www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts

Thursday, April 18, 2019

လှေခွင်းတောင်ခြေ ပေါင်းလောင်းမြစ်ကမ်း တစ်လျှောက်၌ အပန်းဖြေ ရေကစားသူများဖြင့် စည်ကားများပြား

လှေခွင်းတောင်ခြေ ပေါင်းလောင်းမြစ်ကမ်း တစ်လျှောက်၌ အပန်းဖြေ ရေကစားသူများဖြင့် စည်ကားများပြား
-
နေပြည်တော်၊ ရိုးရာပွဲတော် 
-
မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ပြီးဆုံးပြီဖြစ် ၍ ၁၃၈၁ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာ သီရိမြို့နယ် လှေခွင်းတောင်ခြေ ပေါင်းလောင်း မြစ်ကမ်းတစ်လျှောက်၌ အနယ်နယ်အရပ်ရပ်မှလာရောက်အပန်းဖြေကြသည့်  ရေကစားကြသူများဖြင့် စည်ကားလျက်ရှိသည်။ 
-
အဆိုပါ လှေခွင်းတောင်ခြေ ပေါင်းလောင်း မြစ်ဆိပ်အပန်းဖြေနေရာသို့ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ မြို့နယ် ရှစ်မြို့နယ်အပါအဝင် မြန်မာပြည်အနယ်နယ်အရပ်ရပ်မှအများပြည်သူများသည် မော်တော်ယာဉ် များ၊ မော်တော်ဆိုင်ကယ်များဖြင့်လာရောက် အပန်းဖြေအနားယူလျက်ရှိသည်။ 
-
ဓနှစ်စဉ် နှစ်ဆန်း တစ်ရက်နေ့ရောက်တိုင်း မြစ်ကမ်းတစ်လျှောက် အပန်းဖြေ လာရောက်ရင်း ရေကစားတဲ့သူတွေ အရမ်းများတယ်။ နေပြည်တော်တင်မကပဲအနယ်နယ် အရပ်ရပ်မှ ဘုရားဖူးရင်းလာရောက်အပန်းဖြေသူများလဲ ရှိ တယ်။ ဒီနှစ်ကပိုပြီး စည်ကားများပြားပါတယ်။ မြစ်ကမ်းခြေမှာ ရေကူးကစားရန်တင်မကပဲ မြစ်အတွင်း အပျော်စီး စပိဘုတ် များလဲ ငှားရမ်းစီးနင်း နိုင်အောင်စီစဉ်ထားပါတယ်။ ဒါ့အပြင် ရေကစားကြသူများ အန္တရာယ် ကင်းရှင်းစေရန် အတွက် ရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနဲ့ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနိုင်ရန် အတွက် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိပါတယ်။ 
-
ထိုအပြင် ကျေးရွာအုပ်စုမှ ဝါသနာရှင် ယိမ်းအဖွဲ့များက လည်း မြန်မာရိုး ရာ အတာသင်္ကြန် ယိမ်းအက အလှများ၊ ခေတ်ပေါ် တေးဂီတများဖြင့် ကပြဖျော်ဖြေ ကြပါတယ် ဟု ကျည်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးကြည်ထွန်းက ပြောသည်။ 
-
ပေါင်းလောင်း မြစ်ဆိပ် အပန်းဖြေနေရာတွင် ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ မြစ်ကမ်းတစ်လျှောက် လာရောက် အပန်းဖြေ ရေကစားသူများ မြစ်အတွင်း အန္တရာယ် မရှိစေရန်အတွက်ဥတ္တရခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခွန်မြတ်လင်းလင်းဦးစီး ရဲတပ်ဖွဲ့ဝင် ၆ဝ ဦး၊ ဇေယျာသီရိမြို့နယ် ယာဉ်ထိန်း တပ်ဖွဲ့ဝင် ၇ ဦး၊ ဇေယျာသီရိမြို့နယ် မီးသတ်တပ်ဖွဲ့ ဒုတိယတိုင်းမှူးဦးစီး ၁၇ ဦး၊ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ ကျန်းမာရေးမှူး ဦးစောမင်းဇော်ဦးစီး ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင် ၆၃ဦး ပူးပေါင်းကာ သူနာပြုယာဉ်များ၊ စပိဘုတ်များဖြင့် လှည့်လည်စောင့်ရှောက် ကြီးကြပ်ခြင်းများ ပြုလုပ် ပေးလျက်ရှိကြောင်း သိရသည်။ 
-
အောင်လှိုင်ဝင်း
-
#မြ၀တီနေ့စဉ်သတင်းစာ

သတင်းထုတ်ပြန်ချက် - ဥပဒေအကြံပေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း

သတင်းထုတ်ပြန်ချက် - ဥပဒေအကြံပေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း
-
၁။ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် အစွန်းရောက်ဘင်္ဂါလီ (ပြည်ပနိုင်ငံအချို့နှင့် ပြည်ပအဖွဲ့အစည်းအချို့၏ အခေါ် ရိုဟင်ဂျာ) အကြမ်းဖက်သမားများ၏ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက် အကြမ်းဖက်တိုက်ခိုက်မှုများနှင့်ဆက်စပ်ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်များနှင့်စပ်လျဉ်း၍စစ်ဥပဒေချုပ်ရုံး၏ အကြံပြုချက်အရထပ်မံစိစစ်ရန်လိုအပ်သဖြင့်တပ်မတော်နည်းဥပဒေများအရ စုံစမ်းစစ်ဆေးရေးခုံရုံးကို ဖွဲ့စည်း၍ ၂၀၁၉ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့မှစတင်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါသည်။  
-
၂။ ဖြစ်စဉ်များနှင့် သက်ဆိုင်သည့် သက်သေခံအထောက်အထား ၊ အချက်အလက်များကို စုံစမ်း စစ်ဆေးရေးခုံရုံးသို့လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှ တစ်ဆင့်ဖြစ်စေ၊အီးမေးလ်မှတစ်ဆင့်ဖြစ်စေ သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း ပေးပို့တင်ပြနိုင်ကြောင်းကို စုံစမ်းစစ်ဆေးရးခုံရုံးက ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့ တွင် ဖိတ်ခေါ်ထားပါသည်။  
-
၃။ စုံစမ်းစစ်ဆေးရေးခုံရုံးက စုံစမ်းစစ်ဆေးမှုများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၏ တာဝန်ပေးချက်အရလိုအပ်သည့် သက်သေခံ အချက်အလက်များ စုဆောင်းခြင်းဆိုင်ရာများ ၊ ဥပဒေကြောင်း ဆိုင်ရာများနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာများကို အကြံပေးနိုင်ရန် အောက်ပါ အဖွဲ့ဝင်များပါဝင်သည့် ဥပဒေအကြံပေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည် -   
(က) ဗိုလ်ချုပ် သောင်းနိုင် ဒုတိယစစ်ဥပဒေချုပ် ဥက္ကဋ္ဌ    
(ခ ) ဒုတိယဗိုလ်မှူးကြီး မြင့်သိန်း လက်ထောက်စစ်ဥပဒေချုပ် အဖွဲ့ဝင်    
(ဂ ) ဗိုလ်မှူး မြင့်ဆန်း ဒုတိယလက်ထောက် စစ်ဥပဒေချုပ် အဖွဲ့ဝင်    
(ဃ) ဗိုလ်ကြီး ကျော်ကျော်လင်း ဒုတိယ လက်ထောက်စစ်ဥပဒေချုပ်(ဗိုလ်ကြီး) အဖွဲ့ဝင်    
(င ) ဗိုလ်ကြီး ဒေါ်သဇင်ဆွေ စစ်ဥပဒေအရာရှိ အဖွဲ့ဝင်  
၎။ ဥပဒေအကြံပေးအဖွဲ့၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-    
(က) မည်သည့်သက်သေများကို စစ်မေးသင့်ကြောင်း အကြံပေးရန်၊    
(ခ ) မည်သည့်သက်သေခံ အထောက်အထားများ ရယူသင့်ကြောင်း အကြံပေးရန်၊    
(ဂ) မည်သည့် အခင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေးသင့်ကြောင်း အကြံပေးရန်   
(ဃ) သက်သေများကို စစ်မေးရာတွင် ကွင်းဆက်မပြတ်စေရေး လိုအပ်သည့် အကြံပေးရန်၊    
(င ) အခြားဥပဒေအကြောင်းဆိုင်ရာ လိုအပ်သည့် အကြံများပေးရန်။    
-
စစ်ဥပဒေချုပ် 
-
#မြ၀တီနေ့စဉ်သတင်းစာ

နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာ ဘိဝံသ၏ မြန်မာနှစ်သစ်ကူး သြဝါဒ

နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော်  ဒေါက်တာ ဘဒ္ဒန္တကုမာရာ ဘိဝံသ၏ မြန်မာနှစ်သစ်ကူး သြဝါဒ
-
တိုင်းသူပြည်သားအားလုံးနှင့်တကွ ကမ္ဘာသူကမ္ဘာသားအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဟု နှစ်စဉ် အမြဲ ဆုတောင်းမေတ္တာပို့သ နေကျအတိုင်း ဆုတောင်းမေတ္တာပို့သပါသည်။ ကမ္ဘာသူကမ္ဘာသားအားလုံး ကျန်းမာချမ်းသာပါက သက်ရှိသတ္တဝါတွေအားလုံး ကျန်းမာချမ်းသာကြပေမည်။ 
-
သတ္တဝါတွေအားလုံးဘုရားဂုဏ်တော်ကို အမြဲမပြတ်အောက်မေ့ပြီး အနုဿတိ ဘာဝနာ ပွားများပါမှ ဘုရားဓာတ်တွေကူးပြီး သတ္တ လောကကြီး ချမ်းချမ်းသာသာရှိပေမည်။ ထို့ပြင် မေတ္တာဘာဝနာပွားပါမှ အေးချမ်းသာယာသော လောကကြီးဖြစ်လာနိုင်ပေမည်။ ဘုရားဂုဏ်တော်ပုတီးစိပ်ပြီးမေတ္တာပွားပါမှ ကမ္ဘာသူကမ္ဘာသား သက်ရှိ သတ္တလောကကြီး အေးချမ်းသာယာ ရှိပေမည်။ 
-
ထို့ကြောင့် သတ္တလောကကြီးအေးချမ်းသာယာ၍ ကိုယ်ရောစိတ်ပါကျန်းမာချမ်းသာ ကြစေရန် အလွန်တရာလိုလား အပ်သော ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းနှင့် မေတ္တာကမ္မဋ္ဌာန်း နှစ်ပါးကို ကြိုးစားပွားကြပါစို့။
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, April 11, 2019

မဟာသင်္ကြန် ရုံးပိတ်ရက်များတွင် မြဝတီ သတင်းစာ ခေတ္တ ရပ်နားမည်

မဟာသင်္ကြန် ရုံးပိတ်ရက်များတွင် မြဝတီ သတင်းစာ ခေတ္တ ရပ်နားမည်
-
မဟာသင်္ကြန် ရုံးပိတ်ရက်များတွင် မြဝတီ သတင်းစာ ခေတ္တ ရပ်နားမည်  မြဝတီနေ့စဉ်သတင်းစာအား  မဟာသင်္ကြန်ကာလရုံးပိတ်ရက်များဖြစ်သည့် ၂ဝ၁၉ ခုနှစ် ဧပြီ  ၁၃ ရက်(စနေနေ့)မှ ဧပြီ ၁၈ ရက်(ကြာသပတေးနေ့)အထိ ခြောက်ရက်ခေတ္တရပ်နားမည်ဖြစ်ပြီး ဧပြီ ၁၉ ရက် (သောကြာနေ့)တွင် ပုံမှန်အတိုင်း ဆက်လက်ထုတ်ဝေသွား မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

ဖုန်ကန်ရာဇီရေခဲတောင်ထိပ်ရောက် တောင်တက်သမားများအား ဂုဏ်ပြုပွဲနှင့်ဓာတ်ပုံပြပွဲကျင်းပ

ဖုန်ကန်ရာဇီရေခဲတောင်ထိပ်ရောက် တောင်တက်သမားများအား  ဂုဏ်ပြုပွဲနှင့်ဓာတ်ပုံပြပွဲကျင်းပ
-
ရန်ကုန်၊ လူမှုရေး  ကချင်ပြည်နယ် ပူတာအိုဒေသရှိ  ပေပေါင်း ၁၂ဝဝဝ နီးပါးမြင့်သော ဖုန်ကန်ရာဇီ ရေခဲတောင်ထိပ်ပေါ်သို့ အောင်မြင်စွာ တက်ရောက်ကာ မြန်မာနိုင်ငံအတွက် ရေခဲတောင် သဘာဝပတ်ဝန်းကျင်ရှုခင်းများကို မှတ်တမ်းတင်နိုင်ခဲ့သော တောင်တက်သမားများ အားဂုဏ်ပြုပွဲနှင့် ဓာတ်ပုံပြပွဲကို ဧပြီ ၉ ရက် က  ရန်ကုန်မြို့နက္ခတ်တာရာ ပြခန်း အနီး The Yangon Gallery ၌ ကျင်းပသည်။ 
-
''ပူတာအိုတစ်ဝိုက်က ရေခဲတောင်တက် ခရီးစဉ်က  ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ရည်ရွယ်တာပါ။  ခရီးစဉ်ကို  အစတုန်းက ခုနစ်ညအိပ် ရှစ်ရက်ခရီးလို့ မှန်းတာပါ။ တောင်ပေါ်မှာက လေပြင်းတွေတိုက်၊  မိုးတွေရွာပြီး ရာသီဥတုကအရမ်းဆိုးနေတယ်။ တချို့တောင်ပေါ် စခန်းမှာဆိုရင် နှစ်ညတောင် အိပ်ခဲ့ရတာတွေ ရှိတယ်။ ဒါကြောင့် ကိုးရက်ကြာခဲ့တယ်။ ဒီလိုရေခဲတောင်ကို မတက်ခင်မှာ ကိုယ်လက်ကြံ့ခိုင်မှု၊စိတ်ဓာတ်ကြံ့ခိုင်မှု၊ အစားအသောက်၊ အနေအထိုင်တွေကို ကြိုတင်ပြင်ဆင်တာတွေလုပ်ပြီးမှ တက်ပါလို့ အကြံပြုလိုပါတယ်'' ဟု အသက် ၇၂ နှစ်ရှိပြီဖြစ် သော ရေခဲတောင်တက်သမား  ဒေါက်တာ မောင်မောင်ကြီးကပြောသည်။
-
ထိုတောင်တက်ခရီးစဉ်ကို ကချင်ပြည်နယ် ပူတာအိုရှိ ဖုန်ကန်ရာဇီ တောင်ခြေမှ စတင်ပြီး ယခုနှစ် မတ် ၄ ရက်မှ တောင်တက် ခရီးစတင်ရာ တောင်တက်စခန်းလေးခု ချခဲ့ပြီး ပူတာအို ပြန်ရောက်သည့် မတ်၁၃ ရက်အထိ ကိုးရက်ကြာ မြင့်ခဲ့သည်။    
-
ဓာတ်ပုံဆရာကြီး  ဒေါက်တာ မောင်မောင်ကြီးဦးဆောင်ကာဦးစိုးလှိုင်၊ကိုကျော်ဇောလေး၊ ကိုလှိုင်မင်း အောင်၊ ကိုဝေဖြိုးတို့လေးဦးသည် တောင်တက်ခရီးစဉ်တစ်လျှောက်အကူအညီပေးသောပူတာအိုဒေသခံ လမ်းပြ တောင်တက်သမားတချို့နှင့်အတူတက်ရောက်ခဲ့ခြင်းဖြစ်သည်။ခြေလျင်တောင်တက်မျိုးဆက်သစ်များ အနေဖြင့် မှတ်တမ်းတင်ဖွယ်ရာ ရေခဲသစ်ပင်များ၊  သဘာဝရေခဲကျောက်ဆောင်များ၊ ရေခဲတောင်ဒေသ၌ ကျက်စားနေထိုင်သော ရှားပါး တောရိုင်းတိရစ္ဆာန်များ၊ ရေခဲတောင်ဒေသနေ ရှားပါးငှက်မျိုးစိတ်များ၊ သဘာဝရှုခင်းများနှင့် ရေခဲတောင်၏ သဘာဝအလှများကိုကမ္ဘာကသိအောင်ဖော်ထုတ် မည်ဖြစ် ကြောင်း သိရသည်။   -
မောင်မျိုး (ဧရာဝတီ)
-
#မြ၀တီနေ့စဉ်သတင်းစာ

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ ထိုင်းနိုင်ငံနှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတ နိုင်ငံ သံအမတ်ကြီးတို့က သီးခြား စီ ခန့်အပ်လွှာပေးအပ်

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ ထိုင်းနိုင်ငံနှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတ နိုင်ငံ သံအမတ်ကြီးတို့က သီးခြား စီ ခန့်အပ်လွှာပေးအပ်
-
နေပြည်တော်​ ဧပြီ ၁ဝ 
-
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သောမစ္စစ်ဆူဖတ်သရာ ဆီမိုင်းသရီဖိတပ်သည် ယနေ့နံနက် ၁ဝ  နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ ၄င်း၏သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။ 
-
အလားတူ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ  ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘော တူညီပြီး ဖြစ်သော မစ္စတာ ဟွန်းဆန် ကမ်ဒါလာဗွန်သည် ယနေ့နံနက် ၁ဝ နာရီ မိနစ် ၄ဝ တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်သံတမန် ဆောင်ဧည့်ခန်းမ၌ ၄င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။ အဆိုပါ သံအမတ်ခန့်အပ်လွှာ ပေးအပ်ပွဲအခမ်းအနားများသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းသိမ်း တို့ တက်ရောက်ကြကြောင်း သတင်းရရှိသည်။ 
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, April 9, 2019

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေး ကျင်းပ

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီ ပထမအကြိမ်  ညှိနှိုင်း အစည်းအဝေး ကျင်းပ
-
နေပြည်တော်  ဧပြီ  ၈ 
-
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ ကော်မတီဆောင် I-20 ၌ကျင်းပသည်။ 
-
အစည်းအဝေးတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်က ရခိုင်ပြည်နယ် အတွင်းဖြစ်ပွားလျက်ရှိသည့်ပဋိပက္ခများသည် ရခိုင်ပြည်နယ် အတွက်သာမက ပြည်ထောင်စုတစ်ရပ်လုံး၏ အရေးကြီးသည့် ပဋိပက္ခဖြစ်ကြောင်း၊ မိမိတို့ ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့်ပဋိပက္ခများကိုလျော့ကျသွားစေရန် ရခိုင် ပြည်နယ်ရှိ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒေသခံ ပုဂ္ဂိုလ်များနှင့်တွေ့ဆုံဆွေးနွေး၍ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ထိုသို့တွေ့ဆုံဆွေးနွေးရာမှရရှိလာသည့် အခြေခံအချက်အလက်များကိုမူတည်၍ ရေတိုရေရှည်ဆောင်ရွက် ရမည့်လုပ်ငန်းများကို ပြည်ထောင်စုအစိုးရသို့ အစီရင်ခံစာ ရေးသားတင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 
-
ထို့နောက် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီ ဒုတိယ ဥက္ကဋ္ဌများဖြစ်ကြသည့် ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းနှင့် ဦးညီလှငယ်တို့ကရခိုင်ပြည်နယ်အတွင်းဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများ အမြန်ဆုံး လျော့ကျ၍ ရခိုင်ပြည်နယ် တစ်ခုလုံးတည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရေတိုရေရှည်ဆောင်ရွက်ရမည့်စီမံချက်လုပ်ငန်းများနှင့်စပ်လျဉ်း၍ အကြံပြု ဆွေးနွေးကြသည်။ 
-
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအထောက် အကူပြုကော်မတီ ဒုတိယ ဥက္ကဋ္ဌများ၊ ကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။ 
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

ရန်ကုန် သင်္ကြန် မဏ္ဍပ်များ၌ သီဆို ဖျော်ဖြေမည့် သီချင်းများ အတွက် မူပိုင်ခွင့် ရယူရမည်

-
ရန်ကုန်၊ ယဉ်ကျေးမှု ယခုနှစ် မဟာသင်္ကြန်ပွဲတော် ရန်ကုန် သင်္ကြန်မဏ္ဍပ်များ၌သီဆိုဖျော်ဖြေမည့် သီချင်းများအတွက် မူပိုင်ခွင့်ရယူရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတွဲဖက်အတွင်းရေးမှူး ဦးသန်း၏ပြောဆိုချက်အရ သိရသည်။ 
-
ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်၌ သီဆိုမည့် တေးသီချင်းများအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အနေဖြင့် မူပိုင်ခွင့် ရယူပေးမည်ဖြစ်ပြီး တခြားသောပုဂ္ဂလိကသင်္ကြန်မဏ္ဍပ်များ၌သီဆိုမည့်သီချင်းများအတွက်ကိုမူ ကိုယ်ပိုင် အစီအစဉ်ဖြင့် မူပိုင်ခွင့်ရယူရမည် ဖြစ်သည်။ သင်္ကြန်မဏ္ဍပ်များ၌ တေးသီချင်းများအား  မူပိုင်ခွင့်မယူဘဲ သီဆိုခြင်းကို ခွင့်ပြုပေးမည်မဟုတ်သည့်အပြင် ဖျော်ဖြေမည့်အနုပညာရှင်များ အနေဖြင့်လည်း မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိခိုက်မှုရှိစေမည့် အပြုအမူများဖြင့် ဖျော်ဖြေခြင်းကိုလည်း ခွင့်ပြုမည်မဟုတ်ဘဲ လိုက်နာမှုမရှိပါက အရေးယူမည်ဖြစ်ကြောင်းသိရသည်။ 
-
''ဒီနှစ် ရန်ကုန်သင်္ကြန်ကို စည်ကားသိုက် မြိုက်စွာကျင်းပနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေး နေပါတယ်။ ဖျော်ဖြေရေး အပိုင်းတွေမှာလည်း အများအမြင်မှာမသင့်တော်တာတွေ မလုပ်ဖို့ တားမြစ်ထားပါတယ်။ တေးသီချင်း တွေကအစ မူပိုင်ခွင့် တောင်းခံဆောင်ရွက်ရပါမယ်။ ရန်ကုန်မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်မှာဆိုရင်လည်း   ရိုးရာယဉ်ကျေးမှုအတိုင်း ဖျော်ဖြေပေးမှာပါ။ မဏ္ဍပ်အတွက် အနုပညာရှင်ဖိတ်ကြားမှုတွေကို  သဘင်၊  ဂီတနဲ့   ရုပ်ရှင်အစည်းအရုံးက ဦးဆောင်ပြီးတော့ လာရောက်ဖျော်ဖြေကြမှာပါ။ လုံခြုံ ရေးပိုင်းတွေနဲ့ စည်းကမ်းထိန်းသိမ်းရေးပိုင်း တွေကိုလည်း စနစ်တကျလုပ်ဆောင်မှာ ဖြစ်ပါတယ်''ဟု ဦးသန်းကပြောသည်။ 
-
ယခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း တည်ဆောက်ခွင့်ပြုထားသည့် သင်္ကြန်မဏ္ဍပ်များအနေဖြင့်  ဝေဇယန္တာ လမ်း၊ ပါရမီလမ်း၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မင်းဓမ္မလမ်း၊ ပြည်လမ်း၊ လှည်းတန်းမီးပွိုင့်မှ ပြည်လမ်းအတိုင်း တက္ကသိုလ်ရိပ်သာလမ်း၊  ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အနော်ရထာ လမ်း၊  မဟာဗန္ဓုလလမ်း  စသည့်နေရာ တို့၌ ခွင့်ပြုပေးထားပြီး ဗဟိုမဏ္ဍပ်နှင့် ခရိုင် လေးခုမှအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မဏ္ဍပ်လေးခုအပါအဝင် မဏ္ဍပ်အကြီး၊  အသေး  စုစုပေါင်း  ၃၄  ခုခန့် ရှိမည်ဖြစ်သည်။ 
-
ထို့ပြင် ယခုနှစ်တွင် စီးပွားဖြစ်မဏ္ဍပ်များ ကို  ခွင့်ပြုပေးထားခြင်းမရှိကြောင်း၊ မဟာသင်္ကြန်ရက်များအတွင်း  ရေကစား မဏ္ဍပ်များ တည်ဆောက်ရန်စည်းကမ်းချက် ၄၆ချက်နှင့်အညီ ဆောင်ရွက်မည့်မဏ္ဍပ်များကို သာခွင့်ပြုပေး ထားကြောင်း သိရသည်။ 
-
စိုးမိုး
-
#မြ၀တီနေ့စဉ်သတင်းစာ

ရန်ကုန်မြို့ရှိ တိုက်ခန်းများသို့ ရေသန့်ဘူး ပို့ဆောင်သည့် နှုန်းထားများ မြင့်တက်လာ

ရန်ကုန်မြို့ရှိ တိုက်ခန်းများသို့ ရေသန့်ဘူး ပို့ဆောင်သည့် နှုန်းထားများ မြင့်တက်လာ
-
နွေဦးရာသီ ရောက်ရှိလာသောကြောင့်ရန်ကုန်မြို့ရှိတိုက်ခန်းများသို့ ရေသန့်ဘူးပို့ဆောင်သည့် ပို့ခနှုန်းထားများ   မြင့်တက်လာကြောင်း  ဒေသခံပြည်သူများထံမှ သိရသည်။ လက်ရှိတွင် နွေဦးရာသီရောက်ရှိလာပြီး  အပူဒဏ်မြင့်တက်လာသည့်အတွက် ရေသန့်ဘူးပို့သည့်အလုပ်သမားများအား လုပ်အားခ  ပိုပေးရသောကြောင့် ပို့ခနှုန်းထားများ မြင့်တက်လာရခြင်း ဖြစ်ကြောင်း သိရသည်။ 
-
''အခုရာသီက နေအရမ်းပူပြီး အလုပ်သမားတွေလည်း တိုက်အမြင့်တွေပေါ်တက်ရတာအရမ်းပင်ပန်းတယ်။ဒါကြောင့် လုပ်ခတွေပိုတောင်းလာတယ်။ ပိုမပေးရင်အလုပ်မဆင်းတော့ဘူး ဆိုပြီး ထွက်ကြတယ်။ ဒါကြောင့် အလုပ်သမားတွေအလုပ်မထွက်အောင်လခတိုးပေးရတယ်။ အဲဒီအတွက် ဈေးနှုန်းပိုတောင်းရတာပါ''ဟု သင်္ဃန်း ကျွန်း မြို့နယ်ရှိ ရွှေရည်ဦး သောက်ရေသန့်လုပ်ငန်း မှတာဝန်ရှိသူတစ်ဦးကပြောသည်။ 
-
ယခင်က ငါးလွှာတိုက်ခန်း (ဓာတ်လှေ ကားရှိပါက)  ရေသန့်ဘူး ပို့ခ တစ်ဘူးလျှင်  ငွေကျပ်  ၆ဝဝ မှ ယခုအခါ ငွေကျပ် ၇ဝဝ၊ ရိုးရိုးလှေကားနှင့်တက်ပါက တစ်ဘူးလျှင် မူလဈေးထက် ငွေကျပ်၂ဝဝ ပိုပေးရကြောင်း နှင့် တိုက်ခန်းမြင့်လျှင် ဈေးနှုန်းပိုပေးရကြောင်း သိရသည်။ 
-
''နွေရာသီဆိုရင် အမြဲတမ်းဈေးတက်တယ်။ မနှစ်ကလည်းတက်တယ်။  ဇွန်လလောက်မှ ပြန်ကျသွားတာ။  တစ်ဘူးကို ငွေကျပ် ၁ဝဝ နှုန်းတက်သွားတယ်။ လုပ်အားခပိုပေးရတာကြောင့်လို့ ပြောတယ်။ မိုးရာသီ ရောက်ရင် ဈေးပြန်ချပေးမယ်လို့ ပြောတယ်။ ဓာတ်လှေကားရှိရင်တော့ တစ်ဘူးကို ငွေကျပ် ၆ဝဝ ကနေ ၇ဝဝ ဖြစ်သွားတယ်။ ဓာတ်လှေကား မီးပြတ်ရင်တော့ မူလဈေး ထက် ငွေကျပ် ၂ဝဝ ပိုပေးရတယ်'' ဟုသင်္ဃန်းကျွန်းမြို့နယ်(ခ)ရပ်ကွက်၌ နေထိုင်သည့် မနန်းကပြောသည်။ ရန်ကုန်မြို့တွင်း၌ နှစ်စဉ် နွေရာသီရောက်တိုင်း ရေသန့်ဘူးပို့ခနှုန်း ထားများမြင့်တက်လေ့ရှိကြောင်း သိရသည်။       
-
 ကျော်ကို
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, April 4, 2019

အင်းလေးရေပေါ် သင်္ကြန်ပွဲတော် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်

အင်းလေးရေပေါ် သင်္ကြန်ပွဲတော် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်
-
၂ဝ၁၉ ခုနှစ် နှစ်သစ်ကူးမဟာသင်္ကြန် ပွဲတော်တွင် အင်းသားရိုးရာ ယဉ်ကျေးမှုထိန်းသိမ်း စောင့်ရှောက်ရေး၊ အင်းလေးဒေသ ခရီးသွား လုပ်ငန်းမြှင့်တင်ရေးနှင့် ရိုးရာယဉ်ကျေးမှု ဓလေ့များ ဖော်ကျူးသည့်အနေဖြင့် ပထမဦးဆုံး အကြိမ် အင်းလေးရေပေါ်သင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်မှ ၁၇ ရက်အထိ ညောင်ရွှေမြို့နယ် အင်းလေးဒေသ နန်းပန်ကျေးရွာရှိ Innlay Cultural Heritage Trust Complex ၌ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 
-
''ကျွန်တော်တို့ရေပေါ်သင်္ကြန်ကို အကြိုနေ့ ညနေ ၃ နာရီမှာ ဖွင့်ပွဲအခမ်းအနားနဲ့ ကျင်းပမှာပါ။ သင်္ကြန်အကြိုနေ့မှ သင်္ကြန်အတက်နေ့အထိ အင်းလေးကန် အတွင်းမှာ နေထိုင်ကြတဲ့ ညီနောင်တိုင်းရင်းသား တွေရဲ့ ရိုးရာအကအလှ ဖျော်ဖြေ တင်ဆက်မှုတွေ၊ နိုင်ငံကျော် တေးသံရှင်ကြီးတွေရဲ့ တေးဂီတ ဖျော်ဖြေရေး အစီအစဉ်များနဲ့ နေ့စဉ်တင်ဆက် သွားမှာပါ''ဟု Miss Innlay Organization မှ ကိုမြင့်သိန်းထွန်းကပြောသည်။ -
အင်းလေးဒေသ၏ ပထမဦးဆုံး ကျင်းပသည့် ရေပေါ်သင်္ကြန်ပွဲတော် နွှဲပျော်ရန်နှင့် စတုဒိသာ ကျွေးမွေးရန်အတွက် ရေပေါ်မဏ္ဍပ်၂ဝ ကျော်ကိုလည်းစီစဉ်ထားကာ ဒေသတွင်း တိုင်းရင်းသား ပြည်သူများနှင့်အပန်းဖြေရန် လာရောက် လည်ပတ်ကြသည့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ အင်းလေးဒေသနှင့် မြန်မာနိုင်ငံကို ပိုမိုစိတ်ဝင်စားပြီး ခရီးသွားများ ဝင်ရောက်ကာ ဒေသတွင်း ခရီးသွားလုပ်ငန်းအလုပ်အကိုင်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, April 3, 2019

ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ကြိုးတံတားများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှု စစ်ဆေး

ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ကြိုးတံတားများ  အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု  အခြေအနေတို့ကို ကြည့်ရှု စစ်ဆေး
-
နေပြည်တော်  ဧပြီ  ၂ 
-
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော်သည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်-ကံကုန်း-မြင်းကဆိပ်-မြောင်းမြလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက် နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီးကွန်ကရစ်ခင်းရာတွင် အရည် အသွေး၊ စံချိန်စံညွှန်း ပြည့်မီစေရေး အထူးအလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။ 
-
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့အား တံတားဦးစီးဌာန အင်ဂျင်နီယာချုပ်ဦးကျော်လင်းက အဆိုပါ လမ်းပေါ်ရှိ ပမ္မဝတီ တံတား(မြင်းကဆိပ်) ကြိုးတံတားကြံ့ခိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ရှင်းလင်းတင်ပြရာ န်ကြီးက လုပ်ငန်းလိုအပ်ချက်များမှာကြားသည်။ 
-
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဝါးခယ်မ-မရမ်းချောင်-မြောင်းမြလမ်းပေါ်၌ တံတားဦးစီးဌာန တည်ဆောက်ရေး အဖွဲ့(၂)မှ ယခင်ကြိုးတံတားအနီးတွင် တံတားသစ် တည်ဆောက်နေမှုနှင့်စပ်လျဉ်း၍ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဌေးဦးက ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လမ်းပန်း ဆက်သွယ်ရေး မပြတ် တောက်စေရေး လက်ရှိ ကြိုးတံတား ခံနိုင်ဝန် သတ်မှတ်ချက်အတိုင်းမော်တော်ယာဉ်ငယ်များဖြတ်သန်းခွင့်ပြုပြီး ကုန်တင်ယာဉ်များကို ဇက်ရေယာဉ်ဖြင့် ဖြတ်သန်းခွင့်ပြုရန်မှာကြားသည်။ 
-
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပန်းတနော်-ရွှေလောင်း-ဝါးခယ်မလမ်းပေါ်တွင် တံတားဦးစီးဌာန တံတားအထူး အဖွဲ့(၁၅)က  ဝါးခယ်မကြိုးတံတား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေသည့်  စီမံကိန်းသို့ ရောက် ရှိပြီး ဘိုးပိုင် လုပ်ငန်း ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။ ယခုအခါ ဝါးခယ်မတံတားမှ ပင်မတံတား ကြိုးဆိုင်းများနှင့် ကြမ်းခင်း ဘေလီများ ဖြုတ်သိမ်းပြီးဖြစ်၍ ရေလယ်ဘိုးပိုင် လုပ်ငန်း များဆောင်ရွက်ရန်အတွက် သံဆင်ခြင်း၊ Stand Pipe များချခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ 
-
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပန်းတနော်- ရွှေလောင်း- ဝါးခယ်မ လမ်းပေါ်ရှိ ရွှေလောင်းတံတား အဆင့် မြှင့်တင် ခြင်းလုပ်ငန်းခွင်သို့ရောက်ရှိရာ ညွှန်ကြားရေးမှူးချုပ် ဦးရွှေလေးကဧရာဝတီတိုင်း ဒေသကြီး မြစ်ဝကျွန်း ပေါ်ဒေသ   လမ်းကွန်ရက်ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်းတွင်ပါဝင်သော  တည်ဆောက်ပြီးတံတားများ၊ အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်နေသည့် တံတားများနှင့်ဆက်လက်ဆောင်ရွက်မည့် တံတားများ၊ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရန် အတွက် ဆောင် ရွက်ထားရှိသည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ 
-
တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက ကြိုးတံတားများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်နေစဉ် ခရီးသွား ပြည်သူများ လမ်းပန်းဆက်သွယ်ရေး မပြတ်တောက် စေရေးအတွက်ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ပေးရန် မှာကြားပြီး လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရသည်။
-      
(သတင်းစဉ်) 
-
#မြ၀တီနေ့စဉ်သတင်းစာ

ထာဝရငြိမ်းချမ်းရေး ဓမ္မသဘင် ပြည်သူ့ရင်ပြင်၌ ဆက်လက် ကျင်းပ

ထာဝရငြိမ်းချမ်းရေး ဓမ္မသဘင် ပြည်သူ့ရင်ပြင်၌ ဆက်လက် ကျင်းပ
-
ရန်ကုန်  ဧပြီ  ၂ 
-
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော ထာဝရငြိမ်းချမ်းရေး ဓမ္မသဘင် ဒုတိယနေ့ကို ယနေ့ည ၇ နာရီခွဲတွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီး ထီးတော်ရိပ်အောက်ရှိ ပြည်သူ့ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။
-
ငြိမ်းချမ်းရေး ဓမ္မသဘင်ကို ဧပြီ ၁ ရက်မှ ၅ ရက်အထိ ကျင်းပလျက်ရှိရာဆရာတော်ကြီးများက တရားအလှူ ပေးသွားမည်ဖြစ်သည်။ နေပြည်တော်ရှိ ထာဝရငြိမ်းချမ်းရေး စေတီတော်တွင် ကိန်းဝပ် စံပယ်တော်မူမည့် ဉာဏ်တော်အမြင့် ၆ ပေ၊  အလျား ၅ ပေရှိ စကျင် ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူနှင့် ဉာဏ်တော်အမြင့် ၃ ပေရှိ စကျင်ဗုဒ္ဓ ရုပ်ပွားတော် တစ်ဆူတို့အား ရဟန်းရှင်လူ ပြည်သူအများကုသိုလ်ယူပူဇော်နိုင်ရန် အတွက် ရွှေတိဂုံစေတီတော်မြတ်ကြီး၏  မေတ္တာရိပ်အောက်တွင် ဧပြီ ၁  ရက်မှ ၁၈ ရက်ထိ ရင်ငွေ့တော်လှုံ အပူဇော်ခံလျက်ရှိရာ  ယနေ့တွင်ရဟန်းရှင်လူပြည်သူ အများက လာရောက်ဖူးမြော် ကြည်ညို၍ ထာဝရငြိမ်းချမ်းရေး စေတီတော်တည်ထား ကိုးကွယ်ရေးအတွက် အလှူတော်ငွေများ ထည့်ဝင်လှူဒါန်းကြပြီး ဝတ်အသင်းအဖွဲ့များ ကလည်း ဝတ်ရွတ်ပူဇော် ကုသိုလ်ယူလျက်ရှိကြောင်းသိရသည်။ 
-
#မြ၀တီနေ့စဉ်သတင်းစာ

သင်္ကြန် ကာလအတွင်း ပါရမီမြို့တွင်း ခရီးသည် ပို့ဆောင်ရေးမှ ယာဉ်အစီးရေ ၂ဝ ရာခိုင်နှုန်း ပြေးဆွဲ ပေးနိုင်ရန် စီစဉ်ထား

သင်္ကြန် ကာလအတွင်း ပါရမီမြို့တွင်း ခရီးသည် ပို့ဆောင်ရေးမှ ယာဉ်အစီးရေ ၂ဝ ရာခိုင်နှုန်း ပြေးဆွဲ ပေးနိုင်ရန် စီစဉ်ထား
-
သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တွင်း ခရီးသွားများ အဆင်ပြေလွယ်ကူစွာသွားလာနိုင်စေရန် ဗန္ဓုလသယ်ယူ ပို့ဆောင်ရေး အောက်ရှိ ပါရမီမြို့တွင်း ရီးသည်ပို့ဆောင်ရေးလုပ်ငန်း YBS လက်ရှိ ပြေးဆွဲပေးနေသည့် မော်တော်ယာဉ်များ၏ ၂ဝ ရာခိုင်နှုန်းကို ပြေးဆွဲပေးနိုင်ရန် စီစဉ်ထားကြောင်း ပါရမီမြို့တွင်း ခရီးသည် ပို့ဆောင်ရေးလုပ်ငန်း YBS ဒါရိုက်တာ ဦးမင်းနိုင်၏ ပြောဆိုချက်အရ သိရသည်။
-
အဆိုပါ ပါရမီမြို့တွင်းခရီးသည် ပို့ဆောင်ရေးလုပ်ငန်း YBS တွင် မော်တော်ယာဉ် စုစုပေါင်း ၃၆၂ စီးရှိပြီး ယာဉ်အားလုံးသည် City Bus များဖြစ်ကြသည်။ လက်ရှိတွင် YBS ၁၂၊ YBS ၁၃၊ YBS ၁၄၊ YBS ၂၅၊ YBS ၃ဝ၊ YBS ၃၈ နှင့် YBS ၅၅ ဟူ၍ ယာဉ်လိုင်းခုနစ်လိုင်းမှ ယာဉ်အစီးရေ ၃၁၄ စီးပြေးဆွဲ ပေးနေပြီး အရန်အဖြစ် ၄၈ စီးထားရှိကြောင်း၊ အဆိုပါယာဉ်လိုင်းများအနက် YBS ၁၃ နှင့် YBS ၅၅ သည် ယာဉ်စီးခငွေကျပ် ၁ဝဝ ပိုင်းဖြတ်လိုင်း ဖြစ်ပြီး အဲကွန်းများ တပ်ဆင်ရန် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျန်ယာဉ်လိုင်းငါးလိုင်းသည် ငွေကျပ် ၂ဝဝ ပုံသေလိုင်း အဲကွန်းဘတ်စ်များ ဖြစ်ကြောင်း သိရသည်။
-
''ကျွန်တော်တို့ မနှစ်ကသင်္ကြန်မှာ ၃ဝ ရာခိုင်နှုန်း ပြေးဆွဲပေးပါတယ်။ ဒီနှစ်မှာ ၁ဝ ရာခိုင်နှုန်း လျှော့ပြီး ၂ဝ ရာခိုင်နှုန်းပဲ ပြေးဆွဲဖို့ စီမံထားပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ယာဉ်သွားတဲ့လမ်းကြောင်းတွေပေါ်မှာ ဒီနှစ်ဆိုရင်လမ်းလျှောက်သင်္ကြန်လည်းပါလာတယ်။ မဏ္ဍပ်တွေရောလမ်းလျှောက်သင်္ကြန်ပါ ပါလာတဲ့အတွက် ယာဉ်လမ်းကြောင်း ပြောင်းပြီးတော့ ကြိုးစား ပြေးဆွဲပေးမှာပါ။အကယ်၍ အဲဒါမှအဆင်မပြေဘူးဆိုရင် မနှစ်ကလိုပဲ နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ပြေးဆွဲပေးမယ်။ နေ့လယ်ပိုင်းက သူတို့ပျော်ရွှင်နေတဲ့ အချိန်ဆိုတော့ ကျွန်တော်တို့ လုပ်ပေးနိုင်မယ့် အနေအထားမရှိဘူး။ လောလောဆယ် ကျွန်တော်တို့ လျာထားတာ ၂ဝ ရာခိုင်နှုန်းဆိုတော့ အကြမ်းဖျင်း တွက်မယ်ဆိုရင် ယာဉ်လိုင်း တစ်လိုင်းကို ငါးစီးကနေ ၁ဝ စီးကြား ပြေးဆွဲဖို့ ရည်ရွယ်ထားပါတယ်။ လက်ရှိအနေအထားမှာမဏ္ဍပ်တွေလည်း မဆောက်သေးတော့ မသိရသေးဘူး။မဏ္ဍပ်ရဲ့အရွယ်အစားပေါ်မူတည်ပြီး ကျွန်တော်တို့လမ်းကြောင်းပြောင်းရမယ့် အနေအထားလေးတွေတော့ ရှိပါတယ်'' ဟု ဦးမင်းနိုင်က ပြောသည်။
-
ပါရမီမြို့တွင်း ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း YBS တွင်ပါဝင်သည့် YBS ၁၂ သည် မြောက်ဒဂုံ ၅ဝ ကွေ့မှ ဆူးလေဘုရားအထိလည်းကောင်း၊ YBS ၂၅ သည် ဒဂုံတက္ကသိုလ်မှ ဘိုကလေးဈေးအထိလည်းကောင်း၊ YBS ၃ဝ သည် ဒဂုံတက္ကသိုလ်မှ သခင်မြပန်းခြံအထိလည်းကောင်း၊ YBS ၁၃ သည် ပါရမီကားဝင်းမှ ဗိုလ်တထောင်ဘုရား အထိလည်းကောင်း၊ YBS ၁၄ သည် ပါရမီကားဝင်းမှသခင်မြပန်းခြံအထိ လည်းကောင်း၊ YBS ၃၈ သည် ပါရမီကားဝင်းမှ သီရိမင်္ဂလာဈေးသစ်အထိ လည်းကောင်း၊ YBS ၅၅ သည် ပါရမီကားဝင်းမှ သခင်မြ ပန်းခြံအထိ လည်းကောင်းအသီးသီး ပြေးဆွဲပေးလျက်ရှိပြီး ယာဉ်များအားလုံးတွင် YBO မှ တပ်ဆင်ထားသည့် Tele Matic System အပြင် CCTV လေးလုံးနှင့် GPS တစ်ခုတို့ကိုလည်း ဌာနမှ တပ်ဆင်ထားကာ ခရီးသည် လုံခြုံရေးနှင့် စည်းကမ်းမလိုက်နာသည့် ယာဉ်မောင်းများအား ကြီးကြပ်ထိန်းချုပ်ပေးလျက်ရှိကြောင်း သိရသည်။
-
ပါရမီမြို့တွင်း ခရီးသည် ပို့ဆောင်ရေးလုပ်ငန်း YBS ယာဉ်လိုင်း အများစုသည် တက္ကသိုလ်ကျောင်းကို အခြေပြုထားသည့် ယာဉ်လိုင်းများ ဖြစ်သည့်အတွက်ယာဉ်ပေါ်တွင် ကျောင်းနှင့်ပတ်သက်သည့် ပစ္စည်းများရံဖန်ရံခါ တွေ့ရှိရကြောင်း၊ ယင်းကျန်ရှိပစ္စည်းများအား ယာဉ်မှူးများ တွေ့ရှိပါက ပြန်လည်ပေးအပ်ပြီး ယာဉ်ပေါ်တွင် ကျန်ရှိခြင်းမရှိဘဲ ပျောက်ဆုံးသူများအတွက်လည်း CCTV မှတ်တမ်းများ ကြည့်ရှုလိုပါကပါရမီယာဉ်ဝင်း အတွင်းရှိ သက်ဆိုင်ရာဌာနသို့ သွားရောက်ကြည့်ရှုနိုင်ရန် ဝန်ဆောင်မှု တစ်ရပ်အနေဖြင့် ဆောင်ရွက် ပေးထားကြောင်းသိရသည်။ 
-
ဝန်းရံခ
-
#မြ၀တီနေ့စဉ်သတင်းစာ

မုံရွာ၊ ရေကြောင်း သွားလာရေး ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် ခရီးစဉ်ပြေးဆွဲသည့် ရေယာဉ်များ သင်္ကြန်ကာလအတွင်း ရပ်နားမည်

မုံရွာ၊ ရေကြောင်း သွားလာရေး ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် ခရီးစဉ်ပြေးဆွဲသည့် ရေယာဉ်များ သင်္ကြန်ကာလအတွင်း ရပ်နားမည်
-
ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် ပြေးဆွဲသည့် ရေယာဉ်များကို သင်္ကြန်ကာလအတွင်း ခရီးစဉ်ပြေးဆွဲခြင်း ခေတ္တရပ်နားမည်ဖြစ်ကြောင်း မုံရွာမြို့ ရေယာဉ်များ စည်းကမ်း  ထိန်းသိမ်းရေးနှင့်  ကြီးကြပ်ရေး ကော်မတီမှ သိရသည်။ 
-
ရေယာဉ်ခရီးစဉ် သင်္ကြန်ကာလအတွင်း ပြေးဆွဲမှုရပ်နားခြင်းသည် ပြေးဆွဲသူများအနားယူစေရန်နှင့် လိုက်ပါမည့် ခရီးသည်များ နည်းပါးမည်ဖြစ်သည့်အတွက်ရပ်နားခြင်းဖြစ်သည်။ ''သင်္ကြန်တွင်းကတော့ ကျွန်တော်တို့ ရေယာဉ်အားလုံး ရပ်နားမှာဖြစ်ပါတယ်။ ရေယာဉ်လုပ်သားတွေကလည်း သင်္ကြန်ကာလ အိမ်မှာနားချင်တဲ့ သူတွေရှိတယ်။ ခရီးသည်လိုက်ပါမှုကလည်း ဒီကာလအတွင်း နည်းပါးမှာဖြစ်တဲ့ အတွက်အခုလိုခရီးစဉ်တွေ ရပ်နားတာပါ''ဟု မုံရွာမြို့ ရေယာဉ်များစည်းကမ်းထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင် ဦးသောင်းညွန့်က ပြောသည်။ 
-
ခရီးစဉ်များကို သင်္ကြန်အကြို ဧပြီ ၁၃ ရက်မှ နှစ်ဆန်း ၁ ရက်နေ့ဖြစ်သည့် ဧပြီ ၁၇ ရက်အထိ ရပ်နားမည်ဖြစ်ပြီး ရေယာဉ်နှင့် သက်ဆိုင်သည့် ရုံးများလည်း အဆိုပါကာလအတွင်း ပိတ်နားထားမည်ဖြစ်သည်။ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် ပြေးဆွဲနေသည့် ရေယာဉ်များသည် ချင်းတွင်းမြစ် အထက်ပိုင်းဖြစ်သည့် ကနီ၊ မင်းကင်း၊ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီး စသည့် ခရီးစဉ်များ ပြေးဆွဲကြခြင်းဖြစ်သည်။ 
-
အဆိုပါခရီးစဉ်တစ်ကြော ကျယ်ကျယ်ပြန့်ပြန့် ပြေးဆွဲနေသည့် မုံရွာမြို့၌ ခရီးသည် အမြန်ရေယာဉ် အသင်း ၁၁ သင်းရှိပြီး ရေယာဉ်အစင်းရေ ၁ဝဝ ကျော် ရှိကြောင်းသိရသည်။ 
-
#မြ၀တီနေ့စဉ်သတင်းစာ

မြန်မာ့ပင်လယ်ပြင် ငါးဖမ်းခွင့် သုံးလပိတ်မည့်အစား နှစ်လအထိ ဖြေလျှော့ပေးရန် လုပ်ငန်းရှင်များ တောင်းဆို

မြန်မာ့ပင်လယ်ပြင် ငါးဖမ်းခွင့် သုံးလပိတ်မည့်အစား နှစ်လအထိ ဖြေလျှော့ပေးရန် လုပ်ငန်းရှင်များ တောင်းဆို
-
ယခုနှစ် မေလမှစ၍ မြန်မာ့ပင်လယ်ပြင်၌ ငါးဖမ်းခွင့်သုံးလပိတ်မည့်အစားနှစ်လအထိ ဖြေလျှော့ပေးရန် ငါးမွေးမြူရေးလုပ်ငန်းရှင်များက တောင်းဆိုနေကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်၏ ပြောဆိုချက်အရသိရသည်။ ''မြန်မာ့ပင်လယ်ပြင်မှာ ဘယ်သူမှ ငါးဖမ်းခွင့်မရှိဘူး။ တင်ပြချက် အကြောင်းအမျိုးမျိုးကြောင့် ဖြေလျှော့ပေးခဲ့တယ်။ ၂ဝ၁၈ ခုနှစ်က ၂ဝ ရာခိုင်နှုန်းဖမ်းခွင့်ပြုခဲ့ပြီး ဒီနှစ်မှာတော့ လုံးဝဖြေလျှော့ခွင့် မပြုတော့ဘူး'' ဟု ဦးဝင်းကြိုင်က ပြောသည်။ 
-
နေပြည်တော်၌ မတ် ၂၂ ရက်တွင် ငါးမဖမ်းရရာသီနှင့် ငါးလုပ်ငန်းဆိုင်ရာ စီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ရန် စုံညီအစည်းအဝေး ပြုလုပ်ခဲ့ပြီး ပင်လယ်ပြင်အတွင်း လုံးဝငါးမဖမ်းရ ရာသီကိုစတင်မည်ဖြစ်ကြောင်း သိရသည်။ 
-
ထို့ကြောင့် ပင်လယ်ငါးဖမ်း လုပ်ငန်းများရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ ဒေသခံ လုပ်ငန်းရှင်များက ခရိုင်အလိုက် တွေ့ဆုံဆွေးနွေးခဲ့ပြီး ရရှိလာသည့် ရလဒ်များကို အဆိုပါ ဆွေးနွေးပွဲသို့တင်ပြခဲ့ကြောင်း၊ ပင်လယ်ပြင်အတွင်း ငါးမဖမ်းရ ရာသီသတ်မှတ်ခြင်းကို လုပ်ငန်းရှင်များက မကန့်ကွက်သော်လည်း ပိတ်ရန် သတ်မှတ်သည့် အချိန်ကို သုံးလအစားနှစ်လသို့ လျှော့ချပေးရန် တောင်းဆိုမှုများရှိနေကြောင်း သိရသည်။ 
-
ထိုသို့ တောင်းဆိုမှုများကို သက်ဆိုင်ရာသို့ တင်ပြမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ပြည်ထောင်စု အစိုးရထံ ဆက်လက် တင်ပြမည် ဖြစ်ကြောင်း သိရသည်။ မြန်မာ့ပင်လယ်ပြင်၌ ငါးမဖမ်းရရာသီ၊ ငါးမဖမ်းရဧရိယာသတ်မှတ်ခြင်းကို မေ ၁၅ ရက်မှ သြဂုတ် ၁၅ ရက်အထိ သတ်မှတ်ပြီး ငါးဖမ်းဆီးခွင့်ကိုလည်း သုညအထိထားမည် ဖြစ်ကြောင်း သိရသည်။ 
-
ဆုလာဘ်
-
#မြ၀တီနေ့စဉ်သတင်းစာ

ရွှေစီမံကိန်းအဆင့် (၃)အတွက် ရှင်းလင်းခြင်းနှင့် ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ လူထုတွေ့ဆုံပွဲ ကျင်းပ

ရွှေစီမံကိန်းအဆင့် (၃)အတွက် ရှင်းလင်းခြင်းနှင့် ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ လူထုတွေ့ဆုံပွဲ ကျင်းပ
-
ရွှေစီမံကိန်း အဆင့်(၃)အတွက် ရှင်းလင်းခြင်းနှင့် ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ လူထုတွေ့ဆုံပွဲကို ဧပြီ ၁ ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ကျောက်ဖြူ ဟိုတယ်၌ ကျင်းပသည်။ 
-
ရှေးဦးစွာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ မန်နေဂျာ ဦးနေအောင်က မိတ်ဆက်စကား ပြောကြားပြီး  POSCO International Corporation မှ CSR Coor-dinator မှ CSR Coor-dinator ဦးမြင့်သူက  စီးပွားရေးနယ်ပယ် များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီမံကိန်းအစီအစဉ်များ အကြောင်း၊ ရခိုင်ကမ်းလွန်ပင်လယ်ပြင်မှ ရွှေ၊ ရွှေဖြူ၊ မြ၊ သဘာဝဓာတ်ငွေ့များရှာဖွေတွေ့ရှိမှု၊ ဖြန့်ဖြူးရောင်းချသုံးစွဲနေမှု အခြေအနေများ၊  ရွှေစီမံကိန်းအဆင့်(၃) ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း လုပ်ဆောင်ချက်များကို ရှင်းလင်းပြောကြားသည်။ 
-
ဆက်လက်၍ ERM Co.,Ltd.မှ Senior Consultant ဦးသပြေမျိုးဦးကပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ ရှင်းလင်းရာတွင် ERMသည် ပတ်ဝန်းကျင်ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာလုပ်ငန်းများတွင်အကြံပေးအဖြစ် ဆောင်ရွက်နေသောကုမ္ပဏီဖြစ်ပြီး နိုင်ငံပေါင်း ၄ဝ ကျော်တွင် ဖွင့်လှစ်ထားရှိပြီး ဖြစ်ကာ ရန်ကုန်မြို့တွင် ပြည်တွင်းပြည်ပ ပညာရှင်များဖြင့် ရုံးခန်းဖွင့်လှစ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ငန်းစဉ်များ၊ သက်ရောက်မှု ဆန်းစစ်ခြင်း၊ ဇီဝသက်ရှိဝန်းကျင်နှင့် ရုပ်အခြေအနေများ၊ အဏ္ဏဝါနို့တိုက်သတ္တဝါများ နေထိုင်ရာဒေသနှင့်လိပ်များအသိုက်ဖွဲ့ရာကမ်းခြေများ၊ ရွှေလုပ်ကွက်တွင်းတူးစင်မှ အဏ္ဏဝါမျိုးစိတ်များ တွေ့ရှိမှုနှင့် အခြေခံသတင်းအချက်အလက်များ စုဆောင်းခြင်းများကို  ရှင်းလင်းပြောကြားသည်။ 
-
ထို့နောက် တက်ရောက်လာသူများက ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်လာလျှင် ပြန်လည်ကုသရန် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများ၊ လူမှုပတ်ဝန်းကျင် ထိခိုက်မှုနှင့်သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများအကြောင်း၊ ဒေသဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ရေနံဈေးနှုန်း တွက်ချက်မှု အခြေအနေများ၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများအတွက် ဆောင်ရွက်ပေးနေမှုများ၊ ပြည်သူများ သိရှိအောင်သတင်းထုတ်ပြန်မှုများအား မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။ 
-
တွေ့ဆုံပွဲသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် လူမှုရေးအသင်း အဖွဲ့များမှကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ဆက်သွယ်ထားသည့် ပလက်ဝ-မီဇိုရမ် နှစ်လမ်းသွား ကားလမ်း ဖောက်လုပ်နေသော ဆုထူးစံကုမ္ပဏီမှ ၀န်ထမ်းများအား AA အကြမ်းဖက် သောင်းကျန်းသူများက ဖမ်းဆီး

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ဆက်သွယ်ထားသည့် ပလက်ဝ-မီဇိုရမ် နှစ်လမ်းသွား ကားလမ်း ဖောက်လုပ်နေသော ဆုထူးစံကုမ္ပဏီမှ ၀န်ထမ်းများအား AA အကြမ်းဖက် သောင်းကျန်းသူများက ဖမ်းဆီး
-
နေပြည်တော်၊ ဧပြီ - ၂  
-
မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ဆက်သွယ်ထားသည့် ပလက်ဝ-မီဇိုရမ် နှစ်လမ်းသွား ကားလမ်းအား ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကတ်ကူဝကျေးရွာအနီးအထိ တာဝန်ယူလမ်းဖောက်လုပ် ဆောင်ရွက်လျက်ရှိသည့်ဆုထူးစံ ကုမ္ပဏီ မှ ၀န်ထမ်း ၈ ဦးအား မတ် ၃၀ ရက်တွင် AA အကြမ်းဖက်သောင်းကျန်းသူများက  အတင်း အဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရသည်။
-
 ဖြစ်စဉ်မှာ အဆိုပါကုမ္ပဏီမှ ၀န်ထမ်းများသည် ပလက်ဝမြို့နယ်၊ တွင်းကင်းအလောင်းကျေးရွာ၌ အခြေပြု၍ လမ်းလုပ်ငန်း ဆောင်ရွက်လျက်ရှိစဉ် မတ် ၃၀ ရက်တွင် AA အကြမ်းဖက်သောင်းကျန်းသူ ၁၇၀ ဦးခန့် ရောက်ရှိလာပြီး ဦးလှမျိုးအောင်၊ ဦးကျော်ထွန်း၊ ဦးစောကိုကိုနိုင်၊ ဦးပေါ်ကြီး၊ ဦးသိန်းဇော်၊ ဦးသိန်ဟန်၊ ဦးထွန်းအောင်ကျော်၊ ဦးဇော်မျိုးသူ၊ ဦးဝေဖြိုး၊ ဒေါ်နုချေ၊ ဦးဖိုးကျော်၊ ဒေါ်မိုးမိုးမြင့်၊ ဦးဇော်ဝင်းကိုတို့ ၁၃ ဦး ကို ဖမ်းဆီးချုပ်နှောင်ထားကာ လမ်းဖောက်လုပ် ဆောင်ရွက်နေမှုအား နှောက်ယှက်ခဲ့ကြောင်း သိရှိသည်။
-
အဆိုပါ ပလက်ဝ-မီဇိုရမ်လမ်းပိုင်းသည် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ဆက်သွယ်ထားသည့်လမ်းပိုင်းဖြစ်ကာ လမ်း ဖောက်လုပ်ပြီးစီးပါကနှစ်နိုင်ငံလမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီး ဒေသဖွံ့ဖြိုးလာမည်ဖြစ်သည်။ ၎င်း လမ်းပိုင်းပေါ်တွင်လည်း ပလက်ဝတံတား စီမံကိန်းဆောင်ရွက်လျက်ရှိပြီး ၎င်းတံတားစီမံကိန်းအတွက် အသုံးပြုရန် လိုအပ်သော ပစ္စည်းကိရိယာများ တင်ဆောင်လာသည့် သင်္ဘောအား မတ် ၁၆ ရက် နံနက်ပိုင်းတွင် AA အကြမ်းဖက်သောင်းကျန်းသူများကလက်နက်ငယ်များနှင့်ပစ်ခတ်၍ ရေယာဉ်ဝန်ထမ်းများအား ကမ်းပေါ်သို့ ခေါ်ဆောင်ကာ ရေယာဉ်ကို မီးရှို့ဖျက်ဆီးခဲ့သည်။
-
အဆိုပါဖမ်းဆီးခံရသူ ၁၃ ဦးအနက် ပလက်ဝမြို့နယ်၊ ယီးလာဝကျေးရွာနေ ဦးဝေဖြိုးနှင့် ၎င်း၏ဇနီး ဒေါ်နုချေ၊ မော်လမြိုင်မြို့နေ ဦးဖိုးကျော်နှင့် ၎င်း၏ဇနီး ဒေါ်မိုးမိုးမြင့်နှင့် မော်လမြိုင်မြို့နေ ဦးဇော်ဝင်းကိုတို့ ၅ ဦးမှာ ပလက်ဝမြို့သို့ ဧပြီ ၁ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ပြန်လည်လွတ်မြောက် ရောက်ရှိလာခဲ့ကြပြီး ၎င်းတို့အား မေးမြန်းချက်အရ မတ် ၃၀ ရက် မွန်းလွဲ ၃ နာရီခန့်တွင် AAအကြမ်းဖက် သောင်းကျန်းသူအဖွဲ့ရောက်ရှိလာကာ ကုမ္ပဏီပိုင် ဟိုက်လတ် အဖြူရောင် ကား ၁ စီး၊ မြေကော်စက် ၁ စီးနှင့် ဆိုင်ကယ် ၃ စီးတို့အား မီးရှို့ဖျက်ဆီးခဲ့ပြီး ၎င်းတို့အား ဖမ်းဆီးချုပ်နှောင်ထားခဲ့ ကြောင်း၊ ဧပြီ ၁ ရက်တွင် ၎င်းတို့ ၅ ဦးအား ပြန်လည်လွှတ်ပေးခဲ့ပြီး ကျန် ၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။
-
အလားတူ ပလက်ဝမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ ကင်းတလင်းနှင့် ခမောင်းဝ ကျေးရွာတို့မှ မူလတန်း ကျောင်းသား၊ ကျောင်းသူ ၃၈ဦးအပါအ၀င်ရခိုင်တိုင်းရင်းသားများနှင့်အခြားတိုင်းရင်းသားစုစုပေါင်း ၂၀၀ ခန့်အား AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့က ဖေဖော်ဝါရီ ၃ ရက်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ အတင်း အဓမ္မလူသစ် စုဆောင်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။  
-
AA အကြမ်းဖက်သောင်းကျန်းသူများသည် ဒေသဖွံ့ဖြိုးရေး ပျက်ပြားစေရန် အရပ်ဘက်ပစ်မှတ်များအပေါ် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက် ခြိမ်းခြောက်ကာ အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန်နှင့် ဒေသတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်လက်နက်အားကိုးဖြင့် အဖျက်အမှောင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိ ပြီး ဒေသခံပြည်သူလူထုကိုလည်း ခြိမ်းခြောက်အကြပ်ကိုင် အတင်းအဓမ္မလူသစ်စုဆောင်းလျက်ရှိသည်။ ဖြစ်စဉ်ဖြစ်ပွားရာနေရာနှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, April 2, 2019

ချင်းပြည်နယ်၌ အမျိုးသားဥယျာဉ် ငါးခု အကောင်အထည်ဖော် ဆောင်ရွက်မည်

ချင်းပြည်နယ်၌ အမျိုးသားဥယျာဉ် ငါးခု အကောင်အထည်ဖော် ဆောင်ရွက်မည်
-
ချင်းပြည်နယ်၏ သစ်တောနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးကို ရည်ရွယ်၍ အမျိုးသား ဥယျာဉ်ငါးခုကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ချင်းပြည်နယ်အစိုးရကစီစဉ်ထားရှိကြောင်းချင်းပြည်နယ် အစိုးရ အဖွဲ့ဝင် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာနမှ သိရသည်။
-
ချင်းပြည်နယ်အတွင်းရှိ သစ်တောများ ထိန်းသိမ်းရေးဟူသော ရည်ရွယ်ချက်ဖြင့် အမျိုးသား ဥယျာဉ်များကို လေသာတောင်(ခေါ်) ကနေဒီတောင်၊ ဇိန်မှုတောင်၊ ကျီရီယာန်းတောင်၊ ဘွေပါတောင်နှင့် မီဧပီတောင်စသည့်နေရာ ငါးနေရာအား ၂ဝ၁၉ ခုနှစ်နှင့် ၂ဝ၂ဝပြည့်နှစ်များအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့်သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်း ထားနိုင်သကဲ့သို့ ခရီးသွား လုပ်ငန်း၌လည်း ပိုမိုအောင်မြင် လာနိုင်ကြောင်း ချင်းပြည်နယ် အစိုးရ အဖွဲ့ဝင် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်ထံမှသိရသည်။
-
ထို့ပြင် ကျေးလက်နေ ပြည်သူများ အနေဖြင့် ထင်းမီး အသုံးပြုမှုကို လျှော့ချလာစေရေးအတွက် လျှပ်စစ်မီးများကိုလည်း မြို့နယ်တိုင်းတွင် မဟာဓာတ်အားလိုင်း မှတစ်ဆင့် ထုတ်လွှတ်ပေးနိုင်ရန် စီစဉ်ထားပြီးမဟာဓာတ်အားလိုင်း မရောက်ရှိနိုင်သည့် နေရာဒေသများကိုလည်း ရေအားလျှပ်စစ်များ ဖော်ဆောင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
-
ထယ်လ်ဏ
-
#မြ၀တီနေ့စဉ်သတင်းစာ

သင်္ကြန်ကာလတွင် ရန်ကုန်မြို့၌ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှု ပြုလုပ်ရန် စီစဉ်

သင်္ကြန်ကာလတွင် ရန်ကုန်မြို့၌ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှု ပြုလုပ်ရန် စီစဉ်
-
သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့၌ ဧပြီ ၂ ရက်မှ ၆ ရက်အထိ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု အစီအစဉ်ပြုလုပ်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး အဖွဲ့(MORS) ဒုတိယဥက္ကဋ္ဌ ပါမောက္ခဒေါက်တာနေစိုးမောင်၏ ပြောဆိုချက်အရ သိရသည်။ 
-
အဆိုပါ အစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှု၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ Fukuoka မြို့၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ( JICA)တို့၏ ပံ့ပိုးကူညီမှုဖြင့် မန်မာနိုင်ငံ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး အဖွဲ့မှဦးစီး၍ SAT Japan Road Service Co.,Ltd.၏ စည်းရုံးမှု၊ မြန်မာနှင့်နိုင်ငံခြားကုမ္ပဏီ အဖွဲ့အစည်းများ၏ အထောက်အပံ့တို့ဖြင့် စီစဉ်ခြင်း ဖြစ်သည်။ 
-
ထိုလှုပ်ရှားမှု ရက်သတ္တပတ် ကာလအတွင်း လူစည်ကားရာ နေရာများ၌ စေတနာ့ဝန်ထမ်း အဖွဲ့များက တစ်ရက်လျှင် နေရာငါးနေရာဖြင့် တစ်နေရာလျှင် ပညာပေးလက်ကမ်းစာစောင် ၆ဝဝ နှုန်း ဖြန့်ဝေမည်ဖြစ်ပြီး လူစည်ကားသည့် နေရာပေါင်း ၃ဝ ခန့်တွင် ပညာပေးနိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ သင်္ကြန်ကာလအတွင်း သွားလာသူများ အနေဖြင့် လူကူးမျဉ်းကျားများ၊ လူကူးခုံးကျော် တံတားများမှစည်းကမ်းတကျ သွားလာကြရန် အသိပညာပေးမှု များကိုလည်းကောင်း၊ ယာဉ်မောင်းနှင်သူ များအနေဖြင့်လည်း အရှိန်ပြင်းပြင်း မောင်းနှင်မှုမျိုး မပြုလုပ်ရန်နှင့် လူကူးမျဉ်းကျားများတွင် လမ်းကူးသူများ ရှိပါကစနစ်တကျ ရပ်တန့်ပြီး မောင်းနှင်သွားလာကြရန် အသိပညာပေးမည် ဖြစ်ကြောင်း သိရသည်။ 
-
ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်း၌ ဧပြီ ၁ ရက်က ကျင်းပပြီးယင်းအခမ်းအနားတွင် မတ်လအတွင်း ပြုလုပ်ခဲ့သည့် ယာဉ်လမ်းအန္တရာယ် ကင်းဝေးရေး ကာတွန်းနှင့် ပန်းချီပြိုင်ပွဲ တို့တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော အထက်တန်းအဆင့် ၃ဝ ဦး၊ အလယ်တန်းအဆင့် ၅ဝ ဦး၊ မူလတန်း အဆင့် ၅၅ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၃၅ ဦးတို့အနက် ကာတွန်းပြိုင်ပွဲတွင် အထက်တန်းအဆင့် ခြောက်ဦး၊ အလယ်တန်းအဆင့် ခြောက်ဦး၊ မူလတန်းအဆင့် ခြောက်ဦးတို့ကိုလည်းကောင်း၊ ပန်းချီပြိုင်ပွဲတွင် အထက်တန်းအဆင့် လေးဦး၊ အလယ်တန်းအဆင့် ခြောက်ဦး၊ မူလတန်းအဆင့် ခြောက်ဦးတို့ကို လည်းကောင်း ဆုများ ချီးမြှင့်ကြောင်း သိရသည်။ 
-
ထက်ခိုင်(စမ်းချောင်း)
-
#မြ၀တီနေ့စဉ်သတင်းစာ

တန်ခူးလအတွက် သင်္ကြန်ပွဲနှင့် ပိတောက်ပန်း၊ကံ့ကော်ပန်းပါ ၂ဝဝ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် ရောင်းချပေးမည်

တန်ခူးလအတွက် သင်္ကြန်ပွဲနှင့် ပိတောက်ပန်း၊ကံ့ကော်ပန်းပါ ၂ဝဝ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် ရောင်းချပေးမည်
-
နေပြည်တော်  ဧပြီ  ၁ 
-
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ ၁၂ လရာသီ ပွဲတော်များနှင့်ပန်းများ အထိမ်းအမှတ် တန်ခူးလအတွက် သင်္ကြန်ပွဲနှင့် ပိတောက်ပန်း၊ ကံ့ကော်ပန်းပါ ၂ဝဝ ကျပ်တန်အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် တစ်မျိုးကို ၂ဝ၁၉ ခုနှစ် ဧပြီ ၅ ရက် (မြန်မာသက္ကရာဇ် ၁၃၈ဝ ပြည့်နှစ် တန်ခူးလဆန်း ၁ ရက်) သောကြာနေ့ နံနက် ၉ နာရီခွဲမှစတင်၍ တိုင်းဒေသကြီး/ပြည်နယ်များရှိ လုပ်ငန်းပြည့် စာတိုက်အသီးသီးတွင် ရောင်းချပေးသွားမည်ဖြစ်သည်။ 
-
အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ဧပြီ ၅ ရက်၌ ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့ စာအိတ်(firstday cover)ပေါ်တွင် နေ့စွဲ အမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည် ဖြစ်ကြောင်း သိရသည်။ 
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger