် ဆောင်ရွက်ပေးသည်။
-
-
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် စေတီတော်မြတ်ကြီး ဘက်စုံပြုပြင် မွန်းမံရန်အတွက် အလှူငွေများအား ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့က စေတီတော်ကြီး၏ဓာတ်ပုံကားချပ်အား ဓမ္မလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်သည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စေတီတော်ကြီး၏ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ် ရေးထိုးခဲ့ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှတ်(၁၇) အကြီးစားစက်ရုံ (မလွန်)သို့ သွားရောက်ကြည့်ရှု

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှတ်(၁၇) အကြီးစားစက်ရုံ (မလွန်)သို့ သွားရောက်ကြည့်ရှု
-
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆ 
-
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ မလွန်ကျေးရွာ အနီးရှိ စက်မှုဝန်ကြီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၁၇) အကြီးစားစက်ရုံ (မလွန်)သို့ သွားရောက်ကြည့်ရှုသည်။
-




-
ဦးစွာ အစည်းအဝေးခန်းမတွင် စက်ရုံမှူးနှင့် တာဝန်ရှိသူများက စက်ရုံသမိုင်းအကျဉ်း၊ လမ်းကြိတ်စက်နှင့် နောက်တွဲယာဉ်များ၊ ဆန်စက်ငယ်များ၊ လယ်ထွန်စက်များ၊စပါးခြွေလှေ့စက်များ၊ သုံးဘီးမော်တော်ဆိုင်ကယ်များ၊ လယ်ယာသုံးစက်ပစ္စည်းများ၊ မြေပဲအခွံ ချွတ်စက်များ တပ်ဆင်ထုတ်လုပ် ရောင်းချပေးခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြရာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကသိရှိလိုအပ်သည်များ မေးမြန်းဆွေးနွေးပြီး မြန်မာနိုင်ငံသည်လယ်ယာစိုက်ပျိုးရေး နိုင်ငံဖြစ်သည့်အတွက် လယ်ယာသုံးစက် ကိရိယာများ များစွာလိုအပ်သဖြင့်ဖြည့်ဆည်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ခေတ်မီလယ်ယာသုံးစက် ကိရိယာများထုတ်လုပ်နိုင်ရေး နည်းလမ်းရှာဖွေ ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် တပ်မတော်မှလည်း လိုအပ်သည်များ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
-






-
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည်စက်ရုံမှထုတ်လုပ်ထားသည့် သုံးဘီးမော်တော်ဆိုင်ကယ်၊ လမ်းကြိတ်စက်၊ ဆန်စက်ငယ်နှင့် စပါးခြွေလှေ့စက်တို့အား ကြည့်ရှုပြီး စက်ရုံ၊အလုပ်ရုံများအတွင်း လှည့်လည်ကြည့်ရှုကြရာ စက်ရုံမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်စက်ရုံဝန်ထမ်းများအားစက်ရုံကောင်းစွာထိန်းသိမ်းထားနိုင်ခြင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။ 
-
အဆိုပါ အမှတ်(၁၇)အကြီးစားစက်ရုံ (မလွန်)အား ၁၉၆၅ ခုနှစ်မှ စတင်၍ လယ်ယာကဏ္ဍတွင် လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရာတွင် ဖြည့်တင်းပေးရန် လိုအပ်သောလယ်ထွန်စက်စီမံကိန်းအား စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အမှတ်(၂) စက်မှုဝန်ကြီးဌာန၊ အကြီးစားစက်မှုလုပ်ငန်း ကော်ပိုရေးရှင်းနှင့် ချက်ကိုစလိုဗက်ကီးယားနိုင်ငံ၊ မိုနိုကော့ဖ်ကုမ္ပဏီတို့ပထမပိုင်း ပူးပေါင်း ဆောင်ရွက်ရေး စာချုပ်ချုပ်ဆို ဆောင်ရွက်ခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် ပထမပိုင်း ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ရည်မှန်းချက်များ အပြည့်အ၀ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။ စက်ရုံတွင်လယ်ထွန်စက်တပ်ဆင်ရေး အလုပ်ရုံ၊ ပုံသွင်းနှင့်မာရှိန်ပြောင်း အလုပ်ရုံ၊ စက်ပစ္စည်း အစိတ်အပိုင်း ထုတ်လုပ်မှုအလုပ်ရုံ၊ သံရည်ကျိုအလုပ်ရုံ၊ လမ်းကြိတ်စက်နှင့် နောက်တွဲယာဉ်အလုပ်ရုံ၊ ဂီယာထုတ်လုပ်ရေးအလုပ်ရုံ၊ အင်ဂျက်ရှင်းပန့်နှင့် နော်ဇယ် အလုပ်ရုံနှင့် ဆန်စက်ငယ် ထုတ်လုပ်မှု အလုပ်ရုံများ တည်ဆောက်ထားပြီး လယ်ယာသုံး ထွန်စက်များ၊ ထွေလာများ၊ စပါးခြွေလှေ့စက်များ၊ ထော်လာဂျီများ၊ ဆန်စက်ငယ်များနှင့် သုံးဘီးဆိုင်ကယ်များ ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး စက်ရုံ အရှုံးပေါ်မှုများကြောင့် ၂၀၁၇ နှစ်တွင် ထုတ်လုပ်မှု လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရပြီး လိုအပ်သော ပြုပြင်မှုများ လုပ်ဆောင်ပြီးမှသာ ပြန်လည်လည်ပတ်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, February 25, 2019

တပ်မတော် (ကြည်း၊ ရေ၊ လေ) လက်ရုံး/ ဝန်ထမ်းတပ်များတွင် စစ်မှုထမ်းဆောင်ရန် အခြားအဆင့် အမျိုးသမီး စစ်မှု ထမ်းများ အလိုရှိသည်

တပ်မတော် (ကြည်း၊ ရေ၊ လေ) လက်ရုံး/ ဝန်ထမ်းတပ်များတွင် စစ်မှုထမ်းဆောင်ရန် အခြားအဆင့် အမျိုးသမီး စစ်မှု ထမ်းများ အလိုရှိသည်
-
၁။      လျှောက်ထားသူသည် အောက်ပါ အရည်အချင်းများနှင့် ပြည့်စုံရမည်-
(က)   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(အပျို)ဖြစ်ရမည်။
(ခ)    ၁-၄-၂ဝ၁၉ ရက်နေ့တွင်အသက်(၁၈)နှစ်ပြည့်ပြီးအသက်(၂၅)နှစ်ထက်မကျော်လွန်စေရ။
(ဂ)    အခြေခံပညာအဋ္ဌမတန်းအောင်မြင်ပြီးသူဖြစ်ရမည်။ 
(ဃ)  အရပ်(၅)ပေ (၂)လက်မ၊ ပေါင်(၁ဝဝ)နှင့်အထက်ရှိရမည်။ (အထက်ပါအတိုင်းကိုယ်အလေးချိန်သတ်မှတ်ထားသော်လည်းအသက်ငယ်ရွယ်သူများဖြစ်သဖြင့် ကိုယ်အလေးချိန်အားခြွင်းချက်အနေဖြင့်စဉ်းစားပါမည်။)
၂။      လျှောက်လွှာ ပုံစံများကို နီးစပ်ရာတပ်/ ဌာနချုပ်များတွင်အခမဲ့ထုတ်ယူနိုင်ပြီး  အောက်ပါစာရွက် စာတမ်း များနှင့်အတူ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များသို့ လူကိုယ်တိုင်သွားရောက်လျှောက်ထားရမည်-
(က)   နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)။
(ခ)  အခြေခံပညာအဋ္ဌမတန်း အောင်မြင်ကြောင်းသက်ဆိုင်ရာကျောင်းထွက်လက်မှတ်(မူရင်း)နှင့် ဒီပလိုမာ /ဘွဲ့ရရှိပြီး သူများဖြစ်ပါက ဒီပလိုမာ/ ဘွဲ့လက်မှတ်(မူရင်း)။
(ဂ)  အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာပြည်နယ်/ တိုင်းဒေသကြီး/ မြို့နယ်ရဲတပ်ဖွဲ့စခန်းတစ်ခုခုမှ တစ်လ အတွင်းရရှိသော ထောက်ခံစာ(မူရင်း)။
(ဃ)   တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ရောင်စုံဓာတ်ပုံ (၃)ပုံ။
(င)     အိမ်ထောင်စုဝင်စာရင်း မိတ္တူ။
(စ)     မိဘ/အုပ်ထိန်းသူ၏ သဘောတူညီကြောင်း ထောက်ခံချက်။
၃။      လျှောက်ထားသူများသည် အောက်ပါအတိုင်းလိုက်နာဆောင်ရွက်ရမည်-
(က)  လျှောက်လွှာ၊ သတ်မှတ်စာရွက်စာတမ်းများနှင့်အတူ ၂၆-၂-၂ဝ၁၉ ရက်နေ့မှ ၁၁-၃-၂ဝ၁၉ ရက်နေ့အတွင်း တိုင်းစစ် ဌာနချုပ်များသို့ လူကိုယ်တိုင် သွားရောက် လျှောက်ထားရမည်။
(ခ)     ပဏာမရွေးချယ်ကြောင်း အကြောင်းကြားစာရရှိသူများသည်သတ်မှတ်ရက်အတွင်း လျှောက်ထားခဲ့သည့် တိုင်းစစ်ဌာန ချုပ်များသို့ သတင်းပို့ရမည်။
(ဂ)    ရွေးချယ်ခံရသူများသည် စစ်ဘက်ဆိုင်ရာ ဆေးစစ်ခြင်းကို ခံယူရမည်။
(ဃ) စစ်ဘက်ဆိုင်ရာ ဆေးစစ် အောင်မြင်သူများအား တပ်ဝင်စာချုပ်ချုပ်ဆိုပြီး အခြေခံ စစ်ပညာသင်ကြားရန်သက်ဆိုင်ရာ လေ့ကျင့်ရေး သင်တန်းကျောင်းများသို့ ပို့လွှတ်ခြင်းခံရမည်။
၎။    အခြေခံတပ်သား သစ်သင်တန်းကို  ၄ လ တက်ရောက်ရမည်။ သင်တန်း တက်ရောက်နေစဉ် ကာလအတွင်း တပ်သား သစ်လစာ ၁၄၄ဝဝဝိ/-ကျပ်ကိုခံစားခွင့်ပြုမည်။ သင်တန်းပြီးဆုံးပါက (တပ်သားအခြေခံလစာ ၁၅ဝဝဝဝိ/- +M.H.R.A ၁ဝဝဝဝိ/- = ၁၆ဝဝဝဝိ/-) ခံစားခွင့်ရရှိမည်။
၅။    အခြေခံ တပ်သားသစ်သင်တန်း တက်ရောက်နေစဉ် ကာလအတွင်း မိမိတာဝန် ထမ်းဆောင်လိုသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ)လက်ရုံး/ဝန်ထမ်းတပ်ဖွဲ့တစ်ခုခုသို့ ဆန္ဒပြုရွေးချယ်နိုင်ပြီး၊ သင်တန်းဆင်းပြီး သတ်မှတ်ချက် ကိုက်ညီပါက မိမိဆန္ဒပြု ရွေးချယ်ထားသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)လက်ရုံး/ဝန်ထမ်းတပ်ဖွဲ့ (သို့မဟုတ်) သင့်လျော်ရာ လက်ရုံး ဝန်ထမ်း တပ်ဖွဲ့ တစ်ခုခုတွင် တာဝန်ထမ်းဆောင်ရမည်။ မှတ်ချက်။ အသေးစိတ်သိရှိလိုပါက နီးစပ်ရာ စစ်ဌာနချုပ်များတွင် စုံစမ်းမေးမြန်းနိုင်သည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ဆေးရုံ၌ တက်ရောက် ကုသလျက်ရှိသည့်ပအိုဝ်းတိုင်းရင်းသား ခေါင်းဆောင်ဦးအောင်ခမ်းထီအားသွားရောက် တွေ့ဆုံအားပေးစကား ပြောကြား

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ဆေးရုံ၌ တက်ရောက် ကုသလျက်ရှိသည့် ပအိုဝ်း တိုင်းရင်းသား ခေါင်းဆောင် ဦးအောင်ခမ်းထီအား သွားရောက် တွေ့ဆုံ အားပေးစကား ပြောကြား
-
နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၄
-  
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှနှင့် တပ်မတော် အရာရှိကြီများ လိုက်ပါပြီး ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံကုတင်(၁၀၀၀)တွင် အဆုတ်ရောင်ရောဂါဖြင့် တက်ရောက် ကုသမှုခံယူလျက်ရှိသည့် ပအိုဝ်းတိုင်းရင်းသား ခေါင်းဆောင်ဦးအောင်ခမ်းထီအား ယနေ့ နေ့လယ်ပိုင်းတွင် သွားရောက် ကြည့်ရှုအားပေးစကား ပြောကြားသည်။
-

-
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် အထူးကြပ်မတ် ကုသဆောင်တွင် ဆေးရုံတက်ရောက်ကုသမှု ခံယူလျက်ရှိသည့် ပအိုဝ်းတိုင်းရင်းသား ခေါင်းဆောင် ဦးအောင်ခမ်းထီအား တွေ့ဆုံပြီး ကျန်းမာရေး အခြေအနေများအား ရင်းရင်းနှီးနှီး မေးမြန်း အားပေးစကား ပြောကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်းနှင့် တပ်မတော် ဆေးကုသမှု ပါရဂူများ၏ကြပ်မတ် စစ်ဆေး ကုသပေးမှုများကြောင့် ဦးအောင်ခမ်းထီ၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger